သုတေသနမှသည် . . .

Posted_Date

Image

သုတေသနမှသည် . . .

Body

     မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံကို ရန်ကုန်တက္ကသိုလ်  သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ၇ ရက်အထိ ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပမှ   စာတမ်းရှင်များက စာတမ်းဖတ်ကြား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့သည်  ယင်းအချိန်မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် မီးရှူးတန်ဆောင်အဖြစ် သုတေသနညီလာခံကြီးများကျင်းပလာခဲ့သည်မှာ ယခုအချိန်တွင် (၂၅) ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်သည်။

ငွေရတုညီလာခံအား လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဟူသည့် ဦးတည်ချက်နှင့် ကျင်းပဆောင်ရွက်ခဲ့သည်။  ယခုနှစ်ညီလာခံတွင်   ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာရပ် ၃၃ မျိုးအတွက် သုတေသနစာတမ်းပေါင်း ၃၁၂ စောင်နှင့် နိုင်ငံခြားစာတမ်း  ၁၅  စောင်ဖတ်ကြားခဲ့ရာ   ပညာရေးတက္ကသိုလ်တို့မှ ပညာရေးဘာသာရပ်များဖြစ်သော သင်ရိုးညွှန်းတမ်းနှင့်  သင်ပြနည်း၊  ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှုနှင့် ပညာရေးစိတ်ပညာဘာသာတို့မှ စာတမ်းပေါင်း ၈၅ စောင်ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ ယင်းစာတမ်းများတွင် ကာယပညာနှင့် ကျောင်းကျန်းမာရေးဘာသာရပ်မှ ကာယပညာဖြင့် ဆရာဖြစ်လာမည့်   ကျောင်းသားဆရာများ၏ ကာယပညာစာပေအပေါ်   လေ့လာခြင်းစာတမ်းတစ်စောင်၊ ကျောင်းကျန်းမာရေးဖြင့် အခြေခံပညာ‌‌ကျောင်းများ၏ ကျောင်းကျန်းမာရေး ဆောင်ရွက်မှုအပေါ် လေ့လာခြင်းစာတမ်းတစ်စောင်တို့ ဖတ်ကြားဆွေးနွေးခဲ့ကြသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နေပြည်တော် အမျိုးသားကာကွယ်ရေးနှင့်    လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ခဲ့သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခြေခံကျောင်းများအတွက် ကာယနည်းပြများ လိုအပ်သောကြောင့် ကာယပညာနည်းပြများ လေ့ကျင့်ခန့်အပ်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊  အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်းများတွင် မုန့်များရောင်းချရာ၌ သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာများကိုသာ  ရောင်းချစေရေး တာဝန်ရှိသူများက   ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း”   လမ်းညွှန်ပြောကြားခဲ့သည်။ 

ထို့ကြောင့် ကာယပညာနှင့်ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ အဆိုပါသုတေသန စာတမ်းနှစ်စောင်သည် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေခဲ့သည်။

ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်သည် ပညာရေးကဏ္ဍအား အထူးအလေးပေး ဆောင်ရွက်နေသည့်အားလျော်စွာ    အနာဂတ်ခေါင်းဆောင်လူငယ်များအား  ပြုစုပျိုးထောင်သည့်  ဆရာများမွေးထုတ်ပေးနေသော ပညာရေးတက္ကသိုလ်များ၏ ပညာရေးဘာသာရပ် သုတေသနစာတမ်းများသည် အားရဖွယ်ကောင်းလှသည်။

သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်သည်။  သုတေသနဆောင်ရွက်မှုများမှ တစ်ဆင့် ကိုယ်တိုင်လေ့လာသင်ယူနေသည့် ပညာရပ်နယ်ပယ်တွင်   ပိုမိုတတ်ကျွမ်းထူးချွန်လာမည်ဖြစ်သည်။  ထို့ပြင် သုတေသနများမှရရှိလာသည့် ရှာဖွေဖော်ထုတ်တွေ့ရှိမှု အသစ်၊ နည်းပညာအသစ်များအား    ပညာရေးတွင်လက်တွေ့အသုံးချပြီး နိုင်ငံတော်မှ   အားကိုးအားထားပြုရသော အရည်အသွေးရှိ ဆရာကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

မြန်မာ့ပညာရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတေသနလုပ်ငန်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ခေတ်မီသော သင်ကြားသင်ယူမှုစနစ်တစ်ခု တည်ဆောက်ရန်အတွက် သုတေသနပြုလုပ်ခြင်းနှင့် ၎င်း၏ရလဒ်များကို   လက်တွေ့အသုံးချခြင်းနှင့်ပတ်သက်၍ ဖွင့်ပွဲအခမ်းအ‌နား၌ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်

ကြသည်ကိုတွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏  ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ယခု (၂၅) ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်မှပေါ်ထွက်လာမည့် အထောက်အထားအခြေပြု သုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ဒေသအလိုက် အကျိုးဖြစ်ထွန်းစေမည့်မူဝါဒများ   ရေးဆွဲအကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

သုတေသနလုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့်သွားမည်မဟုတ်ဘဲ ရှေးဦးရလဒ်ကိုအခြေပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ်  သုတေသနဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင်မည်ဖြစ်သည်။  သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှုအသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည်ဖြစ်သည်။ 

ပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲရာတွင် ခိုင်လုံသော အထောက်အထားမပါဘဲ ဆောင်ရွက်ခြင်းသည် မှားယွင်းသောဆုံးဖြတ်ချက်များဆီသို့  ဦးတည်သွားစေနိုင်သည်။ ထို့ကြောင့် မြန်မာ့ပညာရေးလောကတွင်    သုတေသနလုပ်ငန်းများသည်   မရှိမဖြစ်လိုအပ်သော  အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အမှန်တကယ်ဖြစ်ပျက်နေသော ပြဿနာများကို ပညာရေးသုတေသနပြုလုပ်ရှာဖွေနိုင်ခြင်းဖြင့် စာသင်ခန်းအတွင်းရှိ     ကလေးများ၏သင်ယူမှု အခက်အခဲများ၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုဆိုင်ရာ အခြေအနေအရပ်ရပ်အား သုတေသနပြုခြင်းဖြင့်သာ အတိအကျသိရှိနိုင်မည်ဖြစ်သည်။

အရည်အသွေးရှိသော သင်ရိုးညွှန်းတမ်းများ ပေါ်ထွက်လာစေရန် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီပြီး မြန်မာ့ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် သင်ရိုးများဖြစ်လာစေရန် သုတေသန အချက်အလက်များက အထောက်အကူပြုသည်။ ပညာရေးမူဝါဒများချမှတ်ရာတွင် တိကျခြင်းနှင့် ပညာရေးဆိုင်ရာမူဝါဒများကို ခန့်မှန်းချက်များဖြင့် မဆုံးဖြတ်ဘဲ သုတေသနရလဒ်များအပေါ် အခြေခံ၍  ဆုံးဖြတ်ခြင်းဖြင့်   ပိုမိုထိရောက်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်သည်။

သုတေသနရလဒ်များအား သုတေသနပြုလုပ်ရုံသာမက  ၎င်းမှထွက်ပေါ်လာသော အကြံပြုချက်များကိုလည်း လက်တွေ့အသုံးချသုတေသနအဖြစ် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏စာသင်ခန်းအတွင်း ကြုံတွေ့ရသောပြဿနာများကို  ကိုယ်တိုင်သုတေသနပြုပြီး  ရရှိလာသောရလဒ်များဖြင့် သင်ကြားမှုနည်းစနစ်ကို ချက်ချင်းပြုပြင်ပြောင်းလဲနိုင်သည်။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) ကဲ့သို့သော စီမံကိန်းများတွင်  သုတေသနတွေ့ရှိချက်များကိုအခြေခံ၍ ဘတ်ဂျက်ခွဲဝေခြင်းနှင့် ဦးစားပေးလုပ်ငန်းများသတ်မှတ်နိုင်ပြီး သုတေသနပြုချက်များအရ လိုအပ်နေသော သင်ကြားမှုစွမ်းရည်များကို ဆရာအတတ်ပညာမြှင့်တင်ရေး အဖြစ် ဆရာဖြစ်သင်တန်းများတွင်   အဓိကထား သင်ကြားပေးနိုင်သည်။

အဆင့်မြင့်ပညာကဏ္ဍတွင် သုတေသနလုပ်ငန်း အဆင့်မြင့်မားမှု၊ အရည်အသွေးပြည့်မီမှုတို့ကို ရှေးရှုလျက် နိုင်ငံတကာအဆင့်မီသော သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်  တွန်းအားပေးသည့်အနေဖြင့် စာတမ်းများတင်ပြ ဆွေးနွေး၍ အကောင်းဆုံးသုတေသနစာတမ်းဆုများ  ပေးအပ်ချီးမြှင့်ခဲ့ပြီးသုတေသနညီလာခံမှ ဘာသာရပ်အလိုက် အဆင့်မီသောသုတေသနစာတမ်းများကို စုစည်းတည်းဖြတ်၍ ဂျာနယ်များထုတ်ဝေဖြန့်ချိခြင်းများလည်း ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားလာစေရန်အတွက် သုတေသနယဉ်ကျေးမှု (Research Culture) ကိုမြှင့်တင်ရမည်ဖြစ်ပြီး သုတေသန ရလဒ်များကို စနစ်တကျအသုံးချခြင်းဖြင့်သာ ကျောင်းသားဗဟိုပြု သင်ယူမှုနှင့် အရည်အသွေးရှိသော ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း   ရေးသားတင်ပြလိုက်ပါသည်။    ။

MWD