မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

Posted_Date

Image

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ

Body

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။  နှစ်သစ်ကူးအကြို ဒီဇင်ဘာလ ၃၁ ရက်နေ့ (New Year's Eve)ည ၁၂ နာရီ ထိုးခါနီးအချိန်တွင် တချို့လူငယ်များသည် (New Year Countdown)လုပ်ပြီး နှစ်သစ်ကိုကြိုဆိုကြသည်။ ည ၁၂ နာရီ ထိုးလျှင်ထိုးခြင်း (Happy New Year)ဟု သံပြိုင်အော်ကြသည်။ မိမိချစ်ခင်ရသူများ၊ ဆွေမျိုးများ၊ မိတ်ဆွေများထံသို့ “နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ ဆိုသော နှစ်သစ်ကူးနှုတ်ခွန်းဆက်စာ(New Year Message)များ  အပြန်အလှန်ပို့ကြသည်။ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ နှစ်သစ်ကို မင်္ဂလာရှိစွာကြိုဆိုနိုင်ရန်အတွက်  မင်္ဂလာရှိသော အလုပ် များကို လုပ်ဆောင်သွားရန် လိုအပ်သည်။ 

အနောက်နိုင်ငံများတွင်   ခရစ္စမတ်နေ့မှသည် နှစ်သစ်ကူးကာလအထိရုံးပိတ်ပေးထားသည်။ မိသားစုလိုက် အပန်းဖြေခရီးထွက်ကြသည်။ အပြန်အလှန်လက်ဆောင်များပေးကြသည်။ နှစ်သစ်ကူးသဝဏ်လွှာများပို့ကြသည်။ ထို့ပြင်  နှစ်သစ်ကူးကာလတွင် ကုန်တိုက်များ၌ ကုန်ပစ္စည်းများကို ဈေးချပေးထားသဖြင့် ဈေးဝယ်သူများနှင့် စည်ကားနေလေ့ရှိသည်။ အထူးသဖြင့် ပျော်ပွဲရွှင်ပွဲများ၊ ဂီတဖျော်ဖြေပွဲများပြုလုပ်ပေးထားခြင်းဖြစ်သည်။

နှစ်သစ်သန္နိဋ္ဌာန်ချမှတ်သင့်

ဆိုရလျှင် တချို့သောသူများသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် နှစ်သစ်ကိုကြိုဆိုရန်ဆိုသော ခေါင်းစဉ်အောက်၌  ဝိုင်းဖွဲ့စုရုံးကာ သောက်စား၊ ပျော်ပါးအချိန်ဖြုန်းလေ့ရှိကြသည်။ စင်စစ်အားဖြင့် ပြိုင်ဆိုင်မှုပြင်းထန်လှသော ခေတ်ကြီးတွင် အပျော်အပါးကိုသာမက်မောနေသူများသည် နောက်ကျကျန်ခဲ့မည် ဖြစ်သည်။ အထူးသဖြင့် နှစ်သစ်အတွက် ကိုယ်စီစိတ်ကူးအိပ်မက်တွေ ချမှတ်ထားဖို့လိုအပ်သည်။  နှစ်သစ်ကူးနေ့သည်  ပျော်ပွဲရွှင်ပွဲအတွက် သက်သက်မဟုတ်ပေ။ လာမည့်နှစ်သစ်အတွက် ခိုင်မာသောသန္နိဋ္ဌာန် (New Year's Resolution) ချမှတ်သွားရန်ဖြစ်သည်။ တချို့သောသူများသည် တစ်နှစ်ဆိုသောအချိန်သာ ကုန်ဆုံးသွားသော်လည်း မည်သည့်အရာကိုမျှ မယ်မယ်ရရ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ တိုင်းပြည်နှင့်လူမျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ သယ်ပိုးဆောင်ရွက်ခဲ့ခြင်းမရှိကြပေ။

လူသစ် စိတ်သစ် အတွေးအခေါ်သစ်များဖြင့်ကြိုးပမ်းအချိန်ကုန်ဆုံးမှုသည် မြန်ဆန်လွန်းလှပေသည်။ စာရေးသူတို့အနေဖြင့် သက်ရှိထင်ရှားရှိစဉ် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး စဉ်ဆက်မပြတ်ကြိုးပမ်းကာ လောကလူ့ရွာကောင်းကျိုးအတွက် တစ်ခုခုတော့လုပ်ဆောင်ထားခဲ့သင့်သည်။ ဆိုရလျှင် ၂ဝ၂၆ ခုနှစ်ကို လူသစ်၊ စိတ်သစ်၊ အတွေးအခေါ်သစ်၊ ခွန်အားသစ်များနှင့်  မင်္ဂလာရှိစွာကြိုဆိုသွားသင့်သည်။ သို့မှသာလျှင် နှစ်သစ်အတွက် လိုအပ်ဖွယ်ရာများကို ကြိုတင်ပြင်ဆင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် နှစ်သစ်သန္နိဋ္ဌာန် တစ်ခုလောက်တော့ ကိုယ်စီမပျက်မကွက်ချမှတ်သွားသင့်သည်။ ဥပမာ- မိဘများကိုအလုပ်အကျွေးပြုခြင်း၊ စာကောင်းပေမွန်များ ဖတ်ရှုခြင်း၊ မိသားစုအတွက်အချိန်ပိုပေးခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ခြင်း၊ လုပ်ဖော်ကိုင်ဖက်များကိုကူညီခြင်း၊ ပရဟိတအဖွဲ့များတွင် ပူးပေါင်းဆောင်ရွက်ခြင်း စသည်ဖြင့် ကောင်းနိုးရာရာ ဆုံးဖြတ်ချက်များ ကြိုတင်ချမှတ်သွားသင့်သည်။  ထိုသို့ချမှတ်ထားသော စိတ်ကူးအိပ်မက်ကိုလည်း လက်တွေ့ကျကျအကောင်အထည်ဖော်ရန်လိုမည်ဖြစ်သည်။

စာရေးသူတို့သည်  စဉ်ဆက်မပြတ်မနားမနေ ပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်နေမှသာလျှင် အောင်မြင်မှုဆိုသော အရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ နည်းပညာများ လျင်မြန်စွာ တိုးတက်နေပြီး ပြိုင်ဆိုင်မှုပြင်းထန်လှသော မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံတွေဝေထိုင်းမှိုင်းနေသောသူများ၊ အပြောသမားများအတွက် နေရာမရှိတော့ပေ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်စွမ်း မရှိသူများသည်  အဘက်ဘက်မှ  နောက်ကျကျန်ရစ်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားအားလုံးအနေဖြင့် ၂ဝ၂၆ ခုနှစ်တွင်အချိန်မဖြုန်းဘဲ ကိုယ်စီတာဝန်များကို ကျေပွန်စေရန်  လက်တွေ့ကျကျ အလုပ်လုပ်သွားကြရတော့မည်ဖြစ်သည်။

မင်္ဂလာရှိသောနှစ် 

မြန်မာနိုင်ငံ၌ ၂၀၂၅  ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။ ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၁၁ ရက်တွင် အပိုင်း(၂)ကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် အပိုင်း(၃)ကိုလည်း  ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် ထပ်မံကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် ၂၀၂၆ ခုနှစ်အတွင်း လွှတ်တော် အစည်းအဝေးများ ခေါ်ယူကာ  သမ္မတနှင့် ဒုတိယသမ္မတများရွေးကောက် တင်မြှောက်ပြီး အစိုးရဖွဲ့စည်းသွားတော့မည်ဖြစ်သည်။  ပြည်သူများက ရွေးကောက်တင်မြှောက်ထားသော  တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုသည့်  ဒီမိုကရေစီအစိုးရ လက်ထက်တွင်  တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို  ပိုမိုဖော်ဆောင်သွားနိုင်တော့မည် ဖြစ်သည်။ 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာသွားနိုင်မည်ဖြစ်သည်။ ဆိုရလျှင်  ၂၀၂၆ ခုနှစ်သည်  မြန်မာနိုင်ငံအတွက် ပြောင်းလဲတိုးတက်မှုများစွာကိုသယ်ဆောင်လာနိုင်သည့်  မင်္ဂလာရှိသောနှစ်ပင်ဖြစ်သည်။

တိုင်းပြည်တိုးတက်ရေး

နိုင်ငံတစ်နိုင်ငံကိုပြည်သူများဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုနိုင်ငံတွင်မှီတင်းနေထိုင်သော ပြည်သူတစ်ဦးတစ်ယောက်ချင်းစီသည် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှု၊ ပညာတတ်မြောက်မှု၊ ကြိုးပမ်း အားထုတ်မှု၊ တွေးခေါ်မြော်မြင်နိုင်စွမ်းရှိမှု  စသည့်ဂုဏ်အင်္ဂါရပ်များနှင့်ပြည့်စုံနေမှသာလျှင် ထိုနိုင်ငံ သည်တိုးတက်မှုရှိနေမည် ဖြစ်သည်။ စာမဖတ်သူများ၊ လူပျင်းများ၊ လူမိုက်များ၊ အချိန်ဖြုန်းသူများ၊ အပျော်အပါးလိုက်စားသူများ၊ လောင်းကစားဝါသနာပါသူများ၊ ဘေးထိုင်ဘုပြောသူများ၊ တစ်ဦးကို တစ်ဦးလက်ညှိုးထိုးအပြစ်တင်ဝေဖန် နေသူများသာမှီတင်းနေထိုင်သော နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေမည်ဖြစ်သည်။ 

ထို့ကြောင့် နိုင်ငံသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်းမှသည် တိုင်းပြည် တိုးတက်ရေးကို ရည်မှန်းလျက် ကြိုးပမ်းသွားရန်လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့် စွမ်းအားများ မြောက်မြားစွာရှိနေကြသည်။ မလုပ်ဆောင်သေးခြင်း၊   စတင်လုပ်ဆောင်ရန် ပျက်ကွက်နေခြင်းသာ ဖြစ်သည်။ ကြိုးပမ်းအားထုတ်မည်ဆိုလျှင် အောင်မြင်မှုသည်လက်တစ်ကမ်းတွင်ရှိနေသည်။ 

ထို့ကြောင့် နှစ်သစ်တွင်အောင်မြင်မှုတစ်ခုခုကိုရရှိအောင် ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက်ထားဖို့လိုမည်ဖြစ်သည်။

စေတနာဖြင့်တိုက်တွန်းလို

မြန်မာလူငယ်များအနေဖြင့် ၂၀၂၆  ခုနှစ်အတွင်း တိုးတက်မှုများဖော်ဆောင်နိုင်ရေးအတွက် အရက်၊ကွမ်းယာ၊ ဆေးလိပ်ဖြတ်ပြီး  နေ့စဉ်လမ်းမှန်မှန်လျှောက်ကာ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင် သွားရန်၊ အပြုသဘော ဆောင်စွာ တွေးခေါ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရန်၊ ငွေကြေးစုဆောင်းခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်သွားရန်၊ အသက်မွေးဝမ်းကျောင်းပညာကို ကျွမ်းကျင်အောင်လေ့လာဆည်းပူးလေ့ကျင့်ပြီး လက်ရှိလုပ်ငန်း တာဝန်ကို ပိုမိုကောင်းမွန်အောင်ထမ်းဆောင်သွားရန်၊ ပညာရေး တိုးတက်အောင်စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားရန်၊ (ဘွဲ့ဒီဂရီရရှိအောင်နှင့် နိုင်ငံခြားဘာသာ စကားတစ်ခုခုကို တတ်မြောက်အောင် သင်ယူသွားရန်)၊ စိတ်အာဟာရရှိသောစာကောင်းပေမွန်များကို ဖတ်ပြီး စိတ်ဖိစီးမှုများကိုလျှော့ချသွားရန်၊ ပရဟိတလုပ်ဆောင်သွားရန်၊  မိသားစုများအတွက်အချိန် ပို၍ ပေးသွားရန်၊ မိတ်ဆွေသစ်များတိုးချဲ့သွားရန်၊ အပန်းဖြေခရီးသွားရန်၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အချိန်ဖြုန်းမှုလျှော့ချသွားရန်နှင့် စုပေါင်းလှုပ်ရှားအားကစားများတွင် ပါဝင်ဆောင်ရွက်သွားရန်စေတနာဖြင့်အကြံပြုသွားလိုသည်။

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ

နှစ်သစ်ကိုမင်္ဂလာရှိစွာ ကြိုဆိုနိုင်ရေးအတွက် နှစ်သစ်ကူးအကြိုနေ့(New Year's Eve) ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းတွင် အသောက်အစားလျှော့ဖို့လည်းလိုအပ်သည်။  တချို့ဆိုလျှင် မူးယစ်ရမ်းကားအချင်းများကာရန် ဖြစ်ကြသည်။ မူးယစ်နေသဖြင့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်တိုက်မှုများဖြစ်ကြသည်။  သာဓကအနေဖြင့် အိမ်နီးချင်းနိုင်ငံတွင် နှစ်သစ်ကူးကာလ၌ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုတို့ကြောင့်  နှစ်စဉ်လူရာချီ၍ သေကျေ၊  ထိခိုက်ဒဏ်ရာရရှိနေကြသည်။ တချို့သော သမီးပျိုများသည် ဘီယာ၊ အရက်သောက်ထားသောကြောင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းလျော့နည်းလာကြသည်။ တချို့သော လူငယ်များသည် စည်းကျော်ကြသည်။ အကျိုးဆက်အနေဖြင့်  ကာယကံရှင်အပြင်  မိဘများပါ အရှက်ကွဲကြရသည်။

မည်သည့်အရာတွင်မဆို လွန်လွန်ကျူးကျူးမဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူကြီးများသည်လူငယ်များကို ထိန်းသိမ်းရန်တာဝန်ရှိသည်။ တန်ဆေးလွန်ဘေး ဆိုသလို အပျော်လွန်ရာမှ အပျက်ဘက်သို့ ဦးတည်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းပျော်ကြဖို့လည်း လိုသည်။ တချို့သောလူကြီးများသည်   လူငယ်များနှင့်အတူ  ကိုယ်တိုင်ပါဝင်သောက်စားမူးယစ်နေကြသည်။ အညွန့်တလူလူတက်နေသော လူငယ်များ  လမ်းမှားမရောက်စေရန်သည်   စာရေးသူတို့လို အသက်အရွယ်ရလာသည့် လူကြီးများက ထိန်းသိမ်းပေးရန် တာဝန်ရှိသည်။ လူကြီးနှင့်လူငယ်များအကြား  အပြန်အလှန်လေးစားမှု၊ ယုံကြည်အားကိုးမှု၊ တန်ဖိုးထားမှုများ ရှိနေစေရန်အတွက် သဟဇာတဖြစ်အောင် နေထိုင်သွားကြရမည်ဖြစ်သည်။

အမှန်တော့ မေတ္တာတရားသည်အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့ကြောင့်  နှစ်သစ်တွင် လူတစ်ဦးနှင့်တစ်ဦး၊ ဘာသာတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်းအမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး၊ ငယ်မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ  ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသောလူ့အသိုက်အဝန်းကြီးကို  ဧကန်မုချ တည်ဆောက် နိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ကမ္ဘာကြီးသည် ထာဝစဉ်အေးချမ်း သာယာနေမည် ဖြစ်သည်။

ဆိုရလျှင် ၂ဝ၂၆ ခုနှစ်ဆိုသော နှစ်သစ်ကိုမင်္ဂလာရှိစွာ   ကြိုဆိုနိုင်ရေးအတွက် လူတစ်ဦးတစ်ယောက်ချင်းစီသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အတ္တများကို တတ်နိုင်သမျှ လျှော့ချကာ  မေတ္တာစိတ်မွေးမြူသွားရန် လိုအပ်မည်ဖြစ်သည်။ အထူးသဖြင့် ၂ဝ၂၆ ခုနှစ်အတွင်း မိမိနှင့် မိမိမိသားစု၊ မိမိအသိုက်

အဝန်း၊ မိမိတိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးတစ်ခုခုကို  ဆောင်ကြဉ်းပေးနိုင်အောင် ကြိုးပမ်း သွားသင့်သည်။ သို့မှသာလျှင်  လူ့တာဝန်ကျေပွန်သော လူတစ်ဦးဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် ပြည်သူအားလုံး  ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး စိတ်ကူးအိပ်မက်များ အောင်မြင်မှုရရှိအောင် လက်တွေ့ကျကျ အကောင်အထည်ဖော်သွားနိုင်ရန် ဆန္ဒပြုရေးသားလိုက်ရပါသည်။ MWD

Photo Credit to Pinterest