ကြက်ငှက်တုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ
Posted_Date
Image
Body
ကြက်၊ ဘဲ၊ ငန်း၊ ငုံး၊ ခိုနှင့် ကျေးငှက်များတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိသည်။ ရောဂါလက္ခဏာများအနေဖြင့် ကြက်၊ ငှက်များတွင် ရောဂါဖြစ်လျှင် ရုတ်တရက်သေဆုံးမှုများလာသည်။ ဥကြက်တို့တွင် ဥနှုန်းကျဆင်းလာသည်။ ကြက်များသည် ကုပ်၍ အစာစားနှုန်းကျကာ ရေသောက်နှုန်း
များပြီး ၀မ်းသွားသည်။ အသက်ရှူခက်ခြင်း၊ မျက်ရည်နှင့် နှာရည်ကျခြင်း၊ ဦးခေါင်းနှင့် မျက်နှာဖောရောင်ခြင်းတို့ကိုလည်း တွေ့ရသည်။ ကြက်အမောက်နှင့် ပါးပျဉ်းရောင်၍ ပြာနှမ်းလာနိုင်သည်။ ခြေထောက် နှင့် ခြေဆစ်တို့တွင် သွေးယိုစီးမှုဖြစ်ပြီး အနီစက်များထွက်သည်။ သေဆုံးမှုနှုန်းမြင့်မား၍ ကြက်များ ခြံလုံးကျွတ်သေဆုံးသည်အထိ ဖြစ်နိုင်သည်။
ကူးစက်ခြင်း
ကြက်ငှက်တုပ်ကွေးရောဂါသည် တိရစ္ဆာန် အချင်းချင်းသော်လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့ လည်းကောင်း ကူးစက်နိုင်သည်။ ရောဂါဖြစ်သည့်ကြက်၊ ငှက်တို့၏ မစင်၊ နှာရည်တို့တွင် ပိုးများပါရှိပြီး ယင်းတို့မှတစ်ဆင့် ကူးစက်သည်။ ကိုယ်ထဲသို့ ပိုး၀င်ပြီး သုံးရက်မှ ခုနစ်ရက်အကြာတွင် ရောဂါလက္ခဏာများ ပေါ်ပေါက်သည်။ အများဆုံးတွေ့ရသော ရောဂါလက္ခဏာများမှာ ကိုယ်အပူချိန်တက်ခြင်း(ဖျားခြင်း)၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ မျက်စိနာခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အသက်ရှူမြန်ခြင်းတို့ဖြစ်သည်။ ထို့ပြင် အသက်ရှူရခက်ခဲပြီး ပြင်းထန်ပါက အဆုတ်ရောင်သည်အထိ ဖြစ်နိုင်သည်။ ရောဂါဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အဆုတ်ရောင်ရောဂါ၊ အဆုတ်အလုပ်မလုပ်နိုင်တော့ခြင်း၊ အသက်မရှူနိုင်တော့ခြင်း၊ ကျောက်ကပ်မကောင်းခြင်း၊ နှလုံးပြဿနာများဖြစ်ခြင်း စသည့် အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ပြင်းထန်သောလက္ခဏာများ တွေ့ကြုံရနိုင်သည်။
လူတွင်ကူးစက်ခြင်း
`ကြက်၊ ငှက်များနှင့် ထိတွေ့မှုရှိသောလူတို့တွင် ရောဂါကူးစက်မှုဖြစ်ပါက အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမ၀ခြင်း၊ အသက်ရှူကျပ်ခြင်းတို့ ကို ခံစားရသည်။
ကြက်ငှက်မွေးမြူသူများလိုက်နာရန်
- စျေးများ၊ မွေးမြူရေးခြံများရှိ ကြက်၊ ငှက်များကို တောရိုင်းကြက်၊ ငှက်များ၊ ဆောင်းခိုငှက်များနှင့် ထိတွေ့မှုမရှိစေရန်ထားခြင်း။
- တခြားမွေးမြူရေးခြံမှ ကြက်၊ ငှက်များကို တင်သွင်းမွေးမြူမှုမပြုခြင်း။
- ကြက်ခြံတွင်းသို့ ဧည့်သည်၊ သူစိမ်း၊ ကလေးငယ်များ မ၀င်စေခြင်း။
- မည်သူမဆို ကြက်ခြံအတွင်းသို့ ၀င်ရောက်ပါက သတ်မှတ်ထားသည့် ဖိနပ်၊ ၀တ်စုံ၊ ခေါင်းစည်း၊ နှာခေါင်းစည်း၊ လက်အိတ်တို့၀တ်ဆင်ခြင်း။
- ကြက်ခြံအတွင်းသို့ ပြင်ပမှပိုးများ မ၀င်ရောက်စေရန် ထုံး၊ ပိုးသတ်ဆေးများကိုသုံး၍ ပုံမှန် သန့်ရှင်းခြင်း။
- ကြက်ခြံလုပ်သားများ ကြက်၊ ဘဲစျေးများသို့ သွားရောက်ခြင်းမပြုစေရန်နှင့် သွားပါကလည်း အ၀တ်၊ ဖိနပ်လဲ၍ ပိုးမွှားသန့်စင်ပြီးမှ ခြံတွင်းသို့၀င်ရောက်ခြင်း။
သတိပြုရန်
ကြက်၊ ဘဲ၊ ဥနှင့်အသား စားသုံးသူများသည် အောက်ပါအချက်များကို သတိပြုသင့်သည်။
- ကြက်ဥ၊ ဘဲဥကို တခြားစားစရာ၊ ဟင်းချက်စရာများနှင့်အတူ မထားသင့်ပေ။
- စျေးမှ၀ယ်လာသည့်ကြက်သားကို သေချာစွာ ဆေးကြောရန်လိုအပ်သည်။
- ကြက်သားခုတ်သည့် စဉ်းတီတုံးနှင့်ဓားကို သေချာစွာဆေးကြောသန့်စင်ရန် လိုအပ်သည်။
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့၏ အခွံပေါ်နှင့် အထဲတွင်ပါ ကြက်ငှက်တုပ်ကွေးရောဂါပိုးရှိနိုင်သဖြင့် ကိုင် တွယ်ပြီးပါက လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးပါ။
- ကြက်၊ ဘဲ၊ ငှက်တို့၏ အသားနှင့်ဥများကို အတွင်းပိုင်းအထိ သေချာကျက်အောင် ချက်ပြုတ်သင့် သည်။ ကြက်ဥအနှစ်ကို ကျက်အောင်ကြော်ရန် လိုအပ်သည်။
- ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားချိန်နှင့် ကြက်၊ ဘဲ၊ အသားနှင့် ဥများမရောင်းချရန် တားမြစ်ထားချိန်တွင် ၀ယ်ယူစားသောက်ခြင်းမပြုသင့်ပေ။ ရောင်းချရန် ပြန်လည်ခွင့်ပြုမှသာ ကြက်၊ ဘဲ၊ အသားနှင့်ဥတို့ကို ပြန်စားသင့်သည်။
ကြိုတင်ကာကွယ်ရန် နည်းလမ်းကောင်းများ
ကြက်ငှက်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်၍ ရာသီမရွေး ကူးစက်ကျရောက်ဖြစ်ပွားတတ်သဖြင့် မိမိတို့ ကြက်၊ ဘဲ၊ ငုံးခြံများ၌ အဆိုပါရောဂါ ကူးစက်ကျရောက်ခြင်း မရှိစေရေးအတွက် မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို စနစ်တကျမြှင့်တင်ရန် လိုအပ်သည်။ ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် အသိ ပေးနှိုးဆော်အပ်ပါသည်။
-ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်။
- ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများနှင့် ကြက်၊ ဘဲ၊ ငုံးအရှင်ရောင်းချသည့်ဈေးများ၌ စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ရန်။
- တခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူနှင့်ယာဉ် အဝင် အထွက်ကို ထိန်းချုပ်ကန့်သတ်ရန်။
- ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများအတွင်း အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရေး ဆောင်ရွက်ရန်။
- မွေးမြူရေးခြံအတွင်းသို့ဝင်ရောက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်အိတ် စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်။
- ကြက်၊ ငှက်များကိုကိုင်တွယ်ပြီးတိုင်းနှင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ရန်။
- အသားနှင့်ဥတို့ကို သေချာစွာကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးရန်။
- ကြက်၊ ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံ ချက်ချင်းသတင်းပို့ရန်။
- ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက် ရန်။
စသည်တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေ့စဉ်ထုတ်သတင်းစာများတွင် စဉ်ဆက်မပြတ် အသိပေးထုတ်ပြန်လျက်ရှိသည်။
အချုပ်အားဖြင့်ဆိုရသော် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်လာမှ ကုသခြင်းထက် ပိုကောင်းသည် (Precaution is better than cure) ဟူသော ကျန်းမာရေးဆောင်ပုဒ်အတိုင်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိကြစေလိုကြောင်း ရေးသားလိုက်ရပါသည်။
MWD
