ဗြိတိန်နိုင်ငံကို ဘာသာခြားတို့ ဝါးမျိုနေပြီလား

Posted_Date

Image

ဗြိတိန်နိုင်ငံကို ဘာသာခြားတို့ ဝါးမျိုနေပြီလား

Body

ဝက်ဖို့ဒ်မြို့ လန်လေးလမ်းရှိ ယခင် စိန့်သော မတ်ဘုရားရှိခိုးကျောင်းကို မွတ်စလင်ဗလီအဖြစ် ပြောင်းလဲရန် မြို့တော်ကောင်စီက အတည်ပြုလိုက်တယ်လို့ ဝက်ဖို့ဒ် ဒေသန္တရသတင်းစာ (4 February 2026) က ရေးပါတယ်။ ဝက်ဖို့ဒ်ဆိုတာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ဟာ့ဖို့ဒ်ရှိုင်းယားကောင်တီရှိ မြို့လေး တစ်မြို့ဖြစ်ပြီး လန်ဒန်မြို့လယ်မှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်ကြရာ ပုံနှိပ်နဲ့ ဘီယာချက်လုပ်ငန်းတို့ကြောင့် လူသိများပါတယ်။ 
သတင်းပါ “စိန့်သောမတ်ယူနိုက်တက် ခရစ်ယာန်သာသနာပြုပြင်ရေးဘုရားကျောင်း”ကို (၁၉၇၆) ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဒေသရဲ့ ထင်ရှားတဲ့အမှတ်အသား စက္ကူစာရွက် ပုံသဏ္ဌာန် ဆောက်လုပ် ထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြဿနာတွေကြောင့် အသုံးပြုဖို့မသင့်တော်တဲ့ အတွက် ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ရပြီး (၂၀၁၅)ခုနှစ်မှာ စတင်ပိတ်ထားလိုက်ရပါတယ်။ ဘုရားကျောင်း ဟာ အင်္ဂလိကန်အသင်းတော်နဲ့ နီးကပ်စွာဆောင်ရွက်လေ့ရှိပေမယ့် (၁၉၇၂)ခုနှစ်မှာ စတင် ပေါ်ပေါက် လာတဲ့ URC ခေါ် သီးခြားပရိုတက်စ်တင့်ဂိုဏ်းကွဲတစ်ခုဖြစ်ပါတယ်။ လန်လေးလမ်းမှာ တည်ရှိတဲ့ အဲဒီ ဘုရားကျောင်းကိုပိတ်ထားရပေမယ့် အသင်းသားတွေဟာ လမ်းမြောက်ပိုင်း မက်သဒစ် အသင်းတော်မှာ စုဝေးပူးပေါင်းပြီး ဆက်လက်ဝတ်ပြုနေခဲ့ကြပါတယ်။ 
မူလဘုရားကျောင်းနေရာကို အယ်လ်အွမ်မာ အစ္စလာမ်စင်တာခေါ် မွတ်စလင်ဝတ်ပြုရာနေရာအဖြစ် အသုံးပြုခွင့်ပေးရန် ဝက်ဖို့ဒ်မြို့တော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီက မဲခွဲအတည် ပြုခဲ့ကြပါတယ်။ တကယ်တော့ စိန့်သောမတ်စ်ဘုရားကျောင်းနေရာကို မွတ်စလင်ဘဏ္ဍာရေးအဖွဲ့ တစ်ခု ထံ စတာလင်ပေါင်ငွေ (၃.၅)သန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး၊ မွတ်စလင်အဖွဲ့က ဗလီတစ်ခုအဖြစ် ဖန်တီးရုံ သာမက ကလေးထိန်းဌာန၊ ကော်ဖီဆိုင်အဖြစ်ပြောင်းလဲခြင်းအားဖြင့် ဒေသခံတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ 
ဒီကိစ္စကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း အချေအတင်ဆွေးနွေးခဲ့ကြပြီး ကားပါကင်နေရာ၊ အသံ ဗလံ ဆူညံနိုင်ခြေနဲ့ ဘာသာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် (၃၇)ဦးက ကန့်ကွက်ခဲ့ကြပါတယ်။ ကားရပ် နားရန်နေရာပြဿနာတွေဟာ စီမံခန့်ခွဲနိုင်တဲ့ကိစ္စဖြစ်ပြီး ဘာသာရေးဆိုင်ရာထိခိုက်နိုင်ကြောင်း ကန့် ကွက်မှုတွေဟာ စီမံကိန်းဆုံးဖြတ်ချက်တွေနဲ့မသက်ဆိုင်ကြောင်း လူ (၈၄)ဦးကထောက်ခံခဲ့ကြပါတယ်။ ဒီအတွက် မွတ်စလင်ဗလီဟာ လာမယ့်နွေရာသီမှာ ဖွင့်လှစ်နိုင်မယ်လို့မျှော်လင့်ရပါတယ်။
ဒီကိစ္စဟာ နိုင်ငံတကာမှာ အတော်လှုပ်ခတ်မှုရှိတဲ့သတင်းမျိုးဖြစ်ပါတယ်။ အပေါ်ယံကြည့်ရင် ဗြိ တိန်မှာ ခရစ်ယာန်သာသနာဟာ ဆုတ်ယုတ်ကျဆင်းပြီး အစ္စလာမ်ဘာသာက ဝါးမျိုနေသယောင် 
ထင်မှတ်ရပါတယ်။ တကယ်တော့ ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်လျှင် ခရစ်ယာန် ဘုရား ကျောင်းတွေအားလုံး မွတ်စလင်ဗလီများအဖြစ် စနစ်တကျ ပြောင်းလဲခံနေရတယ်လို့တော့ မဆိုနိုင်ပါဘူး၊ ယူကေ နိုင်ငံမှာ အထူးသဖြင့် အင်္ဂလိကန်အသင်းတော်၊ မက် သဒစ်နဲ့ ဘက်ပ်တစ်၊ URC ခေါ် သီးခြား ပရိုတက်စ်တင့်ဂိုဏ်းကွဲဆိုင်ရာ ဘုရားကျောင်းအရေအတွက်ဟာ သိသိသာသာများပြားနေခဲ့ပါတယ်။ ဒီအတွက် ရေရှည်မှာ ဘုရားကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ အဆောက်အအုံထိန်းသိမ်းရေးစရိတ်တွေကြောင့် ဘုရားကျောင်းအတော်များများဟာ “ပိုလျှံ”အနေအ ထားရောက်ရှိလာပြီး ပိတ်သိမ်းထားရ ခြင်း၊ ကွန်ဒိုမီ နီယံတွေ၊ ရုံးခန်း၊ လူမှုရေးခန်းမ၊ နေအိမ်အဖြစ်ပြောင်း လဲအသုံးပြုနေကြတယ်။ 
အင်္ဂလိကန်အသင်းတော်တစ်ခုတည်းမှာပင် ဝတ်ပြုဆုတောင်းရာနေရာအဖြစ်အသုံးပြုရန် မလို အပ်တော့ကြောင်းကြေညာနေရတဲ့ ဘုရားကျောင်းအရေအတွက်ဟာ နှစ်စဉ် ဒါဇင်နဲ့ချီရှိနေပါတယ်။ မွတ်စလင်ဗလီဖြစ်သွားရခြင်းဟာ အဲဒီဘုရားကျောင်းတွေကို တခြားနည်း ပြန်လည်အသုံးပြုခြင်းတွေ အနက် တစ်ခုသာလျှင်ဖြစ်ပြီး ယူကေတစ်နိုင်ငံလုံးအနေနဲ့ ကြည့်ရင် ဗလီဖြစ်သွားတဲ့ဘုရားကျောင်း အရေအတွက်ဟာ အလွန်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ သိသိသာသာတိုးတက်လာနေတာ အမှန်ဖြစ်ပါတယ်။ ဒီအတွက် ဝတ်ပြု ဆုတောင်းနိုင်ဖို့ ကျယ်ဝန်းတဲ့ ဗလီအရေအတွက်နဲ့ မွတ်စလင်စင်တာတွေ လိုအပ်နေပါတယ်။ အဲဒီအခါ အသုံးမပြုတော့တဲ့ဘုရားကျောင်းတွေကိုဝယ်ယူပြီး ပြန်လည်အသုံးချတာတွေဖြစ်လာပါတယ်။ အ ဆောက်အအုံ၊ မြေယာ သုံးပြုမှု၊ ပြုပြင်ပြောင်းလဲမှု စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗြိတိန်နိုင်ငံရဲ့ “မြို့ပြ စီမံကိန်း ဥပဒေ”မှာ ခရစ်ယာန်ဘုရားကျောင်းကို ဗလီအဖြစ်ပြောင်းလဲခြင်းမပြုအောင်တားမြစ် ထားခြင်း မရှိပါဘူး၊ တရားဝင်လျှောက်ထားလာခဲ့ရင် မြို့ရွာ စည်ပင်သာယာရေးလိုအပ်ချက်အရ ဒေသန္တရ အာ ဏာပိုင်တွေက ခွင့်ပြုပေးနိုင်ပါတယ်။ 
မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ (၂၈.၈%)ဖြစ်တဲ့ လူဦးရေ (၂.၆)ဘီလျံဟာ ခရစ်ယာန်ဘာသာဝင် တွေဖြစ်ပြီး (၂၅.၆%) ရှိတဲ့လူဦးရေ (၂)ဘီလျံဟာ မွတ်စ လင်တွေဖြစ်ပါတယ်။ Atheist ဘုရားမဲ့ Irreligi- ous ဘာသာမဲ့လူဦးရေ (၁၆%) (၁.၉)ဘီလျံရှိပြီး (၁၄.၉%)မှာ ဟိန္ဒူ (၁.၂) ဘီလျံ ရှိပါတယ်။ ဗုဒ္ဓဘာသာ ဟာ အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ (၇%) သန်း (၅၀ဝ)မျှသာရှိ ပါတယ်။ ဂျူးဘာသာ-ဆစ်ခ်၊ ရိုးရာ ကိုးကွယ်မှုစသဖြင့် ရှိသေးပေမယ့် ကမ္ဘာ့လူဦးရေနဲ့စာရင် ရာခိုင်နှုန်းအလွန်နည်းပါတယ်။
ဒီနေရာမှာ ခရစ်ယာန်တိုင်းပြည်တွေရဲ့လူဦးရေ တိုးနှုန်းဟာ နှစ်စဉ်ကျဆင်းနေပြီး မွတ်စလင် တိုင်းပြည်တွေမှာ သားသမီးမွေးဖွားနှုန်းမြင့်မားကြတယ်။ ဒါကြောင့် လာမယ့် (၂၀၅၀)ပြည့်နှစ် ကမ္ဘာ့ လူဦးရေ (၃၁%) ဟာ ခရစ်ယာန်တွေဖြစ်ပြီး (၃၀%) ကျော်ဟာ မွတ်စလင်တွေဖြစ်နေလိမ့်မယ်လို့ ဝါရှင် တန် ဒီစီအခြေစိုက် ဘက်လိုက်မှုမရှိသော “ပျူးသုတေသနစင်တာ” ကခန့်မှန်းပါတယ်။ အရေအတွက် မတိမ်းမယိမ်းလို့ ဆိုလိုပါတယ်။ သားသမီးမွေးဖွားနှုန်းကျဆင်းတဲ့ တိုင်းပြည်တွေမှာ ဘုရားမဲ့၊ ဘာသာမဲ့ ဝါဒီ အများစုနိုင်ငံတွေလည်းပါဝင်ကြောင်း သတိပြုမိစေလိုပါတယ်။ ဟိန္ဒူတိုင်းပြည်မှာတော့ လူဦးရေ တိုးနှုန်း တည်ငြိမ်ပေမယ့် ဗုဒ္ဓဘာသာဝင်အများစုတိုင်းပြည်တွေမှာ လျော့ကျနေပါတယ်။ ဒါပေမဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်အများစု တိုင်းပြည်တွေမှာ ဘာသာရေးဟာ ယဉ်ကျေးမှုနဲ့ တင်းကြပ်စွာချိတ်ဆက်နေပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်မှု အားကောင်းခိုင်မာပါတယ်။ လူအများဆုံးကိုးကွယ်ရာ ဘာသာ များဖြစ်လာနိုင်မှာမဟုတ်ပေမယ့်အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေကြပါလိမ့်မယ်လို့ ခန့်မှန်း ရတယ်။
ဗြိတိန်နိုင်ငံရဲ့ မွတ်စလင်အရေအတွက်တိုးတက်လာနေမှုဟာ ခရစ်ယာန် သို့မဟုတ် ဘာသာမဲ့ တွေထက် အရွယ်ရောက်သူဦးရေ ပိုမိုများပြားခြင်း၊ သား သမီးမွေးဖွားနှုန်း အနည်းငယ် ပိုမိုခြင်းတို့ ကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လူဦးရေလေ့လာမှုစာရင်းတွေမှာ တွေ့ရှိရတယ်၊ ဒါပေမဲ့ ရွှေ့ပြောင်း နေထိုင်မှု Immigration ဟာ အဓိကအရေးပါဆုံးဖြစ်ကြောင်း မငြင်းနိုင်ပါဘူး။ ဗြိတိသျှတို့ဟာ ကမ္ဘာအနှံ့ နေမဝင် အင်ပါယာထူထောင်ပြီး လူကိုလူချင်း ကိုလိုနီပြုခဲ့ပါတယ်။ နောက်ဆက်တွဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တခြား ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ လုပ်သားတွေဟာ (၁၉၅၀) မှ (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဝင်ရောက်လာခဲ့ကြပါတယ်။ 
နိုင်ငံတကာစစ်ပွဲများမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေနဲ့လူ့အခွင့်အရေးဆိုင်ရာ ခိုလှုံခွင့်ရှာဖွေသူတွေကိုလည်း လက်ခံခဲ့ရပါတယ်။ ဆိုမာ လီယာ၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ အာဖဂန် နစ္စတန် စသဖြင့် အကျပ်အတည်းနဲ့ စစ်ဒဏ်သင့်နိုင်ငံများမှ ပြောင်းရွှေ့လာသူတွေဟာ ဗြိတိန်မှာ လာ ရောက်ခိုလှုံကြပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့အတွက် ဥရောပ သမဂ္ဂအတွင်း လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်အရ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနိုင်ငံသားတို့ကိုလက် ခံခဲ့ရာ မွတ်စလင်လူနည်းစုများလည်း ပါဝင်ခဲ့ပါတယ်။ ဗြိတိန်ရဲ့ (၂၀၂၁)ခုနှစ် နောက်ဆုံးတရားဝင်သန်း ခေါင်စာရင်းအရ မွတ်စလင်ဘာသာဝင်လူဦးရေ (၃.၉)သန်းရှိပြီး တစ်နိုင်ငံလုံးရဲ့ (၆.၅%)ရှိပါတယ်။ (၂၀၁၁) သန်းခေါင်စာရင်းမှာ (၂.၇) သန်း (၄.၉%) ရှိခဲ့တဲ့အတွက် (၁၀)နှစ်အတွင်း တိုးတက်မှု အလွန်များပြားကြောင်း သိသာနေပါတယ်။ အဲဒီနောက်ပိုင်း တရားဝင်သန်းခေါင်စာရင်းကောက်ယူမှုမပြုခဲ့ပေမယ့် (၂၀၂၄)ခုနှစ် လန်ဒန်မြို့လူဦးရေ (၁၅%)မှာ မွတ် စလင်များဖြစ်ကြပြီး၊ ဗြိတိန်တစ်နိုင်ငံလုံးမှာ (၆.၈%)မှ (၇.၂%)ခန့် လူဦးရေ (၄.၃)သန်းခန့်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်သာဖြစ်ပြီး (၂၀၂၁)ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်မှု ပုံစံများ (ဥပမာ ဥရောပသမဂ္ဂမှ ယူကေနုတ်ထွက်ပြီးနောက် ဥပဒေများပြောင်းလဲမှု၊ ယူကရိန်း စစ်ဘေး ဒုက္ခသည် များရောက်ရှိမှုအပေါ်တွင် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ဗြိတိန်တစ်နိုင်ငံလုံးမှာ မွတ်စလင် ဘာ သာဝင်အရေအတွက်ဟာ (၆.၅%)သာရှိနိုင်ပြီး တိုင်းပြည်ကို ဘာသာခြားတို့က ဝါးမျိုနေပြီဖြစ်ကြောင်း၊ လူဦးရေ (၅၀%) ကျော်လွန်လာပြီဖြစ်တဲ့အတွက် ရှာရီယာဥပဒေ အ ခြေခံအုပ်ချုပ်ရေး ပြဋ္ဌာန်းပေးရန် မွတ်စလင်တို့က ဆန္ဒပြတောင်းဆိုကြောင်း လူမှုကွန်ရက်ပို့စ်တွေဟာ ဖြတ်ညှပ်ကပ် သတင်းမှားတွေသာ ဖြစ်ပါတယ်။ ဗြိ တိန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်အရ အဲဒီလိုပြဋ္ဌာန်း ဖို့မဖြစ်နိုင်သလို တောင်းဆိုမှုတွေ လည်းမရှိခဲ့ပါ။
(၂၀၂၅)ခုနှစ် ဧပြီလမှာ စတင်ပြီး ယူကေနိုင်ငံမှာ “လူဝင်မှုကြီးကြပ်ရေး”(မူဝါဒ) ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချို့နေရာတွေမှာ အကြမ်း ဖက်မှုတွေအဖြစ်ပြောင်းလဲသွားတဲ့အတွက် ရဲတပ် ဖွဲ့ဝင်(၄၀)ကျော် ဒဏ်ရာရရှိ၊ လူပေါင်း (၁၄၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ လူပေါင်း တစ် သိန်းခွဲ၊ နိုင်ငံအနှံ့ လူ (၅)သိန်းခန့် ဆန္ဒပြကြခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို အဆင့်မြင့်ဟိုတယ်တွေမှာ နေရာထိုင်ခင်းစီစဉ်ပေးတဲ့ ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတချို့ကတော့ ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ကန့်ကွက်ရှုတ်ချမှုတွေရှိခဲ့ပါ တယ်။ မွတ်စလင်ရယ်လို့ သီးခြားသတ်မှတ်ခြင်း မဟုတ်ဘဲ မည်သည့်နိုင်ငံကမဆို ရွှေ့ပြောင်းဝင်ရောက် လာသူအားလုံးကို ရည်ရွယ်ပါတယ်။
အဲဒီဆန္ဒပြပွဲတွေကို မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအဖြစ် ကမ္ဘာက ရှုမြင်ခြင်းမှာ ဆန္ဒပြပွဲများ ဖြစ်ပေါ်စေရန် ဦးဆောင်စည်းရုံးသူ “တိုမီရော်ဘင်ဆင်”မှာ “အစ္စလာမ်ဆန့်ကျင်ရေး” “လက်ယာ အစွန်းရောက်” “တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီ” တစ်ဦးဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ဖရီးလင့်စ် သတင်းထောက်တစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုသူ ရော်ဘင်ဆင်ဟာ (၂၀ဝ၅)ခုနှစ်မှ အနှစ်(၂၀)အတွင်း စုစုပေါင်း ထောင်ဒဏ် (၅) နှစ် ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာ (၂၀၂၁) ခုနှစ် “ဟတ်ဒါ စဖီးလ်” စာသင်ကျောင်းမှ အသက်(၁၅)နှစ်အရွယ် ဒုက္ခသည် မိန်းကလေးတစ်ဦးကို မဟုတ်မမှန် အသ ရေဖျက်မှုဖြင့် ဒဏ်ငွေ ပေါင်တစ်သိန်းနဲ့ တရားစရိတ်များပေးဆောင်စေရန် စီရင်ခံရခြင်းဖြစ်ပါတယ်။ အသရေဖျက်မှုအကြိမ်ပေါင်းများစွာအပြင် တရားရုံးတော်ရဲ့ ခြေချုပ်အမိန့်ကို ဖောက်ဖျက်ခြင်း၊ တရားရုံး တော်ကို မထီမဲ့မြင်ပြုမှုများလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းမှာသတင်းအမှားများ ဖြန့်ဝေကြောင်း စွပ်စွဲခံရသူများမှာ တိုမီရော်ဘင်ဆင်ကိုယ်တိုင်နဲ့ ဗြိ တိန် ပထမ၊ အမိမြေပါတီနဲ့ UKIP လို မျိုးချစ်အဖွဲ့ အစည်းအမည်ခံ လက်ယာစွန်းအုပ်စုတွေ ဖြစ်ပါ တယ်။ ကန့်ကွက်ပွဲတွေနဲ့ တခြားဆန္ဒပြပွဲတွေကို တမင်ရည်ရွယ်ပေါင်းစပ်ပြီး သတင်းတုတွေနဲ့ ပုံကြီးချဲ့ဖို့ အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို အဓိကအသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် What App, Telegram နဲ့ Facebook အပြင် X (ယခင် Twitter) မှာ အဓိပ္ပာယ်ကောက်ယူလွဲမှားစေတဲ့သတင်းတွေကိုဖော်ပြပြီး အစွန်းရောက်လှုပ်ရှားမှုတွေ၊ အကြမ်းဖက်တွေဖြစ်ပေါ်လာစေဖို့သွေးထိုးလှုံဆော်ခဲ့ကြ ပါ တယ်။
အဲဒီပါးစပ်စကားတွေကို အတည်လုပ်ပြီး သတင်းအဖြစ်ဖော်ကြတဲ့ မီဒီယာတွေကတော့ Daily Mail, The Sun တို့လို Tabloid လူပြိန်းကြိုက် အပျော်ဖတ်သတင်းစာတွေဖြစ်ပြီး Muslim over “မွတ် စလင်တွေလွှမ်းမိုးနေပြီ”လို့ ပြူးတူးပြဲတဲခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ဂိုဏ်းဂဏ အုပ်စုချင်း ပြိုင်ဆိုင်ရာမှာ ထောက်ခံအင်အား ရှာဖွေနေသူတွေကလည်း မွတ်စလင်ဘာသာဝင်တို့အပေါ် လူထုအ မြင်တိမ်းစောင်းအောင် ခြောက်လုံး လှန့်လုံးတွေနဲ့ စည်းရုံးကြပါတယ်။
တကယ်တော့ ဂျူးဘာသာ-ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်တို့မှာ Abrahamic Religions အာဗြဟံ အခြေခံဘာသာတွေအဖြစ်လူသိများပါတယ်။ တစ်ဆူတည်းသော ဘုရားသခင်အပေါ် အခြေခံ ယုံ ကြည်ပြီး ပရောဖက်ပြု ထုံးတမ်းစဉ်လာတွေ၊ အာဗြဟံမှဆင်းသက်လာတဲ့ ဝိညာဉ်ရေးရာ အမွေအနှစ် တွေကို ဆက်ခံပြီး ဖန်ဆင်းခြင်း၊ ဗျာဒိတ်တော်နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာကြား အပြန်အလှန် ကူးပြောင်းမှုတွေကိုတွေ့ရှိရပါတယ်။ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ မိုဆက်ဟာဆန်ယူဆွတ်ရဲ့ သား အရင်း ဟာ (၁၉၉၀) ပြည့်နှစ်မှာ ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီး နှစ်ခြင်းခံယုူခဲ့ပါတယ်။ အလားတူ အစ္စလာမ်ဘာသာမှ ခရစ်ယာန်အဖြစ်- တစ်ဖန် ခရစ်ယာန်မှ အစ္စလာမ်အဖြစ်ကူးပြောင်းခြင်းများဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတချို့မှာ ရှိတတ်ပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအများစုမှာ အစ္စလာမ်မှ ခရစ်ယာန်ကူးပြောင်းခြင်းဟာ တရားရေး ဆိုင်ရာပြဿနာတွေနဲ့ မိသားစုဝိုင်းပယ်ခံရခြင်းများ ဖြစ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာဝင်အဖြစ်ကူးပြောင်းခြင်းကို ဘာသာရေးလွတ်လပ်ခွင့်ဥပဒေက အကာအကွယ်ပေးထားပါ တယ်။ 
အရှေ့အလယ်ပိုင်း ဂါဇာစစ်ပွဲဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်းသူ များပြားလာကြောင်း “တယ်လီဂရပ်ဖ် သတင်းစာ” (2 December 2025)ကရေးပါတယ်။ အဲဒီလိုဖြစ် ရခြင်းမှာ အဖွဲ့အစည်းတစ်ခုခုက ဟောပြောစည်းရုံးကြောင်း အထောက်အထား မတွေ့ရဘူးလို့ဆိုပါ တယ်။ ဘာသာရေးဆိုင်ရာ စနစ်တကျ စည်းရုံးဟောပြောခြင်းများကြောင့်မဟုတ်ဘဲ လူမူရေး စိတ် ခံစားချက်အကြောင်းရင်းခံများအရဖြစ်ကြောင်း၊ ဂါဇာနေ ပါလက် စတိုင်းတို့အပေါ် လူမှုဖိနှိပ်ခြင်းကို အသိအမြင်တိုးပွားလာခြင်း၊ ကူညီစာနာစိတ်ကြောင့်ဖြစ်ကြောင်း၊ ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေကို တိမ်းညွှတ်ခြင်း၊ လူမှုကွန်ရက်များမှာ အစ္စလာမ်ဓလေ့ ယဉ်ကျေးမှု၊ စာပေရေးရာ အပြုသဘောဆောင် ဟောပြောမှုများအရဖြစ်ကြောင်း IIFL ခေါ် ယုံကြည်မှုဆိုင်ရာသုတေသနအဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 
အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြသူများရဲ့ (၂၀%)ဟာ ကမ္ဘာ့စစ်ရေးတင်းမာမှုများကြောင့်ဖြစ်ပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ အတွေးအမြင်တွေကြောင့် (၁၈%)ရှိနေပါတယ်။ မီဒီယာတို့အပေါ် ယုံကြည်ရန်ခက်ခဲပြီး ကမ္ဘာကြီးဟာ တရားမျှတခြင်း ဖြောင့်မတ်မှန်ကန်ခြင်းမရှိကြောင်း၊ အစ္စလာမ်ဟာ အဓိပ္ပာယ်ဖော်ပြချက်နဲ့ စည်းကမ်းစနစ်ပါဝင်ပြီး တိကျတဲ့ဘဝနေနည်းပါဝင်ခြင်းကြောင့် ဖြစ်တယ်လို့သိရှိရပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ ဘုရားကိုအယုံအကြည်မရှိ-ဘာသာမဲ့ဖြစ်ကြောင်း ဘယ်လိုပဲ ကြွေးကြော်ကြပါစေ ရင်ဆိုင်ရန် ခက်ခဲတဲ့ မတရားမှုတွေနဲ့ အားကိုးရာမဲ့ဖြစ်တဲ့အခါ ကိုးကွယ်ရာ ဘာသာတရားတစ်ခုခုဆီကို ဦးတည်ဖို့ ဖြစ်လာတတ်ပါတယ်။

Np news