နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

Posted_Date

Image

နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့

Body

နိုင်ငံတစ်နိုင်ငံ   ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေးသည် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည်။  ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပညာရေးစနစ်အားကောင်းမှုနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပညာရေးစနစ်အားကောင်းမှုတို့၏ကွာဟမှုများအရ  ပညာရေးစနစ်အားကောင်းမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျသည်ဟု ပညာရေးသုတေသီများက  လေ့လာသုံးသပ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်   ကဏ္ဍစုံတွင်အဓိကအားဖြင့် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။

ပညာဟုဆိုရာ၌   အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်ပိုင်းရှိပေမည်။ အသိပညာဆိုသည်မှာ   ပညာရှိသူ၊ အတွေ့အကြုံရှိသူများ   ပြောဆိုဆုံးမစကားများမှလည်းကောင်း၊  စာအုပ်စာပေများမှလည်းကောင်း   သိသင့်သိထိုက်သည့်အသိတရားများကိုရရှိခြင်းသည်   အသိပညာပင်ဖြစ်ပေသည်။ 

အတတ်ပညာဆိုသည်မှာ   လုပ်ငန်းတစ်ခုခု၊ ဘာသာရပ်တစ်ခုခုကိုအခြေပြု၍ အသက်မွေး ဝမ်းကျောင်းအဖြစ် မှီခိုရပ်တည်နိုင်သည်အထိ   ကျွမ်းကျင်တတ်မြောက်ခြင်းကို အတတ်ပညာဟုခေါ်ပေမည်။ သို့သော် အသိပညာကိုအခြေခံသည့်  အတတ်ပညာသည် အသိပညာမရှိဘဲ အတတ်ပညာတစ်ခုတည်း  တတ်နေသူနှင့်နှိုင်းယှဉ်ပါက သာလွန်ပိုကဲသည်။

သို့ပါ၍ ပညာနှင့်တူသောအလင်းရောင်မရှိ၊ ပညာသာလျှင်  တုနှိုင်းမဲ့ဖြစ်ကြောင်းကို ပညာသမာ အာဘာနတ္ထိဟု  ဗုဒ္ဓဘုရားရှင်က  ဟောဖော်ညွှန်ပြမိန့်မှတ်ခဲ့သည်။ စာရေးသူတို့ငယ်စဉ်က အခြေခံပညာမူလတန်း   ဖတ်စာတွင် ဆုံးမစာအဖြစ် ပညာသမာ၊ အာဘာနတ္ထိ၊  မြတ်မုနိဟောရှိ  ကျမ်းကိုကိုး၊ ထို့ကြောင့်များစွာ၊   လူတကာ၊ ပညာရအောင်ကြိုး၊  ပညာထဲမှာ၊  ပဒေသာ၊ သုံးရာ မကုန်နိုးဟူ၍ မှတ်သားခဲ့ဖူးသည်။

နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၁ ရက်တွင်   တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပြည်တပ်နယ်ရှိ   အရာရှိ၊  စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာ၌     ပညာရေးနှင့်ပတ်သက်၍ အသိပညာသည် လူကောင်းဖြစ်စေပြီး အတတ်ပညာသည် လူတော်ဖြစ်စေကြောင်း၊ အသိပညာတိုးတက်ရန်အတွက် အတန်းပညာရှိရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ အတန်းပညာမြင့်မားစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း    ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရေမြေ၊ တောတောင် ရာသီဥတု သဘောသဘာဝအရ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည်   ဒေသအလိုက် ဒေသနှင့်ကိုက်ညီသည့် သီးနှံအမျိုးအစားကို ရွေးချယ်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း သို့မဟုတ် ဒေသနှင့်ကိုက်ညီသည့်  တိရစ္ဆာန်အမျိုးအစားကိုရွေးချယ်၍  မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက အောင်မြင်ဖြစ်ထွန်းနိုင်သည့် အခြေခံကောင်းများရှိသည့်နိုင်ငံဖြစ်သည်။  မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုနေသူများပင်ဖြစ်သည်။  မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်   မိရိုးဖလာအတိုင်းမွေးမြူနေခြင်းသည် သမားရိုးကျမွေးမြူရေးလုပ်ငန်းဟုပင်ဆိုချင်သည်။ ဤစကားရပ်သည် မိရိုးဖလာမွေးမြူသူများအား ချိုးနှိမ်လိုသောသဘောမဟုတ်ပါ။ ဆိုလိုသည်မှာ သမားရိုးကျမွေးမြူခြင်းသည် မိမိ၏မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အစာအာဟာရလိုအပ်ချက်၊    ရောဂါကာကွယ်နှိမ်နင်းမှု၊ မျိုးပွားခြင်း၊ အသားတိုးခြင်း၊  ကုန်ကျစရိတ်နှင့်ထုတ်လုပ်မှု၊ ဈေးကွက်စသည်တို့ကို တွက်ဆဆန်းစစ်နိုင်သည့်  အသိပညာနည်းပါးခြင်းကို ဆိုလိုခြင်းဖြစ်သည်။   မွေးမြူရေးနှင့်စပ်လျဉ်းသည့်     အသိပညာများကိုကျယ်ကျယ်ပြန့်ပြန့်  မသိရှိသူများသည် မိမိဆောင်ရွက်နေသည့်   မွေးမြူရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အားနည်းချက်၊ အားသာချက်၊ ဈေးကွက် စသည့်သဘောတရားတို့ကိုလည်း  နားမလည်သဖြင့် ရေရှည်မတည်တံ့နိုင်ပါ။

ထို့ကြောင့်   ရေရှည်တည်တံ့သည့် မွေးမြူရေးနည်းစနစ်များ ဖြစ်ပေါ်စေရေးအတွက် မွေးမြူသူများအနေဖြင့် ပုံမှန်မိရိုးဖလာမွေးမြူခြင်းလုပ်ငန်းများထက် ခေတ်နှင့်လျော်ညီသော   မွေးမြူရေးနည်းစနစ်များကို ဖန်တီးတည်ထောင်နိုင်ပြီး  ထုတ်ကုန်များလည်း  တိုးမြင့်လာပြီး ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

အသိပညာကိုရယူရာတွင် စာပေဖတ်ရှုလေ့လာခြင်းမှ မိမိစိတ်ကြိုက်အသိပညာများကို   လေ့လာဆည်းပူးနိုင်သည်။ 

အသိပညာရှိသူတို့မည်သည်   တစ်ပါးသူတွေ့ကြုံခဲ့ရသည့်အခက်အခဲများ၊ လွဲမှားသောအယူအဆများနှင့်   လွဲမှားသောလုပ်ရပ်များကို  သင်ခန်းစာယူ၍ မိမိကိုယ်တိုင်အတွေးမှား၊ အယူအဆမှားများကြောင့် လုပ်ရပ်မှားသည်အထိ မကျူးလွန်မိတော့ပေ။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ အခြားသောစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒနှင့်အညီ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်   စိုက်ပျိုးမွေးမြူရေးဆိုင်ရာအသိပညာရှင်၊ အတတ်ပညာရှင်များမွေးထုတ်ပေးနိုင်ရန် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာအထက်တန်းကျောင်းများကို    မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ၈၉ ကျောင်းဖွင့်လှစ်ထားပြီး စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်မွေးမြူရေးကဏ္ဍတို့အတွက် အခြေခိုင်မာစေရေးအတွက်  စီမံဆောင်ရွက်ထားသည်။   အဆိုပါကျောင်းများတွင် မိမိတို့ဝါသနာနှင့်   စိတ်ပါဝင်စားမှုကိုအခြေခံ၍ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဘာသာရပ်များကို အထူးပြုလေ့လာပြီး ဆက်လက်၍ ပညာလေ့လာဆည်းပူးနိုင်ရေးအတွက် စက်မှု၊ လက်မှုသိပ္ပံကျောင်းများ၊ စိုက်ပျိုး၊ မွေးမြူရေးသိပ္ပံကျောင်းများလည်း   စီစဉ်ဖွင့်လှစ်ထားရှိသည်။

ထိုကဲ့သို့သော သိပ္ပံကျောင်းများမှအောင်မြင်ပြီးသူများအနေဖြင့် ဌာန၊ ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများရှိ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်သည်။  စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ   တက္ကသိုလ်ပညာရပ်များ ဆက်လက်ဆည်းပူး   လိုပါကလည်း ဆက်လက်တက်ရောက်နိုင်မည့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား နေပြည်တော်တွင်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်  နိုဝင်ဘာလမှစတင်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်)ကိုလည်း ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ထားသည်။  အထက်တွင် တင်ပြခဲ့သည့် အသိပညာနှင့်ယှဉ်တွဲသော အတတ်ပညာကိုအခြေခံ၍ အောင်မြင်နေသည့် မွေးမြူရေးလုပ်ငန်းများကို လေ့လာကြည့်ပါက အသိပညာရရှိရန် အခြေခံပညာသည်  အလွန်အရေးကြီးသည်။ ထိုသို့သော အသိပညာများရရှိရေးအတွက်  စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ၊    သိပ္ပံကျောင်းများနှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်ရန် အနည်းဆုံးအဆင့်  အခြေခံပညာနဝမတန်း(Grade-9)အောင်မြင်ပြီးမှစတင်၍ အဆင့်ဆင့် ကြိုးစားသင်ယူကြရသည်။  ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း  ကျောင်းနေနိုင်ရေးနိုင်ငံတော်မှအားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ 

အခြေခံပညာမူလတန်း၏ ပထမနှစ်ဖြစ်သော KG တန်းတွင် တက်ရောက်သော ကျောင်းသား၊  ကျောင်းသူများအားလုံး အခြေခံပညာနဝမတန်း(Grade-9)သို့ရောက်ရှိရန် အလွန်အရေးကြီးသည်။ 

ထို့အတွက် နိုင်ငံတော်အစိုးရ၊ အဖွဲ့အစည်း၊ ဌာနတစ်ခုတည်းကချည်း  ဆောင်ရွက်နေ၍မရပါ။ ကျောင်းသားမိဘ၊ အုပ်ထိန်းသူများကလည်း မိမိတို့ရင်သွေးများ၏ပညာရေးကဏ္ဍကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး   ကြိုးပမ်းအားထုတ်ရမည်။ သို့မှသာ ပညာတတ်များပေါများ၍ ပညာကိုအခြေခံသည့်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နိုင်ငံတော်သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။   သို့ပါ၍ နိုင်ငံတော်ကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်သည့် ပညာရေးကဏ္ဍနှင့် စပ်လျဉ်း၍ မိမိတို့တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပါဝင်လက်တွဲကူညီနိုင်ရန် နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ဟူ၍  လှုံ့ဆော်တိုက်တွန်းအပ်ပါသည်။    ။

 MWD