ကြက်ဟင်းခါးသီး၏ ကျန်းမာရေး ကောင်းကျိုးများ
Posted_Date
Image
Body
မြန်မာလူမျိုးတို့၏ ထမင်းဝိုင်းများတွင် အရံဟင်းလျာအဖြစ် အခါးအရသာပေးသည့် ကြက်ဟင်းခါးသီးကို နှစ်ခြိုက်စွာ ကြော်ချက်စားသောက်လေ့ ရှိကြသည်။ အခါးအရသာရှိသော အခါးထဲတွင် ကြက်ဟင်းခါးသီး၏ ပင်ကိုခါးသည့်အရသာက ကျန်းမာရေးအတွက် မည်မျှအထောက်အကူပြုနေသည်ကို ကျန်းမာရေးသုတအနေဖြင့် ဖော်ပြလိုက်ပါသည်။
ချွဲပျော်စေသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် ပိုတက်ဆီယမ် ပါဝင်သောကြောင့် အသက်ရှူလမ်းကြောင်း တစ်လျှောက်နှင့် အဆုတ်ထဲမှချွဲသလိပ် များကို ဖယ်ရှားပေးသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်သော ချွဲသလိပ်ကပ်ခြင်းကို သက်သာပျောက် ကင်းစေနိုင်သည်။
ဝမ်းချုပ်ခြင်းကိုသက်သာစေသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် ရေဓာတ်ကြွယ်ဝ စွာပါဝင်မှုကြောင့် ခန္ဓာကိုယ်တွင်းရေဓာတ် ကို ပြည့်ဝစေသည့်အပြင် အမျှင်ဓာတ်နှင့် ရေဓာတ်ကြောင့် အူများ၏လှုပ်ရှားမှုကိုကောင်းမွန်စေနိုင်သကဲ့သို့ အစာခြေစနစ် ကို ကောင်းမွန်စေရန်လည်း အထောက် အကူပြုပေးနိုင်သည်။
အစာစားချင်စိတ်ကိုဖြစ်စေနိုင်သော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီး၏ ခါးသက်သက် အရသာက အစာစားချင်စိတ်ကို ဖြစ်စေနိုင်ပြီး ကိုယ်ခံအားကောင်းစေရန်လည်း အထောက်အကူပေးနိုင်သည်။
အသည်းကျန်းမာစေသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင်ပါဝင်သော ရေ ဓာတ်နှင့် ဇင့်ဓာတ်တို့က အသည်းကျန်းမာ စေရန် အထောက်အကူပေးသည်။ သို့ရာ တွင် ဟင်းသီးဟင်းရွက်များတွင်ပါတတ် သော Monorcharins ဟုခေါ်သည့် ဒြပ် ပေါင်းတချို့ ကြက်ဟင်းခါးသီးတွင်လည်း ပါဝင်နိုင်သောကြောင့် ယင်းကို ရေရှည် စားသုံးခြင်းဖြင့် အသည်းရောင်ရမ်းခြင်း ကို ဖြစ်စေနိုင်သည်။ ကြက်ဟင်းခါးသီး က အသည်းကို တိုက်ရိုက်ထိခိုက်မှုမရှိ သော်လည်း ရေရှည်စားသုံးခြင်းဖြင့် အသည်းအင်ဇိုင်းကိုမြင့်တက်စေပြီး သွေး လွှတ်ကြောမာကျောခြင်းကို ဖြစ်ပေါ်စေ နိုင်သောကြောင့် အလွန်အကျွံစားသုံး ခြင်းကို ရှောင်ကြည်သင့်သည်။
လေဖြတ်နိုင်ခြေနည်းသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးက သွေးကြောများ ကိုကျန်းမာစေပြီး နှလုံးကျန်းမာစေရန် အထောက်အကူပြုသကဲ့သို့ လေဖြတ်နိုင် ခြေကိုလည်း လျှော့ချပေးသည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသောကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီး၏ အခါးဓာတ်သည် သွေးသန့်စေရန် အကောင်းဆုံးအထောက် အကူဖြစ်သည်။ အခါးဓာတ်ပါသည့်ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကိုထိန်းပေးပြီး ဆီးချိုကျစေရန်အထောက်အကူပေးသည့်အပြင် ဆီးချို ရောဂါ၏ နောက်ဆက်တွဲပြဿနာများ မဖြစ်စေရန်လည်း ကာကွယ်ပေးသည်။
ကင်ဆာရောဂါကိုကာကွယ်ပေးသောကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် ရင်သားကင်ဆာ ဖြစ်ပွားစေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်း များကို တားဆီးနိုင်ပြီး ရင်သားကင်ဆာ မျိုးပွားမှုကို ပိတ်ပင်စေနိုင်သကဲ့သို့ ယင်းဆဲလ်များသေစေရန်လည်း လှုံ့ဆော်ပေးနိုင်သည်။ ကြက်ဟင်းခါးသီးတွင် ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင် သောကြောင့် ကင်ဆာမဖြစ်စေရန် ကာကွယ် ပေးသကဲ့သို့ ကင်ဆာဆဲလ်များပြန့်ပွား မှုကိုလည်း တားဆီးထိန်းချုပ်ပေးနိုင်သည်။
ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် ဗီတာမင်-C နှင့် ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကိုယ်ခံအားကောင်းစေရန် အထောက် အကူပေးသည်။ ကြက်ဟင်းခါးရွက် သို့မဟုတ် ကြက်ဟင်းခါးသီးကို ရေနှင့်ပြုတ်ပြီး နေ့စဉ်စားပေးပါက ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး ကူးစက်ရောဂါများကို ကာကွယ်ပေးသည်။
အမြင်အာရုံကိုကောင်းမွန်စေသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင် ဘီတာကယ်ရို တင်းနှင့် တခြားအာနိသင်များပါဝင်မှု မြင့်မားသောကြောင့် မျက်စိပြဿနာများ ကိုကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေသည်။
သွေးတွင်းမကောင်းသော အဆီဓာတ်များကို လျှော့ချပေးသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးအရည်သည် သွေးပြဿနာများနှင့် သွေးဆိပ်သင့်ခြင်းကြောင့် ဖြစ်သည့်ယားယံမှုများနှင့် အနာများကို ကုသရာတွင် အထူးကောင်းမွန်သည်။ လတ်ဆတ်သည့်ကြက်ဟင်းခါးသီးအရည် ကို သံပရာရည်နှင့်ရောကာ အစာမရှိချိန် တွင် တဖြည်းဖြည်းငုံ၍ နေ့စဉ်သောက်သုံး ပေးပါက ခြောက်လခန့်အကြာတွင် သိသာ ထင်ရှားသည့်တိုးတက်မှုကို တွေ့ရှိရသည်။
ဆီးချိုရောဂါကို ထိန်းချုပ်ပေးသော ကြက်ဟင်းခါးသီး
ကြက်ဟင်းခါးသီးတွင်ပါဝင်သည့် အပင် ထွက်အင်ဆူလင်က ဆီးနှင့်သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပြီး သွေးတွင်း အင်ဆူလင်အဆင့်ကိုမတိုးစေဘဲ ကလူး ကို့စ်ခံနိုင်ရည်ရှိမှုကို သိသာစွာကောင်းမွန်စေသည်။
ကြက်ဟင်းခါးသီးနှင့် တွဲဖက်မစားသင့်သော အစာများ
ကြက်ဟင်းခါးသီးကို မှို၊ ကြက်သားတို့နှင့် တွဲဖက်စားသုံးပါက အကြောတက်ခြင်း၊ အော့အန်ခြင်းတို့ဖြစ်စေနိုင်သည်။ ကြက်ဟင်းခါးသီး၏ အခါးဓာတ်ကို လျှော့ချလိုပါက ဆားရည်စိမ်ပြီးမှ ချက်ပြုတ်စားသောက်သင့်သည်။
ကြက်ဟင်းခါးသီး အလွန်အကျွံ စားသုံးခြင်းဖြင့် ဖြစ်ပေါ်စေနိုင်သော ရောဂါလက္ခဏာများ
ကြက်ဟင်းခါးသီး အလွန်အကျွံစားသုံးပါက နှလုံးခုန်နှုန်းမမှန်ခြင်းဖြစ်စေနိုင်ပြီး နှလုံးခုန်နှုန်းမမှန်သည့်အခါတွင် နှလုံး၏ တစ်ဖက်ခြမ်း၌ သွေးစုစည်းမှုကိုဖြစ်ပေါ် စေနိုင်ကာ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင် သည်။ ကြက်ဟင်းခါးသီးတွင် Tetracyclic Triterpenoid ဒြပ်ပေါင်းများ ပါဝင်ခြင်း ကြောင့် အဆိပ်အတောက်အာနိသင်ရှိပြီး အော့အန်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် ကြက်ဟင်းခါးသီးအစားများခြင်း ကြောင့်၊ အင်ဆူလင်ထိုးဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဖြစ်ပေါ်သော Hypogly-cemic Coma ဟုခေါ်သည့် မေ့မြောမှုပုံစံ ဖြစ်ပေါ်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သည်။ ကြက်ဟင်းခါးသီး ကို ၄၀၀၀ မီလီဂရမ်စားသုံးခြင်းက အန္တရာယ်ကင်းစေနိုင်သော်လည်း အလွန် အကျွံစားသုံးပါက ကျောက်ကပ်၏ လုပ်ငန်း ဆောင်တာများကို ပြောင်းလဲမှုဖြစ်ပေါ်စေ နိုင်သည်။
ကြက်ဟင်းခါးသီး၏ ဘေးထွက်ဆိုးကျိုးများ
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင် အစားအစာတစ်ခုအဖြစ် စားသုံးကြသော် လည်း အလွန်အကျွံစားသုံးမည်ဆိုပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ဓမ္မတာစီးဆင်းမှု များပြားခြင်း၊ ဆေးတန်ပြန်ခြင်း၊ အသည်း ရောင်ရမ်းခြင်းနှင့် နှလုံးခုန်မမှန်ခြင်း စသည့်ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေ နိုင်သည်။ ထို့ကြောင့် နို့တိုက်မိခင်များ အနေဖြင့်လည်း ကြက်ဟင်းခါးသီးကို အလွန်အကျွံမစားသင့်ပေ။ ကြက်ဟင်းခါး သီးစားပြီး အင်္ဂလိပ်ဆေးသောက်သုံးပါက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေနိုင်သဖြင့် ဆီးချိုရောဂါဝေဒနာရှင် များအနေဖြင့် စားသုံးရန်မသင့်ပေ။ များသောအားဖြင့် သက်ကြီးရွယ်အိုများသည် တန်ဆေးလွန်ဘေးမဖြစ်စေရန် ချင့်ချိန်ပြီးစားသင့်သည်။ ကြက်ဟင်းခါးသီးသည် လူတို့ကျန်းမာရေးအတွက် အသုံးဝင်သကဲ့သို့ အရွက်သည်လည်း ဆေးဖက်ဝင်သည်။
ရှေးယခင်ကတည်းက ကြက်ဟင်းခါး ညွန့်ကို ဗိုင်းရပ်စ်များတိုက်ဖျက်ရန်၊ ငှက် ဖျား၊ ဝက်သက်ကဲ့သို့ ကျန်းမာရေးပြဿနာများ သက်သာစေရန် အသုံးပြုခဲ့ကြသည့် အပြင် ဆီးချိုကျစေရန်၊ သွေးတိုးသက်သာ စေရန်နှင့် ကလေးမွေးဖွားရလွယ်ကူစေ ရန် အသုံးပြုခဲ့ကြသည်။ ကြက်ဟင်းခါး ရွက်ကို အတို့အမြှုပ်အနေဖြင့်လည်း စားကြသည်။
သွေးတိုးနှင့်ဆီးချိုသက်သာစေနိုင်သော ကြက်ဟင်းခါးညွန့်
သွေးတိုးရှိသူများအနေဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိနိုင်ရန် ကြက်ဟင်းခါးညွန့် ကိုစားပေးခြင်းဖြစ်စေ၊ ရေနွေးကြမ်းအနေဖြင့်ဖြစ်စေ သောက်ပေးနိုင်သည်။ ကြက်ဟင်းခါးညွန့်သည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသောကြောင့် ကြက်ဟင်းခါးညွန့်ကို ပြုတ်တို့စားခြင်းဖြင့် ဖြစ်စေ၊ သတ္တုရည်ကိုသောက်ပေးခြင်း ဖြင့်ဖြစ်စေ၊ ကြက်ဟင်းခါးညွန့်ပြုတ်ရည် ကိုသောက်ပေးခြင်းဖြင့်ဖြစ်စေ အမျိုး အစား-၂ ဆီးချိုရောဂါကို သက်သာစေနိုင် မည်ဖြစ်သကဲ့သို့ ကာကွယ်ရာလည်း ရောက်စေသည်။
လိပ်ခေါင်းရောဂါ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အသည်းရောင်အသားဝါရောဂါကို သက်သာစေသောကြက်ဟင်းခါးညွန့်
မနက်တိုင်း ကြက်ဟင်းခါးညွန့်သတ္တု ရည်ကို သောက်သုံးပေးခြင်းဖြင့် လိပ် ခေါင်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာစေသည့်အပြင် အသည်း ရောင်အသားဝါရောဂါ ဖြစ်နေသူများ ကြက်ဟင်းခါးညွန့်ကို စားသုံးခြင်းဖြင့် သက်သာစေနိုင်သည်။
ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်သော ကြက်ဟင်းခါးညွန့်
ပန်းနာရင်ကျပ်ရောဂါခံစားနေရသူများသည် မနက်စောစောတွင် ကြက်ဟင်းခါးညွန့်နှင့် ပင်စိမ်းရွက်တို့ကိုဆတူရော၍ ကြိတ်ပြီး ရလာသည့်အနှစ်ကို ပျားရည်နှင့် ဆတူရောကာ လက်ဖက်ရည်ဇွန်းတစ်ဇွန်း စားသုံးပေးပါက ပန်းနာရင်ကျပ်ရောဂါ ကို သက်သာစေနိုင်သည်။
အရေပြားပြဿနာများနှင့် လက်ဖျားခြေဖျားများပူခြင်းကို သက်သာစေနိုင်သောကြက်ဟင်းခါးညွန့်
အပူလောင်ခြင်းမှစ၍ အနာများဖြစ်ခြင်းအထိ အရေပြားပြဿနာအမျိုးမျိုး အတွက် ကြက်ဟင်းခါးညွန့်ကိုကြိတ်ခြေပြီး လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။ လက်ဖျားခြေဖျားများပူသလိုလို စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းများကိုလည်း ကြက် ဟင်းခါးညွန့်ကြိတ်ရည် လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်သည်။
ကြက်ဟင်းခါးညွန့်မစားသင့်သူများ
ကြက်ဟင်းခါးညွန့်က ကျန်းမာရေးအတွက် အကျိုးများသော်လည်း ကလေးငယ်များ၊ နို့တိုက်မိခင်များ၊ ရောဂါအခံရှိသူများနှင့် ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူများ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စားသုံးသင့်ပြီး အလွန်အကျွံစားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
Credit to Citymall
