နိုင်ငံတော်ဖွံ့ဖြိုးရေး ပညာရေးကိုအားပေးပါ
Posted_Date
Image
Body
ကမ္ဘာ့နိုင်ငံအတော်များများတွင် လူငယ်များကို မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးကာ အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးသည့်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားများဖြစ်လာသည်ကို တွေ့ရမည်ဖြစ်သည်။ လူငယ်များကို အရည်အသွေးမြင့်မားအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် အနာဂတ်တွင် နိုင်ငံအတွက် ကောင်းကျိုးဆုလာဘ်များ ရရှိနိုင်မည်မှာအမှန်ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရေမြေဒေသနှင့်ကိုက်ညီသော လူငယ်များပြုစုပျိုးထောင်ရေး အတွက် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ပညာရေး၏အခြေခံဖြစ်သော အခြေခံပညာကဏ္ဍတွင် သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူနိုင်မှု၊ စစ်ဆေးအကဲဖြတ်မှုနှင့်အခွင့်အလမ်းများ ရရှိရေးတို့ကို ဟန်ချက်ညီဆောင်ရွက် အကောင်အထည်ဖော်နေသည်။ အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို အဆင့်မြှင့်တင်ပြီး စနစ်သစ်သင်ကြားရေးဖြင့် သင်ကြားလေ့ကျင့်ကာ အကဲဖြတ်နည်းလမ်းများဖြင့် စနစ်တကျစစ်ဆေးအကဲဖြတ်ပြီး လူငယ်များအတွက် အခွင့်အလမ်းများ ရရှိလာအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို မူလတန်းမှ အထက်တန်းအထိ ပုံမှန်သင်ကြားခဲ့သည့် သင်ကြားရေးအပြင် နိုင်ငံ၏ရေခံမြေခံနှင့် လျော်ညီသည့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာများကို တွဲဖက်သင်ကြားနိုင်ရန် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်အထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြားခဲ့သည်။ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းပညာကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်သင်ကြားခဲ့ရာ ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးသင်အထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းအထိဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်သည်။ အဆိုပါအထက်တန်းကျောင်းများတွင် အထက်တန်းပညာနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ပြီး နိုင်ငံရေမြေနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။
နိုင်ငံတော်၏အနာဂတ်သည် လူငယ်များပင်ဖြစ်သည်။ လူငယ်များ၏ အနာဂတ်သည် ပညာရေးပင်ဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ချက်(၄)ရပ်ချမှတ်ခဲ့သည်။ ယင်းဦးတည်ချက်၏ တတိယအချက်တွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဟုသတ်မှတ်ကာ ပညာရေးကဏ္ဍ အဆင့်အတန်းမြင့်မားလာစေရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခင်က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှသာ စက်မှုကောလိပ်တက္ကသိုလ်များ၊ စိုက်ပျိုးရေးတက္ကသိုလ်များ၊ မွေးမြူရေးတက္ကသိုလ်များသို့ တက်ရောက်သင်ကြားနိုင်သည်။
ယခုအခါ အခြေခံပညာအလယ်တန်းဆင့် Grade -9 အောင်မြင်သူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်သင်ကြားခွင့်ပေးထားသည်။ ထိုသို့ သင်ယူခွင့်ပေးခြင်းဖြင့် ပုံမှန်အထက်တန်းပညာကို သင်ယူနိုင်သည့်အပြင် အသက်မွေးဝမ်းကျောင်းအတွက် များစွာ အသုံးဝင်သော စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနည်းပညာ၊ မွေးမြူရေးနည်းပညာများကို သင်ယူရရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့နှင့်သက်ဆိုင်သော အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိလုပ်ကိုင်နိုင်မည်ဖြစ်သည်။ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများသည် အောင်မြင်သော ဘာသာတွဲအလိုက် သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၊ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်များ၊ ကောလိပ်များတွင် ဆက်လက်ပညာသင်ကြားခွင့်ရရှိသည်။
စက်မှုနည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းပညာနှင့်အတူ စက်မှုနည်းပညာများဖြစ်သော အဆောက်အအုံနည်းပညာ၊လျှပ်စစ်နည်းပညာနှင့် စက်မှုအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာ ဘာသာရပ်များကို စာတွေ့လက်တွေ့သုံးနှစ်သင်ယူခွင့်ရရှိသည်။
စက်မှုနည်းပညာအထက်တန်းကျောင်းမှ Credit ဖြင့်အောင်မြင်သူများသည် BE အင်ဂျင်နီယာဘွဲ့ပေးအပ်မည့် ခြောက်နှစ်သင်နည်းပညာတက္ကသိုလ်နှင့် B.Tech နည်းပညာဘွဲ့ပေးအပ်မည့် လေးနှစ်သင်အစိုးရနည်းပညာကောလိပ်များသို့ ဆက်လက်တက်ရောက် သင်ကြားခွင့်ရရှိသည်။ စက်မှုနည်းပညာ အထက်တန်းကျောင်းမှ ရိုးရိုးအောင်မြင်သူများသည် သင်ကြားပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိပြီး ပြင်ပလုပ်ငန်းခွင်များ၊ ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးထားသည်။
ထို့အတူ စိုက်ပျိုးရေးအတတ်ပညာ အထက်တန်းကျောင်းများတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များနှင့် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့သုံးနှစ်သင်ကြားနိုင်ပြီး Credit ဖြင့် အောင်မြင်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှဖွင့်လှစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ပေးအပ်မည့် ငါးနှစ်သင်တန်းများကို တက်ရောက်ခွင့်ရရှိသည်။ အဆင့်မီ Qualified ဖြင့်အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားသော စိုက်ပျိုးရေးသိပ္ပံကျောင်းများတွင် သုံးနှစ်တက်ရောက်ကာ စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရရှိသည်။ ၎င်းသင်တန်းမှ ထူးချွန်စွာအောင်မြင်သူများကိုလည်း ငါးနှစ်သင်စိုက်ပျိုးရေး တက္ကသိုလ်၏ တတိယနှစ်(ပထမနှစ်ဝက်)မှစတင် တက်ရောက်ခွင့်ရသည်။ စိုက်ပျိုးရေးအတတ်ပညာ အထက်တန်းကျောင်းမှ ရိုးရိုးအောင်မြင်သူများသည်ပြီးမြောက်ကြောင်း အောင်လက်မှတ်ရရှိပြီး ၎င်းနှင့်သက်ဆိုင်သည့် အလုပ်အကိုင်နှင့် အခွင့်အလမ်းများရရှိသည်။
မွေးမြူရေးအတတ်ပညာ အထက်တန်းကျောင်းများတွင် သုံးနှစ်တက်ရောက်ပြီး Credit ဖြင့်အောင် မြင်သူများသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှဖွင့်လှစ်သည့် ခြောက်နှစ်သင်တိရစ္ဆာန် ဆေးပညာဘွဲ့နှင့် လေးနှစ်သင်မွေးမြူရေးပညာဘွဲ့ သင်တန်းများသို့ တက်ရောက်ခွင့်ရရှိသည်။ အဆင့်မီ Qualified ဖြင့်အောင်မြင်သူများသည် သုံးနှစ်သင်မွေးမြူရေး ဒီပလိုမာသင်တန်းများသို့ တက်ရောက်နိုင်သည်။ထိုသင်တန်းမှ ထူးချွန်စွာအောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်လေးနှစ် သင်တန်းသို့ တက်ရောက်သင်ကြားခွင့်ရရှိသည်။ ရိုးရိုးအောင်မြင်သူများသည် မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်ရရှိပြီး မွေးမြူရေးနှင့် သက်ဆိုင်သော အလုပ်အကိုင် အခွင့်အလမ်းများရရှိသည်။ ဤသို့ မြန်မာနိုင်ငံ၏ ရေမြေဒေသအခြေအနေနှင့်ဆီလျော်သော ပညာရေး အခွင့်အလမ်းများကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်ဆောင်ရွက်ပေးမှုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်ရသည့် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုရရှိလာမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်ဘက်စုံပညာ ထက်မြက်ထူးချွန်သော လူငယ်များလိုအပ်သဖြင့် နိုင်ငံတော် အစိုးရက ဘက်စုံပညာရည်ထူးချွန်သူများပြုစုပျိုးထောင်ရန် လူရည်ချွန်များကို မွေးထုတ်ပေးလျက်ရှိသည်။
အခြေခံပညာအလယ်တန်းဆင့် Grade - 9 နှင့် အခြေခံပညာအထက်တန်းဆင့် Grade -10၊ Grade -11၊ Grade -12 တို့မှ ဘက်စုံပညာထူးချွန်သူ လူရည်ချွန်များကို နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပြီး ၎င်းတို့ကို ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ဆောင်ပေးလျက်ရှိသည်။ တစ်ဖန်ပညာရပ်အလိုက် ထူးချွန်ထက်မြက်သူများကို နိုင်ငံခြားပညာတော်သင်ဝင်ခွင့် စာမေးပွဲများကျင်းပ၍ ရွေးချယ်စေလွှတ်သင်ကြားစေလျက်ရှိသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပညာပြီးဆုံးအောင် သင်ကြားနိုင်စေရန် အခမဲ့ပညာရေးစနစ်ကို အခြေခံပညာမူလတန်းမှ အထက်တန်း (တက္ကသိုလ်ဝင်တန်း)အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်က အခမဲ့ပေးအပ်သော ကျောင်းသုံးစာအုပ်များ၊ ဝတ်စုံများ၊ စာရေးကိရိယာများဖြင့် စိတ်အေးချမ်းသာ ပညာသင်ယူနိုင်ကြသည်။ ထို့ပြင် ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ပညာသင်ချီးမြှင့်ငွေများ ရွေးချယ်ပေးအပ်လျက်ရှိသည်။ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေးကိစ္စအဝဝကို အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရန် ကျောင်းအလိုက် ကျောင်းသားဦးရေအလိုက် ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုရန်ပုံငွေများကို ပညာသင်နှစ်တစ်နှစ်လျှင် နှစ်ကြိမ်ခွဲ၍ ပံ့ပိုးချီးမြှင့်ပေးလျက်ရှိသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော ပညာရေးကဏ္ဍ အဆင့်မြင့်မားရေးနှင့် လူငယ်များ၏ပညာရည်ပြည့်ဝရေး၊ ပညာရေးအခွင့်အလမ်းများ ရရှိရေးတို့အတွက် နိုင်ငံတော်အပိုင်းက ရင်းနှီးမြှုပ်နှံမှုများ၊အားပေးမြှင့်တင်မှုများပြုလုပ်လျက်ရှိရာ အခွင့်သာသည့်အလျောက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများကလည်း ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းကြိုးစားပေးကြရမည်ဖြစ်သည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ပြည်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပွဲတွင် “ပညာရေးနှင့်ပတ်သက်၍ “အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ်ပညာသည် လူတော်ဖြစ်စေ”ကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်းပညာရှိရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း”လမ်းညွှန်ပြောကြားခဲ့သည်။
ထို့ကြောင့် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင် ရန်အတွက်လည်း ပညာအရည်အချင်းပြည့်ဝသော၊ အသိအလိမ္မာပြည့်ဝ၍ နှလုံးလှသော၊ စည်းကမ်းရှိသော လူသားအရင်းအမြစ်များ လိုအပ်သည်ဖြစ်ရာ နိုင်ငံတော်အစိုးရ၏ အားပေးကူညီမှုများကို သိနားလည်လျက် အားလုံးတက်ညီလက်ညီပါဝင်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ကျွန်ုပ်တို့ရည်မျှော်မှန်းသော ပညာရေးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် အမှန်တကယ် တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။
MWD
