စည်းလုံးညီညွတ်မှုဖြင့် အစဉ်ထိန်းသိမ်း စောင့်ရှောက်ရမည့် ပြည်ထောင်စုအမွေ
Posted_Date
Image
Body
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုး ၁၃၀ ကျော်တို့က တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ အချင်းချင်းရင်းနှီးဆက်သွယ်၊ တုံ့လှည့်မေတ္တာ၊ စာနာစိတ်ပွားကာ၊ ကရုဏာ အရင်းတည်၍ နေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပြည်ထောင်စုဟူသည် တိုင်းရင်းသားလူမျိုး အသီးသီးတို့ နှစ်ကာလပရိစ္ဆေဒကြာရှည်စွာ အေးအတူပူအမျှ ကောင်းတူဆိုးဖက် လက်တွဲညီညီနေထိုင်သော နယ်နိမိတ်ကိုခေါ်ဆိုသည်။ ပြည်ထောင်စုသားတို့သည် ပြည်ထောင်စုအတွင်း အန္တရာယ်ကျရောက်မည့် အရေးကိုမလိုလားဘဲ ဆင်စီးမြင်းရံကာ၊ ရွှေဘုံစံကြရမည့်အရေးကိုသာ တွေ့မြင်လိုကြ၍ ပြည်ထောင်စုကို အစဉ်အမြဲကာကွယ်စောင့်ရှောက်ကာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်သည် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်မှုဖြင့် နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲမှုကို ကျော်လွှားနိုင်သော နေ့တစ်နေ့ဖြစ်သည့်အပြင် နိုင်ငံလွတ်လပ်ရေး ရရှိရန်အတွက် အခြေခံကျသော နေ့တစ်နေ့လည်းဖြစ်သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသားတို့က ပြည်ထောင်စုဟုခေါ်သော နယ်နိမိတ်အတွင်းရှိ တောတောင် ရေမြေများပေါ်၌ ရှေးနှစ်ပေါင်းများစွာကပင် အခြေချနေထိုင်ခဲ့ကြသည့် ညီရင်းအစ်ကိုမောင်ရင်း နှမများဖြစ်ကြသည်။ တစ်ဦးအရေးရှိက တစ်ဦးကကူညီ တစ်ဦးအခက်အခဲကို တစ်ဦးကဝိုင်းဝန်းဖြေရှင်း၊ ကျောချင်းကပ်၊ ရင်ချင်းအပ်ကာ အေးအတူပူအမျှ နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။
ထို့ပြင် သမိုင်းနောက်ခံအခြေမှန်ကာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကလည်း ကိုယ်ပိုင်ဟန်ကိုယ်စီဖြင့် အစဉ်အလာကြီးမားခဲ့သည်။
မြန်မာတို့သည် အင်္ဂလိပ်နယ်ချဲ့တို့၏ကျူးကျော်စစ်သုံးကြိမ်ကြောင့် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ဖက်ဆစ်တို့၏ အစွယ်ငေါငေါနှင့် ရက်စက်ယုတ်မာမှုကိုလည်း ခံခဲ့ရသည်။ ဤသို့ဖြင့် မြန်မာတို့ရွှေမှန်ကင်းအစစ်က ထင်းဖြစ်ခဲ့ရသည်။
သို့သော်လည်း မြန်မာတို့၏ဇာတိသွေးဇာတိမာန်နှင့် အမျိုးသားရေးစိတ်ဓာတ်ကြံ့ခိုင်ပုံကို ကျူးကျော်သူများ မျက်ကွယ်ပြု၍မရခဲ့ပေ။ မြန်မာပြည်သူတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကား ရေကိုသား၍ကြားမထင်သကဲ့သို့ ကြားဝင်၍မရကြောင်း နယ်ချဲ့တို့သိကြရလေပြီ။ နယ်ချဲ့အင်္ဂလိပ်တို့က ဉာဏ်နီဉာဏ်နက်ဖြင့် အကွက်ဆင်ထားသော ကျော့ကွင်းကို တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှုအင်အားဖြင့် ဖြတ်တောက်နိုင်ခဲ့သည်။
ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်သို့ လှည့်လည်သွားရောက်ကာ တိုင်းရင်းသား တစည်းတလုံးတည်း လက်တွဲပြီး လွတ်လပ်ရေးကို အရယူရန် ဆွေးနွေးညှိနှိုင်းခဲ့လေသည်။ ထို့ကြောင့် အင်္ဂလိပ်နယ်ချဲ့တို့ကလည်း တောင်တန်းသားတို့ကို မြေပြန့်သားတို့နှင့် သွေးခွဲခဲ့လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းမှုကြောင့် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံလွတ်လပ်ရေးရရန်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့်သာ ရနိုင်ကြောင်း ကောင်းစွာသဘောပေါက်၍ အင်္ဂလန်မှရောက်လျှင်ရောက်ချင်းပင် ရှမ်း၊ ချင်း၊ ကချင်တောင်တန်းဒေသများသို့ သွားရောက်ကာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် အပြင်းအထန်ကြိုးစားလေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့သို့ရောက်ရှိလာပြီး ပြည်မတောင်တန်းမခွဲခြားဘဲ လွတ်လပ်ရေး တစုတစည်းတည်းရယူရန် သဘောတူဆုံးဖြတ်ခဲ့သည်။
တိုင်းရင်းသားကိုယ်စားလှယ်ပေါင်း ၂၂ ဦးက တစုတစည်းတည်းနေထိုင်ကြမည် ဟူသောသန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နံနက် ၁၀ နာရီတွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များသည် နယ်ချဲ့တို့၏ သွေးခွဲမှုစနစ်ကို တော်လှန်ခဲ့ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကိုရယူပေးနိုင်ခဲ့သည်။ ပင်လုံစာချုပ်သည် မြန်မာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော သာဓကကောင်းတစ်ခုဖြစ်သည်။ “စည်းလုံးညီညွတ်မှုသည် အောင်မြင်ခြင်း၏ အဓိကသော့ချက်” ဖြစ်သည်။
တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်သော အားမာန်နှင့် ပြည်ထောင်စုကိုချစ်သော ပြည်ထောင်စုစိတ်ဓာတ်သည် ပင်လုံမြေမှသန္ဓေတည်ကာ ခိုင်မာသောညီညွတ်မှုဖြင့် လွတ်လပ်ရေးဟူသောကမ္ပည်းကို စိုက်ထူနိုင်ခဲ့သည်။
လက်တွေ့ဘဝတွင် ပြည်ထောင်စုစိတ်ဓာတ်ကို အပြောဖြင့်တည်ဆောက်၍မရပါ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှအစပြုခဲ့သော ပြည်ထောင်စုစိတ်ဓာတ်သည် ယခုဆိုလျှင် (၇၉)နှစ်သို့တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများကပါ လေးစားရသည့် စာပေ၊ ယဉ်ကျေးမှု၊ လူမှုရေးအစဉ်အလာ၊ မျိုးချစ်စိတ်ဓာတ်ထွန်းကားခဲ့သောနိုင်ငံဖြစ်သည်။ မျိုးဆက်သစ်လူငယ်များအနေဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး ရယူတည်ဆောက်ခဲ့ရသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအကျိုးရလဒ်ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်သွားကြရပါမည်။ ယင်းသို့ဖော်ဆောင်ရာတွင် ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို မြတ်နိုးလိုလားသည့်စိတ်ထားဖြင့် တာဝန်သိသိ၊ သစ္စာရှိရှိပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပေသည်။
နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်ရောက်တိုင်း ပြည်ထောင်စုနေ့ကို လေးနက်မှန်ကန်သော ဦးတည်ချက်များ ချမှတ်ကာ မြန်မာတစ်မျိုးသားလုံးအတွက် ထူးမြတ်သော နေ့တစ်နေ့အဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိသည်။ ပြည်ထောင်စုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခြင်းမှာ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို တိုင်းရင်းသား စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ပြန်လည်ရယူနိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ဖော်ညွှန်းပြီး ပြည်ထောင်စု၏ မည်သည့်နေရာ၊ မည်သည့်ဒေသ၌ နေထိုင်ကြသည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူကြရန် ဦးတည်ကျင်းပနေခြင်းဖြစ်သည်။ ပြည်ထောင်စုနေ့အခမ်းအနားများ ကျင်းပခြင်းဖြင့် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှုများ ပိုမိုရင့်သန်စေပြီး တိုင်းရင်းသားအားလုံးသည် ဤမြေဤရေပေါ်တွင် ဥမကွဲသိုက်မပျက် ရာသက်ပန်နေထိုင်သွားမည်ဟူသော အမျိုးသားသန္နိဋ္ဌာန် ပို၍ခိုင်မာစေသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို -
(၁) နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး။
(၂) တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ တိုင်းရင်းသားလူမျိုးများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရေး။
(၃) နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားလျက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး။
(၄) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရေး။
(၅) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဖော်ဆောင်ရေးဟူသော အမျိုးသားရေး ဦးတည်ချက်(၅)ရပ်ဖြင့် အနှစ်သာရရှိရှိ ကျင်းပမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရသည် နိုင်ငံ၏အသက်သွေးကြောဖြစ်သည့် စီးပွားရေးအခြေခံ အဆောက်အအုံများ၊ စွမ်းအင်ဆိုင်ရာအခြေခံ အဆောက်အအုံများ၊ ကျေးလက်နှင့် နယ်စပ်ဒေသပါမကျန် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး အခြေခံလိုအပ်ချက်များကို နေ့မအား ညမအား ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိသည်။ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် အထူးဖွံ့ဖြိုးရေးဇုန်များ၊ အဆင့်မြင့်ပညာ၊ ကွန်ပျူတာပညာ၊ နည်းပညာများကို သင်ယူနိုင်ရန်အတွက် တက္ကသိုလ်များကိုလည်း ထူထောင်ပေးလျက်ရှိသည်။ လမ်းတံတားကြီးများကိုလည်း တည်ဆောက်ပေးလျက်ရှိသည်။ တိုင်းပြည်ကို အမှန်တကယ်ချစ်မြတ်နိုးသူတိုင်း အမိနိုင်ငံတော်ကို ကမ္ဘာနှင့်ရင်ပေါင်တန်း စေချင်သည်ဆိုသည့် နိုင်ငံသားတိုင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည်။ ပြည်ထောင်စုအတွင်းရှိ မြေ၊ ရေ၊ လေ အဆောက်အအုံများ ကောင်းမွန်စေရေး တည်ဆောက်ပြုပြင် ထိန်းသိမ်းကြရမည်ဖြစ်သည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လှမ်းချီတက်နိုင်ရန်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ပြည်ထောင်စုတိုင်းရင်းသား အားလုံးက ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသည်။ တိုင်းတစ်ပါးတို့၏ကြိုးဆွဲရာ၌ မကမိစေရန်၊ ပြည်တွင်းပြည်ပမှတိုင်းပြည်ပြိုကွဲအောင် ဆောင်ရွက်နေသည့် ဘေးအန္တရာယ်များကို မျိုးချစ်စိတ်ဓာတ်ဖြင့် ကာကွယ်သွားရမည်။ ကျွန်ုပ်တို့ပြည်ထောင်စုကြီး ကမ္ဘာ့နိုင်ငံများနှင့်အဆင့်မီမီ ပခုံးချင်းယှဉ်နိုင်ရန်၊ ခေတ်နောက်မကျစေရန် အခြေအနေအကြောင်းအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ကာ အစိုးရနှင့်ပြည်သူလက်တွဲကာ ထိန်းသိမ်းတည်ဆောက်ရှေ့ဆက်ကြရမည်။ ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်သောစိတ်ဓာတ်ဖြင့်သတိမူ၍ မိမိကိုယ်ကို၊ မိမိမိသားစုအတွက် မိမိနိုင်ငံတော်အတွက် အလုပ်ကိုယ်စီလုပ်ကိုင်ကာ စည်းလုံးညီညွတ်ကြမည်ဆိုလျှင်ဖြင့် တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုး တိုးတက်ပေလိမ့်မည်။
တိုင်းရင်းသားအချင်းချင်း အထင်အမြင်မှား၍ သွေးကွဲခဲ့ပါသော် အမိမြန်မာပြည်ကြီးသာ တိုးတက်မှုနှောင့်နှေးကာ မိမိတို့မျိုးဆက်သစ်များ အတိဒုက္ခရောက်ကြမည်ကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးသည်။ ထို့ကြောင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံးသည် နိုင်ငံတော်၏ ကာကွယ်ရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အားသွန်ခွန်စိုက်ပါဝင် ဆောင်ရွက်ကြရမည်။
အချုပ်ဆိုရသော် “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ”ဆိုသကဲ့သို့ အစိုးရနှင့်ပြည်သူတစ်ဦးနှင့် တစ်ဦးနားလည်မှု၊ ညီညွတ်မှုဖြင့် တိုင်းပြည်ဖွံ့ဖြိုးအောင်ဆောင်ရွက်ရမည်။
အစိုးရနှင့် တိုင်းရင်းသားပြည်သူများလက်ချင်းချိတ်ကာ ရေခံမြေခံကောင်းများ တည်ရှိနေသော ပြည်ထောင်စုကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အင်တိုက်အားတိုက်ပါဝင် ထမ်းဆောင်ရင်းဖြင့် ကျွန်ုပ်တို့၏ ပြည်ထောင်စုအမွေကို ထိန်းသိမ်းကြပါစို့ ဟုတိုက်တွန်းရေးသား လိုက်ရပါသည်။ ။
MWD
