မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး

Posted_Date

Image

မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး

Body

ပွင့်လင်းရာသီခြောက်သွေ့ကာလသို့ရောက်ရှိလာနေပါပြီ။ ဒီအချိန်ဟာ တောမီးနဲ့အခြားမီးလောင်ကျွမ်းမှုတွေကြောင့် အန္တရာယ်ကြီးမားလှတဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေဖြစ်ပွားနိုင်တဲ့ ကာလဖြစ်ပါတယ်။ မီးခိုးမြူငွေ့ကြောင့်  ကိုယ့်နိုင်ငံရဲ့လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်စေနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေအထိ နှစ်နိုင်ငံနယ်စပ်ကိုကျော်ဖြတ်ပြီးတော့ အဲ့ဒီနိုင်ငံတွေထဲမှာလည်း မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေဖြစ်စေနိုင်ပါတယ်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုဟာ အာဆီယံနိုင်ငံတွေမှာသာမက ကမ္ဘာ့နိုင်ငံတွေမှာပါ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာဆိုးရွားတဲ့ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ ဒါကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကိုကမ္ဘာပေါ်ကနိုင်ငံတွေဟာ အလေးထားပြီး တားဆီးကာကွယ်နေကြရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေမဖြစ်ပေါ်စေဖို့၊ ထိန်းချုပ်လျှော့ချနိုင်ဖို့ ကြိုတင်ကာကွယ် ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိကြပါတယ်။ 

မီးခိုးမြူငွေ့နှင့် ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ

မီးခိုးမြူငွေ့ဆိုတာ လေထုထဲမှာ ရေခိုးရေငွေ့တွေနဲ့အတူ ဖုန်အမှုန့်တွေ၊ အမှုန်အမွှားတွေ၊ မီးခိုးတွေ၊ အငွေ့ပြန်စေနိုင်တဲ့အရာတွေနဲ့ အခြားဓာတ်ငွေ့တွေပေါင်းစပ်ရောနှောဖြစ်ပေါ်နေတဲ့ လေထုအခြေအနေဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မီးခိုးမြူငွေ့တွေဟာ တစ်နေရာမှတခြားတစ်နေရာ၊ နိုင်ငံတစ်နိုင်ငံမှ အခြားတစ်နိုင်ငံဆီကို လေတိုက်ခတ်နှုန်းနဲ့လေတိုက်ခတ်မှုလားရာတို့အပေါ်မူတည်ပြီးအလွယ်တကူပျံ့နှံ့ရောက်ရှိနိုင်ပါတယ်။ မီးခိုးမြူငွေ့ထဲမှာဆိုရင် Particulate Matter (PM2.5 , PM10) လို့ခေါ်တဲ့ အလွန်သေးငယ်သောအမှုန်အမွှားတွေ၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ မြေပြင်ရှိ အိုဇုန်းနဲ့အခြားအဆိပ်ဓာတ်ငွေ့တွေပါဝင်နေပြီး လေထုညစ်ညမ်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေနိုင်ပါတယ်။

ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးဖို့  မြေပြုပြင်ပြီး တောခုတ်မီးရှို့ရာမှ ထွက်ရှိလာတဲ့  မီးခိုးငွေ့တွေ၊ ရိုးပြတ်တွေကို မီးရှို့ရာမှထွက်ရှိလာတဲ့ မီးခိုးတွေ၊ စိုက်ပျိုးရေးသီးနှံအကြွင်းအကျန်တွေကို မီးရှို့ရာမှ ထွက်ရှိလာတဲ့ မီးခိုးတွေ၊ စက်ရုံ/အလုပ်ရုံတွေမှထွက်ရှိလာတဲ့မီးခိုးတွေ၊ ကျောက်မီးသွေးနဲ့ထင်းလောင်စာသုံးစွဲမှုမှထွက်ရှိလာတဲ့အခိုးအငွေ့တွေ၊ အမှိုက်ပုံကြီးတွေမီးလောင်ခြင်းနဲ့စွန့်ပစ်အမှိုက်တွေကို မီးရှို့ရာမှထွက်ရှိလာတဲ့အခိုးအငွေ့တွေ၊ သစ်တောတွေအတွင်းမှာ မီးမဆင်မခြင်သုံးစွဲခြင်းကြောင့် တောမီးလောင်ကျွမ်းရာမှထွက်ရှိလာတဲ့အခိုးအငွေ့တွေဟာ မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ အပူချိန်မြင့်မားခြင်းကြောင့် သဘာဝအလျောက် တောမီးလောင်ခြင်း၊    မိုးကြိုးပစ်ခြင်းကြောင့် တောမီးလောင်ကျွမ်းခြင်းနဲ့   မီးတောင်ပေါက်ကွဲရာမှထွက်လာတဲ့အခိုးအငွေ့တွေကြောင့်လည်း  မီးခိုးမြူငွေ့ညစ်ညမ်းမှုကိုဖြစ်စေနိုင်ပါတယ်။ 

ဆိုးကျိုးသက်ရောက်မှုများ

မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေဖြစ်လာတဲ့အခါ  ကျွန်ုပ်တို့လူသားတွေမှာ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ မျက်စိကျိန်းစပ်ပြီး မျက်ရည်ယိုခြင်း၊ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အသည်းကင်ဆာနဲ့အခြားကင်ဆာရောဂါ၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ချို့ယွင်းခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အသက်သေဆုံးခြင်းတို့အထိဖြစ်ပေါ်စေနိုင်ပါတယ်။ မီးခိုးမြူငွေ့တွေကြောင့် သန့်ရှင်းကြည်လင်နေတဲ့ ဝန်းကျင်လေထုအရည်အသွေးကျဆင်းလာရပါတယ်။ 

ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UNEP ရဲ့ စစ်တမ်းတွေအရ ၂၀၂၁ ခုနှစ်မှာ ညစ်ညမ်းတဲ့လေကိုရှူရှိုက်နေကြရလို့ ကမ္ဘာ့လူဦးရေ ၈ ဒသမ ၁ သန်းကျော်ဟာ  အရွယ်မတိုင်မီသေဆုံးနေရကြောင်း၊ ၎င်းတို့အထဲမှာ လေထုညစ်ညမ်းမှုကြောင့် အသက် ငါးနှစ်အောက်ကလေးငယ်တွေသေဆုံးမှုဟာ ခုနစ်သိန်းကျော်အထိရှိကြောင်းသိရှိရပါတယ်။

မီးခိုးမြူငွေ့ထဲမှာပါဝင်တဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်အမွှား (PM2.5)တွေဟာ  အသက်ရှူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်သွေးကြောမျှင်တွေထဲအထိ  ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။

PM2.5 အမှုန်အမွှားတွေကို စတင်ရှူရှိုက်မိတဲ့အခါ လတ်တလောအနေနဲ့ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ လည်ချောင်းနာခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မျက်စိယားယံခြင်း၊ မူးဝေခြင်းတွေဖြစ်ပေါ်စေပြီး အချိန်ကာလကြာမြင့်စွာ ရှူရှိုက်မိတဲ့အခါမှာတော့ လေပြွန်ရောင်ရမ်းခြင်း၊ နှလုံးရောဂါနဲ့အဆုတ်ကင်ဆာရောဂါတွေအထိဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် PM2.5 တွေကိုမမြင်နိုင်တဲ့ လူသတ်သမားအဖြစ် အများကသတ်မှတ်ထားကြတာဖြစ်ပါတယ်။ 

မီးခိုးမြူငွေ့ကြောင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေသာမက နိုင်ငံအတော်များများမှာ  ပညာရေး၊ စီးပွားရေး၊ လူမှုရေးအပေါ်မှာလည်း များစွာထိခိုက်စေရပါတယ်။  ဒါ့အပြင်  တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်တွေရဲ့နေရင်းဒေသတွေ လျော့နည်းပျောက်ဆုံးလာတဲ့အခါ အဖိုးတန်ဇီဝမျိုးစုံမျိုးကွဲတွေ မျိုးသုဉ်းပျောက်ကွယ်လာရပါတယ်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေကြောင့် သဘာဝဂေဟစနစ်ကိုထိခိုက်လာတဲ့အခါ နိုင်ငံရဲ့စားရေရိက္ခာဖူလုံမှုအပေါ် များစွာထိခိုက်လာစေနိုင်ပါတယ်။

မြန်မာနိုင်ငံ Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုအခြေအနေ

Fire Hotspot ဆိုတာ ဂြိုဟ်တုဓာတ်ပုံတွေကတစ်ဆင့် လေ့လာဆန်းစစ်ချက်အရ အမှတ်တစ်ခုကို အနီးအနားပတ်ဝန်းကျင်နဲ့နှိုင်းယှဉ်ပါက အပူချိန်သိသိသာသာမြင့်မားနေပြီး မီးလောင်မှုဖြစ်နိုင်ခြေရှိတဲ့အခြေအနေကိုပြသတဲ့ အမှတ်တည်နေရာကိုဆိုလိုတာဖြစ်ပါတယ်။  ဂြိုဟ်တုသတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ Fire Hotspot နဲ့ မီးခိုးမြူငွေ့တွေဟာ ပွင့်လင်းရာသီဖြစ်တဲ့ နိုဝင်ဘာလမှာစတင်ဖြစ်ပေါ်လေ့ရှိပြီး မတ်လနဲ့ဧပြီလတို့မှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်းရဲ့   အဓိကအကြောင်းရင်းတွေကတော့ တောင်ယာစိုက်ပျိုးဖို့ တောခုတ်မီးရှို့ခြင်း၊ ရိုးပြတ်တွေကို မီးရှို့ခြင်းနဲ့ တောမီးလောင်ကျွမ်းခြင်းတွေကြောင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့နှစ်အလိုက် Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်တွေကတော့ ၂၀၂၀ ပြည့်နှစ်မှာ ၅၆၄၁၉ ခု၊ ၂၀၂၁ ခုနှစ်မှာ ၅၄၀၁၀ ခု၊ ၂၀၂၂ ခုနှစ်မှာ ၃၇၉၇၇ ခု၊ ၂၀၂၃ ခုနှစ်မှာ ၅၆၅၀၄ ခု၊ ၂၀၂၄ ခုနှစ်မှာ ၅၁၀၉၁ ခုနဲ့  ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ ၄၅၀၂၅ ခုတို့ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအရေအတွက်တွေဟာ မဲခေါင်ဒေသခွဲနိုင်ငံတွေမှာဖြစ်ပေါ်တဲ့ Fire Hotspot  စုစုပေါင်းရဲ့ ၃၅  ရာခိုင်နှုန်းမှ ၃၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ Fire Hotspot ဖြစ်ပေါ်မှုအားလုံးရဲ့  ၄၀ ရာခိုင်နှုန်းဟာ ရှမ်းပြည်နယ်မှာဖြစ်ပြီး မတ်လနဲ့ဧပြီလတွေမှာ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေဖြစ်ပေါ်လေ့ရှိပါတယ်။

မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆောင်ရွက်ချက်များ

မီးခိုးမြူငွေ့ညစ်ညမ်းမှုနဲ့ Fire Hotspot ဖြစ်ပေါ်မှုကိုထိန်းချုပ်ဖို့အတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရ၊   အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)အနေနဲ့ တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေး ဒေသခံတွေကို အသိပညာပေးခြင်း၊ စစ်ဆေးကြပ်မတ်ခြင်းအပြင်  လိုက်နာမှုမရှိပါက သတိပေးခြင်း၊ အပြစ်ပေးခြင်းနဲ့အရေးယူဆောင်ရွက်ခြင်းတို့ကို အဆင့်လိုက်အလေးထားစိစစ်ကြပ်မတ်ရန်နဲ့  ပညာပေးကာလ၊  အသိပေးကာလ၊ အရေးယူကာလအနေနဲ့ သတ်မှတ်ဆောင်ရွက်သွားဖို့ လမ်းညွှန်မှုပြုထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သက်ဆိုင်ရာဌာနတွေပါဝင်တဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာကော်မတီနဲ့လုပ်ငန်းအဖွဲ့တွေကို   နိုင်ငံအဆင့်မှာသာမကတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊  မြို့နယ်တွေအထိ အဆင့်ဆင့်ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေအနေနဲ့ မီးခိုးမြူငွေ့ညစ်ညမ်းမှုနဲ့ Fire Hotspot ဖြစ်ပေါ်မှုကိုလျှော့ချဖို့  အလေးထားဆောင်ရွက်လျက်ရှိကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေနဲ့ စင်ကာပူနိုင်ငံအခြေစိုက် ASEAN Specialised  Meteorological Centre (ASMC) ရဲ့ Website  မှတစ်ဆင့်  Fire Hotspot ဖြစ်ပေါ်မှုနဲ့ မီးလောင်မှုဖြစ်နိုင်ခြေရှိတဲ့ အခြေအနေခန့်မှန်းချက်တွေကို  နေ့စဉ်စောင့်ကြည့်ပြီး  တိုင်းဒေသကြီး/ ပြည်နယ်အားလုံးနဲ့ ဆက်စပ်ဌာနတွေဆီသို့ နေ့စဉ်ပုံမှန်ဖြန့်ဝေပေးပို့လျက်ရှိပါတယ်။ PM2.5 အပါအဝင် ဝန်းကျင်လေထုအရည်အသွေးကို ပုံမှန်စောင့်ကြည့်တိုင်းတာပြီး သတင်းထုတ်ပြန်ပေးခြင်းတွေဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဌာနတွေ ပူးပေါင်းပြီး   မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲတွေကျင်းပခြင်း၊လက်ကမ်းစာစောင်တွေဖြန့်ဝေပေးခြင်း၊ပြည်သူ့စကားဝိုင်း(Talk Show)ကျင်းပခြင်း၊ Social Media တွေကတစ်ဆင့် အသိပညာမျှဝေခြင်း စတဲ့အသိပညာပေးလုပ်ငန်းတွေကို ပြည်သူလူထုအတွက် နည်းလမ်းမျိုးစုံနဲ့လှုပ်ရှားဆောင်ရွက်နေကြပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့  ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေ၊   သစ်တောစိုက်ခင်းတွေမှာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးဆိုင်းဘုတ်တွေစိုက်ထူထားရှိပြီး  မီးတားလမ်းဖောက်လုပ်ခြင်း၊ ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းတွေ  ဆောင်ရွက်လျက်ရှိပါတယ်။     

စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ်တွေဖြစ်ပေါ်လာစေဖို့အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ပေးခြင်းလုပ်ငန်းတွေသာမက သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနဲ့ လယ်ယာထွက်စွန့်ပစ်ပစ္စည်းအကြွင်းအကျန်တွေကို မီးရှို့ဖျက်ဆီးမှု လျော့နည်းစေရေးဆိုင်ရာနည်းလမ်းတွေကို အသိပညာပေးမျှဝေလျက်ရှိပါတယ်။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ ဆက်စပ်ဌာနတွေပါဝင်တဲ့  ခရိုင်၊ မြို့နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့စည်းကာ မီးလောင်မှုဖြစ်ပွားတဲ့နေရာတွေဆီသို့ မြေပြင်အထိသွားရောက်ကွင်းဆင်းစစ်ဆေးခြင်း၊   မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းတွေကို ရှာဖွေဖော်ထုတ်ခြင်းနဲ့မီးငြှိမ်းသတ်ခြင်းလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါတယ်။  ဒီလုပ်ငန်းတွေဟာ ယခု ၂၀၂၆ ခုနှစ် ပွင့်လင်းရာသီကာလမှာ နိုင်ငံတစ်ဝန်း Fire Hotspot  ဖြစ်ပေါ်မှုကို  ၂၀၂၄ ခုနှစ်တုန်းကဖြစ်ပေါ်ခဲ့တဲ့အရေအတွက်အောက် ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်ဖို့ ရည်မှန်းချက်ထားပြီး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ 

နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု 

မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ  အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) ကို ၂၀၀၃ ခုနှစ်က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ အဆိုပါသဘောတူညီချက်အရ မြန်မာနိုင်ငံမှာ တောမီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းတဲ့အခြားမီးတို့ကြောင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေကိုစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ထိန်းချုပ်လျှော့ချခြင်းလုပ်ငန်းတွေကိုအထူးအလေးထားဆောင်ရွက်လျက်ရှိနေပါတယ်။ မဲခေါင်ဒေသခွဲနိုင်ငံတွေမှာ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ဖို့အတွက် ချင်းရိုင် ၂၀၁၇ လုပ်ငန်းစီမံချက် (Chiang Rai 2017 Plan of Action)ကို ချမှတ်ထားရှိပြီးဖြစ်ရာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ Fire Hotspot ဖြစ်ပေါ်မှုအရေအတွက်ကို နှစ်အလိုက်ထိန်းချုပ်လျှော့ချသွားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ မြန်မာ၊ ထိုင်းနဲ့လာအိုနိုင်ငံတို့ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာပူးတွဲလုပ်ငန်းစီမံချက် (Joint Plan of Action – Clear Sky  Strategy 2024-2030)ကို  အတည်ပြုထုတ်ပြန်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။ 

လိုက်နာဆောင်ရွက်ရမည့်အချက်များ

မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေမဖြစ်ပေါ်စေဖို့အတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းအလေ့အကျင့်တွေကို လျှော့ချဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ တောင်ပေါ်ကုန်းမြင့်ဒေသတွေမှာရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမယ့်အစား ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေဖြစ်တဲ့ ကွန်တို/တောင်စောင်းစိုက်ပျိုးစနစ်နဲ့ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းစနစ်တွေကို ကျင့်သုံးဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းတွေကထွက်ရှိတဲ့ ရိုးပြတ်တွေ၊ ကောက်ရိုးတွေကိုမီးမရှို့ဘဲ သဘာဝမြေဩဇာပြုလုပ်တဲ့နည်းပညာတွေကို လက်တွေ့ကျကျလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံအကြွင်းအကျန်တွေကို မြေလွှာဖုံးခြင်း၊ တိရစ္ဆာန်အစာအဖြစ်ပြန်လည်အသုံးပြုခြင်းတို့ စနစ်တကျလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ သစ်တောတွေထဲမှာ မီးကိုမဆင်မခြင်အသုံးပြုပြီး အမဲလိုက်ခြင်း၊ ပျားဖွပ်ခြင်း၊ တောမီးရှို့ခြင်း စတဲ့အလေ့အထတွေကိုလုံးဝရှောင်ကြဉ်ကြရပါမယ်။ မီးလောင်ကျွမ်းမှုကို သိရှိတာနဲ့တစ်ပြိုင်နက်တည်း သက်ဆိုင်ရာဌာနတွေကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့နေအိမ်တွေကထွက်ရှိတဲ့အမှိုက်တွေကိုမီးမရှို့ကြဖို့နဲ့ နိုင်ငံကြီးသားပီသစွာစနစ်တကျစွန့်ပစ်ကြဖို့လည်းလိုအပ်ပါတယ်။

တိုက်တွန်းနှိုးဆော်ချက်

တစ်မိုးထဲအောက်မှာအတူနေထိုင်ကြတဲ့လူသားတွေအားလုံး ကျန်းမာစွာရှင်သန်နေထိုင်နိုင်ဖို့အတွက် မီးခိုးမြူငွေ့ကင်းစင်ပြီးသန့်ရှင်းတဲ့လေကို  နေ့စဉ်ရှူရှိုက်ခွင့်ရရှိရေးဟာ လွန်စွာမှအရေးကြီးလှပါတယ်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုတွေ လျော့နည်းလာတဲ့အခါ သဘာဝပတ်ဝန်းကျင်သာယာကြည်လင်လှပပြီး နိုင်ငံသားတိုင်းရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမှာဧကန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ အလွန်အန္တရာယ်ကြီးမားလှတဲ့  မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်းကို အထူးနားလည်သိရှိပြီး  မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်လျှော့ချရေးလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရနဲ့သက်ဆိုင်ရာဌာနတွေနဲ့အတူ  လက်တွဲပူးပေါင်းပါဝင်ပေးကြပါဖို့ အလေးအနက်ထားနှိုးဆော်တိုက်တွန်းအပ်ပါတယ်။    

MWD

Photo Credit to MDN