နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေဖို့ရာ ပညာရေးကို အားပေးပါ
Posted_Date
Image
Body
ပညာရေးသည် တစ်ဦးချင်းတိုးတက်မှုနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ဆန်းသစ်တီထွင်မှုကို မြှင့်တင်ပေး၍ ပိုမိုမျှတပြီး သာယာဝပြောသောကမ္ဘာကို တည်ဆောက်နိုင်သည်။
ပညာရေး၏ အရေးပါမှုသည် ဘဝ၏ကဏ္ဍ အသီးသီးကို လွှမ်းခြုံထားပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းဆောင်မှုမှသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအထိ အရေးပါသည်။
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအကျိုးပြုသဖြင့် နိုင်ငံများစွာသည် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကြီးစွာ ပြုလုပ်ကြသည်။ နိုင်ငံတစ်နိုင်ငံအတွက် ရေရှည်နှင့်တန်ဖိုးအရှိဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးသည်။ ပညာရေးကို အားပေးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို အမှန်တကယ်တည်ဆောက်နိုင်သည်။ ပညာတတ်လူ့အဖွဲ့အစည်း တစ်ခုသည် ဆန်းသစ်တီထွင်မှုများကို ဖန်တီးနိုင်ပြီး စီးပွားရေးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်သည်။ ပညာရေးသည် ဆင်းရဲမှုကို တိုက်ဖျက်နိုင်သည့် အစွမ်းထက်သော လက်နက်တစ်ခုဖြစ်ပြီး လူမှုဘဝ အဆင့်အတန်းကိုလည်း မြှင့်တင်ပေးသည်။
နိုင်ငံတော်တိုးတက်ရေး အတွက် အခြေခံအုတ်မြစ်
နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက်ပါ အရေးပါဆုံးသော အုတ်မြစ်တစ်ခုဖြစ်သည်။ ပညာရေးသည် လူသားတစ်ဦးကို မှန်ကန်သော အတွေးအခေါ်၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်တရားတို့ဖြင့် ပြည့်စုံစေပြီး ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်သည်။ ပညာရေးသည် ရပ်တန့်၍ရသောအရာမဟုတ် လူတို့၏အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုနှင့် သဘောထားအယူအဆ၊ အမြင်တို့ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည့်ဖြစ်စဉ် တစ်ခုဖြစ်သဖြင့် လူငယ်များသည် မိမိတို့၏ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကိုဆည်းပူးလေ့လာရန် လိုအပ်သည်။ ယနေ့ခေတ်တွင် ပညာရေးသည် ပုံသေသင်ကြားနည်းများမှသည် နည်းပညာအခြေပြု သင်ကြားနည်းများဆီသို့ တိုးတက်ပြောင်းလဲလာသည်။ အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာများကြောင့် အွန်လိုင်းသင်တန်းများ၊ အဝေးသင်ပညာရေးစနစ်များ ပေါ်ပေါက်လာပြီး ပညာသင်ယူခွင့်ကို ပိုမိုကျယ်ပြန့်လာစေသည်။ ထို့ပြင် ပြောင်းလဲတိုးတက်လာသော ခေတ်နှင့်လျော်ညီစွာ ပညာရေးသည် ရိုးရာစာအံသင်ကြားမှုမှသည် ခေတ်၏လိုအပ်ချက်အရ ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် နည်းပညာအသုံးပြုနိုင်စွမ်း တို့ကို အလေးပေးသည့်စနစ်ဆီသို့ မလွဲမသွေပြောင်းလဲနေပြီဖြစ်သည်။ဘဝတစ်သက်တာ သင်ယူလေ့လာရေးသည် အသိပညာရှင်နှင့် အတတ်ပညာရှင်များအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်လာသည်။
မြန်မာ့ပညာရေးသမိုင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဘဝသစ်ဖန်တီးမှု ပညာရေးစီမံကိန်းကိုရေးဆွဲပြီး ၁၉၅၂ ခုနှစ်မှစ၍ လေးနှစ်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ လူထုပညာရေးစီမံကိန်းအရ အရေး၊ အဖတ်၊ အတွက် အခြေခံတတ်မြောက်ရေးအတွက် “အ” သုံးလုံး သင်တန်းများကိုလည်း ဖွင့်လှစ်လေ့ကျင့်ပေးခဲ့သည်။ ၁၉၆၂ ခုနှစ်မတိုင်မီ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ ဥပဒေ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ စိုက်ပျိုးရေး၊ လူမှုရေးသိပ္ပံ၊ သစ်တော စသည့်မဟာဌာနများကို တက္ကသိုလ်များတွင်ဖွဲ့စည်းပြီး အထူးပြုဘာသာရပ် သင်တန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။
၁၉၇၁ ခုနှစ်မှစ၍ ပညာရေးလေးနှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့သည်။ အခြေခံပညာကဏ္ဍတွင် ပညာရေးနှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံများကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ပညာရေးသုတေသနလုပ်ငန်းများ၊ ပညာရေးစစ်တမ်း ကောက်ယူလေ့လာမှု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-၁၉၆၅ ခုနှစ်မှစ၍ သက်ကြီးစာတတ်မြောက်ရေး “အ” သုံးလုံးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့သည်။
၂၀ဝ၀-၂၀ဝ၁ ဘဏ္ဍာနှစ်မှ ၂၀ဝ၃-၂၀ဝ၄ ဘဏ္ဍာနှစ်အထိ အမျိုးသားပညာရည်မြင့်မားရေး အထူးလေးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့သည်။ အမျိုးသားပညာရည်မြင့်မားရေးနှစ်(၃၀) နှစ်ရှည်စီမံကိန်းကို ၂၀ဝ၁-၂၀ဝ၂ ဘဏ္ဍာနှစ်မှ ၂၀၃၀-၃၀၃၁ ဘဏ္ဍာနှစ်အထိသတ်မှတ်၍ နှစ်တိုငါးနှစ်စီမံကိန်းကာလ ခြောက်ခုပိုင်းခြား၍ အကောင်အထည်ဖော်လျက်ရှိသည်။
ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်
ပညာရေး တိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်တွင် ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲသည် “နိုင်ငံတစ်ခုကို အဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများ ပေါများရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကိုရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုး ထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက် ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာ လိုအပ်လျက်ရှိနေဆဲ ဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်ကစီမံ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း”ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်တွင် အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန်မြင့်မားစေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ကို ၂၀၂၃ ခုနှစ် မေလ ၁၈ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ လည်းကောင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက မိန့်ခွန်းပြောကြားရာ၌ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ် နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဟူသည် စီးပွားရေး၊ နည်းပညာ သို့မဟုတ် အခြေခံအဆောက်အဦတို့တွင်သာမက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အခြေခံသည်။ ပညာရေးသည် ထိုအရင်းအမြစ်ကို မွေးထုတ်ပေးသော ဗဟိုချက်မဖြစ်သည်။ စနစ်ကောင်း် ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝသော၊ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော နိုင်ငံသားများကို မွေးထုတ်ပေးပြီး နိုင်ငံတော်အား စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ကျော်လွှားရန်၊ စီးပွားရေးပြိုင်ဆိုင်မှုများတွင် ရပ်တည်နိုင်ရန်နှင့် လူမှုအသိုက်အဝန်း သာယာဝပြောရန် စွမ်းအားပေးသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နိုင်ရန် နည်းပညာတတ်မြောက်သော၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း ရှိသော နိုင်ငံ့သားကောင်းများ လိုအပ်သည်။
သို့ဖြစ်၍ ပညာရေးကို ရင်းနှီးမြှုပ်နှံခြင်း၊ ဆရာများ၏ အဆင့်အတန်းမြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီပြင်ဆင်ခြင်းနှင့် ပညာသင်ယူမှုအခွင့်အလမ်းများ ညီမျှစွာဖြန့်ဝေခြင်းတို့သည် နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ နိုင်ငံသားတိုင်း၏ ပညာရေးအတွက် ဝိုင်းဝန်းအားပေးမှသာလျှင် ကျွန်ုပ်တို့၏ နိုင်ငံတော်သည် ပိုမိုဖွံ့ဖြိုးတိုးတက်သော၊ တရားမျှတပြီး ခိုင်မြဲသောအနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ပညာကိုအားပေးခြင်းသည် နိုင်ငံ၏အနာဂတ်ကို တည်ဆောက်ခြင်းပင်ဖြစ်ရာ အားလုံးလက်တွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ရာ ပညာရေးကို အားပေးကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
Photo Credit to OASIS
