နိုင်ငံ့ဝန်ထမ်းကောင်းများ၏ ခိုင်မာသော ရပ်တည်မှုဖြင့် နိုင်ငံတော် တည်ဆောက်ခြင်း

Posted_Date

Image

နိုင်ငံ့ဝန်ထမ်းကောင်းများ၏ ခိုင်မာသော ရပ်တည်မှုဖြင့် နိုင်ငံတော် တည်ဆောက်ခြင်း

Body

နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်မှု၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည်  မည်သည့်အရာပေါ်တွင် အခြေခံသင့်သနည်း။ စီးပွားရေးမဟာဗျူဟာလော၊ သယံဇာတပေါကြွယ်ဝမှုလော သို့မဟုတ် နည်းပညာ အဆင့်မြင့်မားမှုလော။ ဤအရာများသည် အရေးကြီးသော်လည်း ပိုမိုအခြေခံကျပြီး မရှိမဖြစ်လိုအပ်သော အချက်တစ်ခုမှာ နိုင်ငံတော်ကို ချစ်မြတ်နိုးပြီး တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများ၏ စုစည်းအားဖြင့် နိုင်ငံကောင်းတည်ဆောက်နိုင်ခြင်း ပင်ဖြစ်သည်။ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဟူသော ဆိုရိုးစကားသည် အချည်းနှီးမဟုတ်ပေ။

ဝန်ထမ်းကောင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

    ဝန်ထမ်းကောင်းတစ်ဦးတွင် အရည်အချင်းသည်သာ အဓိကမဟုတ်ပါ။ ထိုအရည်အချင်းများကို အသုံးချရာတွင်  လမ်းညွှန်ပေးမည့်  ခိုင်မာသော ကိုယ်ကျင့်တရားနှင့်တန်ဖိုးများလည်းရှိရပါမည်။

ဤတန်ဖိုးများသည် အချင်းချင်းဆက်စပ်လျက်ရှိနေပြီး အောက်ပါအတိုင်းဖော်ပြနိုင်သည်။

 ပထမအချက်မှာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိခြင်းဖြစ်သည်။ ဤသည်မှာ အနှစ်သာရကျသော အရည်အချင်းဖြစ်၍ ကိုယ်ကျိုးထက် နိုင်ငံတော်၏အကျိုးစီးပွားကို ဦးစားပေးနိုင်ခြင်း၊ ဥပဒေနှင့်စည်းမျဉ်းများကို လေးစားလိုက်နာခြင်းနှင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို ကာကွယ်လိုသော စိတ်ဓာတ်တို့ပါဝင်သည်။ ဤသစ္စာရှိမှုသည် အခြေခံအုတ်မြစ်သဖွယ်ဖြစ်၏။

   ဒုတိယအချက်မှာ တာဝန်ယူမှုနှင့် တာဝန်ခံမှု ဖြစ်သည်။ မိမိ၏ရာထူးတာဝန်ကို ကြီးကြပ်မှုမရှိဘဲ ကျေပွန်စွာထမ်းဆောင်ခြင်း၊ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ပြီးပြတ်အောင် ဆောင်ရွက်ခြင်းနှင့် အမှားရှိပါကဝန်ခံပြင်ဆင်နိုင်ခြင်းတို့သည် ခိုင်မာသောစိတ်ဓာတ်ကို ဖော်ပြသည်။

   တတိယအချက်ဖြစ်သော ရိုးသားဖြောင့်မတ်ခြင်း သည်လုပ်ငန်းခွင်အတွင်း မရှိမဖြစ်လိုအပ်သည်။ မာန်မာနကင်းရှင်းခြင်း၊ လာဘ်ပေးလာဘ်ယူကင်းစင်ခြင်း၊ ဘက်လိုက်မှုမရှိဘဲ တရားမျှတမှုကို အခြေခံဆောင်ရွက်ခြင်းတို့ဖြင့် ပြည်သူ၏ယုံကြည်မှုကို ရရှိစေနိုင်သည်။

   စတုတ္ထအချက်မှာ ဝန်ထမ်းစိတ်ဓာတ် ဖြစ်သည်။ဤစိတ်ဓာတ်သည် ပြည်သူလူထုအား ဝန်ဆောင်မှုပေးရန်ရည်ရွယ်ချက်ဖြင့် ကြိုးစားအားထုတ်ခြင်းနှင့် ပြည်သူ့အကျိုးကို ဦးစားပေးသော လုပ်ဆောင်ချက်များကို ဖော်ဆောင်ပေးသည်။

နောက်ဆုံးတွင် ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် အစဉ်လေ့လာသင်ယူမှု သည် ခေတ်မီတိုးတက်သော ဝန်ထမ်းတစ်ဦး၏ လက္ခဏာဖြစ်သည်။ ခေတ်နှင့်အညီ အသိပညာ၊ အတတ်ပညာများမြှင့်တင်ကာ အဖွဲ့အစည်းအတွင်း ညှိနှိုင်းပူးပေါင်း လုပ်ကိုင်နိုင်ခြင်းသည်  ပိုမိုထိရောက်သော  ဝန်ဆောင်မှုကိုဖြစ်ထွန်းစေနိုင်သည်။ သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးသည် ဤအရည်အချင်းနှင့် တန်ဖိုးများကို ပေါင်းစပ်ပြီး မိမိ၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သည့်အခါ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအသုံးဝင်လာမည်ဖြစ်သည်။

ဝန်ထမ်းကောင်းများ၏ အခန်းကဏ္ဍ

     ဝန်ထမ်းကောင်းများသည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား၏ အသက်သွေးကြောသဖွယ်ရှိနေသည်။ ၎င်းတို့သည် မူဝါဒအကောင်အထည်ဖော်ရေးတွင် ထိရောက်မှုကို အဓိကဆောင်ကြဉ်းပေးသူများဖြစ်သည်။ ကောင်းမွန်သော မူဝါဒများ ရေးဆွဲပြီးသည့်တိုင်အောင် အောက်ခြေအဆင့်တွင် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မှသာ ပြည်သူလူထုထံ   တကယ့်အကျိုးကျေးဇူး ရောက်ရှိမည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်ကိုချောမွေ့စေရန် ဝန်ထမ်းကောင်းများက ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ဝန်ထမ်းကောင်းတို့သည် ပြည်သူ၏ယုံကြည်မှုကို အစိုးရနှင့် ပေါင်းကူးတံတားသဖွယ် တည်ဆောက်ပေးသော တံတားများလည်းဖြစ်ကြသည်။ ရိုးသားဖြောင့်မတ်ပြီးဝန်ဆောင်မှုစိတ်ဓာတ်ပြည့်ဝသော ဝန်ထမ်းများနှင့် နေ့စဉ်ထိတွေ့ဆက်ဆံရသော  ပြည်သူများသည် 

နိုင်ငံတော်နှင့် အစိုးရအပေါ် ယုံကြည်မှုတည်ဆောက်မိလာမည်ဖြစ်ပြီး  ဤယုံကြည်မှုသည် နိုင်ငံတော်တည်ငြိမ်တိုးတက်မှုအတွက် အဖိုးမဖြတ်နိုင်သော အရင်းအနှီးတစ်ရပ်ပင်ဖြစ်သည်။

ဝန်ထမ်းများသည်  ဥပဒေဘောင်အတွင်းမှနေ၍ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်  အခွင့်ထူးခံစားမှု၊ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုများကို လျှော့ချနိုင်ပြီး ပြည်သူအားလုံးတန်းတူညီမျှ အခွင့်အရေးများရရှိစေရန်   ကြားခံဆောင်ရွက်ပေးနိုင်သည်။

နောက်ဆုံးတွင် ၎င်းတို့သည် နိုင်ငံတော်၏ ရေရှည်တည်တံ့မှုအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြသည်။ ဝန်ထမ်းကောင်းများသည် နိုင်ငံ၏အမျိုးသားရေး အသိစိတ်ဓာတ်နှင့် အုပ်ချုပ်ရေးများကို လက်ဆင့်ကမ်းသယ်ဆောင်သူများအဖြစ် ဆောင်ရွက်ကာ ခေတ်အဆက်ဆက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   အဓိကအားထုတ်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။

သို့ရာတွင်  ဤသို့သော ဝန်ထမ်းကောင်းများ သဘာဝအလျောက်ပေါ်ထွန်းလာရန် မျှော်လင့်၍ မဖြစ်နိုင်ပေ။ ၎င်းတို့ကို စနစ်တကျ ပြုစုပျိုးထောင်ရန် လိုအပ်သည်။ ပထမဦးစွာ ရွေးချယ်ခန့်အပ်မှုစနစ်သည် ကျွမ်းကျင်မှုကိုအခြေခံပြီး ပွင့်လင်းမြင်သာမှုနှင့် ယှဉ်ပြိုင်မှုရှိသော စနစ်ဖြစ်ရမည်ဖြစ်သည်။ 

လေ့ကျင့်သင်ကြားမှုနှင့်စည်းရုံးမှုသည် အဆက်မပြတ်ပြုလုပ်ရမည့်  အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ကာ  ဝန်ထမ်းများ၏  အရည်အသွေးနှင့်သစ္စာစောင့်သိမှုကို အစဉ်မြှင့်တင်ပေးရမည်။ ထိရောက်သော စီမံခန့်ခွဲမှုနှင့်ထိန်းကျောင်းမှုဖြစ်ပြီး ကောင်းမွန်သော လုပ်ဆောင်မှုများအတွက် ချီးမြှင့်မှုနှင့် မှားယွင်းသောလုပ်ရပ်များအတွက် တာဝန်ခံမှုစနစ်ခိုင်မာစွာရှိရမည်။ နောက်ဆုံးတွင် ဂုဏ်သိက္ခာရှိသောဘဝကို ဖန်တီးပေးရန်လည်း    မဖြစ်မနေလိုအပ်သည်။ ဝန်ထမ်းများ စိတ်အေးလက်အေးဖြင့် မိမိတာဝန်ကို စူးစိုက်နိုင်ရန် လုံလောက်သော လစာ၊ စရိတ်နှင့် ကောင်းမွန်သောလုပ်ငန်းခွင် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်ပင်ဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊  ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်ကြသူများမှာ  နိုင်ငံ့ဝန်ထမ်းများပင်ဖြစ်သည်။ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောနိုင်ငံဖြစ်အောင် နိုင်ငံ့ဝန်ထမ်းများက အကောင်အထည်ဖော်ကြသည်။ နိုင်ငံတော်အစိုးရကို ကိုယ်စားပြု၍ ခေတ်အဆက်ဆက်ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၁ ရက်က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ ရောက်ရှိစဉ် နိုင်ငံရေးတွင် အာဏာရပါတီအလိုက်၊ အစိုးရအဖွဲ့အလိုက် မူဝါဒများကွဲပြားသွားမည်ဖြစ်သော်လည်း ရုံး/ဌာနများအနေဖြင့် ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊  ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် လျှောက်ထားခဲ့ကြပြီး ရွေးချယ်ခံခဲ့ကြရသူများဖြစ်သဖြင့်   နိုင်ငံ့ဝန်ထမ်းဘဝကို ရရှိပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြောင်း၊ ရွေးချယ်ခံဝန်ထမ်းများဖြစ်သဖြင့် သာမန်နေ၍ရမည်မဟုတ်ဘဲ အရည်အသွေးရှိသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်၍   မိမိဘဝတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

အစိုးရအဖွဲ့နှင့် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား၏ အဓိကအစိတ်အပိုင်း နှစ်ရပ်ဖြစ်သည်။ အစိုးရအဖွဲ့သည် သက်တမ်းကာလတစ်ခုအတွင်း  နိုင်ငံရေးဦးဆောင်မှုပေးကာ မူဝါဒများချမှတ်သော နိုင်ငံရေးအဖွဲ့ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများမှာ ထိုမူဝါဒများကို တည်ငြိမ်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အုပ်ချုပ်ရေးယန္တရား၏ ကျောရိုးသဖွယ်ဖြစ်သည်။ နိုင်ငံရေးအရ ဦးဆောင်သူများ သက်တမ်းအလိုက် အပြောင်းအလဲရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏ ဝန်ထမ်းသက်တမ်း ကုန်ဆုံးသည်အထိ နိုင်ငံတော်၏ရေရှည်ရည်မှန်းချက်များကို   ဆက်လက်ထမ်းဆောင်ကြရသည်။

ယခုအခါတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  အရည်အချင်း၊ အရည်အသွေးပြည့်ဝသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊   နိုင်ငံ့ဝန်ထမ်းများအား နိုင်ငံရေးတွင်      တူညီသည့်သဘောထားများဖြစ်စေရန်၊ ရုံးလုပ်ငန်း စည်းမျဉ်းစည်းကမ်းများအား စည်းစနစ်တကျဖြင့် တစ်ပြေးညီဖြစ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တို့ကို ဖွင့်လှစ်ပေးခဲ့သည်။ 

နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားရေးနှင့် စံချိန်စံညွှန်းတစ်ပြေးညီဖြစ်ရေးအတွက် နိုင်ငံတော်က စနစ်တကျချမှတ်ထားသော မူဝါဒတစ်ရပ်မှာ သတ်မှတ်ထားသည့် သင်တန်းများကို တက်ရောက်အောင်မြင်ပြီးမှသာ   ရာထူးတိုးမြှင့်ခွင့်ပြုသည့် စည်းမျဉ်းဖြစ်သည်။ ဤမူဝါဒ၏ အဓိကရည်ရွယ်ချက်မှာ ဝန်ကြီးဌာနအားလုံးရှိ နိုင်ငံ့ဝန်ထမ်းအားလုံး လုပ်ထုံးလုပ်နည်း၊  စည်းကမ်းနှင့်   ဝန်ဆောင်မှုစိတ်ဓာတ်တို့တွင် ပုံစံတကျဖြစ်စေရန်နှင့် အုပ်ချုပ်ရေးယန္တရား တစ်ခုလုံး၏ ထိရောက်မှုကိုမြှင့်တင်ရန်ဖြစ်သည်။ ဤအချက်ကိုအကောင်အထည်ဖော်ရန် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များကို ဖွင့်လှစ်ကာ သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။

ထို့ပြင် နိုင်ငံသားတိုင်း၏ အခြေခံတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးနှင့်  စောင့်ရှောက်ရေးကိုလည်း ဝန်ထမ်းပညာရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်သင်ကြားပေးလျက်ရှိသည်။ သင်ရိုးညွှန်းတမ်းများတွင်  အခြေခံစစ်ပညာဘာသာရပ်များ ထည့်သွင်းသင်ကြားပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းများအား   နိုင်ငံတော်၏လုံခြုံရေး အရေးကိစ္စများတွင် အထောက်အကူပြုနိုင်စေရန်   ရည်ရွယ်သည်။ သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးသည် နိုင်ငံရေးအယူအဆများ၊ မိမိဌာနနှင့်သက်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုပညာရပ်များကို စနစ်တကျတတ်မြောက်ရမည့် အပြင် ကာကွယ်ရေးဆိုင်ရာ အခြေခံဗဟုသုတများကိုပါ ပိုင်ဆိုင်ထားရမည်။ ဤသို့ဘက်စုံပညာရပ်များ ပေါင်းစပ်သင်ကြားပေးမှုဖြင့်သာ   နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဟူသော ကဏ္ဍသုံးရပ်စလုံးတွင်   အထောက်အကူပြုနိုင်သည့်  ခေတ်မီဝန်ထမ်းကောင်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ခေတ်မီသော အဆောက်အအုံများ၊ ကျယ်ပြန့်သောလမ်းများ  သို့မဟုတ် ခိုင်မာသော အင်စတီကျူးရှင်းများကို ကြည့်တတ်ကြသည်။ သို့ရာတွင် ဤအရာများအားလုံးထက် ပိုမိုတန်ဖိုးရှိသောအရာမှာ ထိုအဆောက်အအုံများကို ဒီဇိုင်းဆွဲသူ၊ ထိုအင်စတီကျူးရှင်းများကို လည်ပတ်စေသူနှင့်ပြည်သူ့ဝန်ဆောင်မှုများကို နေ့စဉ်ပံ့ပိုးပေးနေသူများဖြစ်သည့် လူသားများ၏အရည်အသွေးပင်ဖြစ်သည်။

နိုင်ငံတော်ကို စစ်မှန်စွာချစ်မြတ်နိုးပြီး တာဝန်ဝတ္တရားကို ကျေပွန်စွာထမ်းဆောင်သည့် ဝန်ထမ်းကောင်းများသည်  နိုင်ငံတော်၏ရပ်တည်မှုအား ခိုင်မာစေသည့် ဒေါက်တိုင်များနှင့်တူသည်။ ၎င်းတို့သည်  ရေရှည်တည်တံ့ခိုင်မြဲမှုကို  ကိုယ်စားပြုပြီး မတိမ်းယိမ်းဘဲ မြဲမြံစွာရပ်တည်နိုင်စေရန် အခြေခံအုတ်မြစ်ချပေးကြသူများလည်းဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် စက္ကူပေါ်ရှိ မူဝါဒများကို လက်တွေ့ဘဝသို့ အသက်သွင်းပေးသူများဖြစ်ကာ ရည်မှန်းချက်များကို လက်တွေ့အောင်မြင်မှုများအဖြစ် ပြောင်းလဲပေးနိုင်သည့် သက်ရှိယန္တရားများဖြစ်ကြသည်။

သို့ဖြစ်ရာ နိုင်ငံကောင်းတစ်ခုကို တည်ဆောက်လိုပါက စီးပွားရေးအစီအစဉ်များ သို့မဟုတ် စီမံကိန်းကြီးများထက်  ဦးစွာလုပ်သင့်သည်မှာ ဝန်ထမ်းကောင်းများကို စနစ်တကျမွေးထုတ် ပျိုးထောင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရန်ပင်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် နှေးကွေးပြီး သိသာထင်ရှားမှု နည်းနိုင်သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုမှာ နက်ရှိုင်းပြီး ရေရှည်တည်တံ့သည်။  အမှန်စင်စစ် နိုင်ငံ့ဝန်ထမ်းကောင်း ပေါများလာလေ၊   နိုင်ငံကောင်းလေ  ဆိုသည့် စကားသည် နိုင်ငံဖွံ့ဖြိုးရေး၏ အခြေခံသဘောတရားကို ရိုးရှင်းစွာနှင့်နက်နက်ရှိုင်းရှိုင်းဖော်ပြနေခြင်းဖြစ်ပါသဖြင့် အမိမြန်မာနိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းများကို ဝန်ထမ်းကောင်းများဖြစ်အောင် ပိုမိုပြုစုပျိုးထောင်သင့်ကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။    ။

MWD