ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ဖို့ ဆေးဖက်ဝင်နှင့်  မွှေးရနံ့ရှိသောအပင်များ ထိန်းသိမ်းစို့

Posted_Date

Image

ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ဖို့ ဆေးဖက်ဝင်နှင့်  မွှေးရနံ့ရှိသောအပင်များ ထိန်းသိမ်းစို့

Body

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ 

နှစ်စဉ် မတ်လ ၃ ရက်နေ့သည် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့- United Nations World Wildlife Day (WWD)  ဖြစ်သည်။ ၁၉၇၃ ခုနှစ် မတ်လ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့်   မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (Convention on International Trade in Endangered Species of Wild Fauna and Flora-CITES) သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် နေ့ရက်ကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်တွင်ကျင်းပခဲ့သော (၆၈)ကြိမ်မြောက်ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ မတ်လ ၃ ရက်ကို ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့ အဖြစ် ကြေညာသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ 

ယခုနှစ်ကျရောက်သော ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့(WWD)ဆောင်ပုဒ်မှာ ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ဖို့ ဆေးဖက်ဝင်နှင့် မွှေးရနံ့ရှိသောအပင်များထိန်းသိမ်းစို့ (Medicinal and Aromatic Plants: Conserving Health, Heritage and Livelihoods)  ဟူ၍ ဖြစ်သည်။ ဆေးဖက်ဝင်နှင့် မွှေးရနံ့ရှိသောအပင်များ ထိန်းသိမ်းကာကွယ်ရေး၊ အသိပညာမြှင့်တင်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်ခိုင်မာစေရန် ရည်ရွယ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး သဘာဝအရင်းအမြစ်များကို အနာဂတ်မျိုးဆက်များအတွက် တည်တံ့စွာထိန်းသိမ်းနိုင်ရေး အထောက်အကူပြုနိုင်ရန်ရည်ရွယ်ထားသည်။  ယခုအခါတွင် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့သည် ကမ္ဘာလုံးဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို အလေးထားဂုဏ်ပြုသည့် နှစ်စဉ်အခမ်းအနားတစ်ရပ်ဖြစ်လာခဲ့သည်။

ဇီဝမျိုးစုံမျိုးကွဲများ၏အရေးပါမှု

ဇီဝမျိုးစုံမျိုးကွဲများဆိုသည်မှာ သဘာဝပတ်ဝန်းကျင်အတွင်းရှိ  သက်ရှိများ၏ မျိုးစိတ်အမျိုးမျိုး၊ မျိုးရိုးဗီဇကွဲပြားမှုနှင့် ဂေဟစနစ်အမျိုးမျိုး ကွဲပြားမှုတို့အကြား ဆက်နွှယ်နေမှုဖြစ်ပြီး    လူသားဘဝတည်တံ့ရေးအတွက်  အခြေခံအုတ်မြစ်ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များသည် ဇီဝမျိုးစုံမျိုးကွဲ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ 

ဇီဝမျိုးစုံမျိုးကွဲများသည် သဘာဝဂေဟစနစ်ဟန်ချက်ကို ထိန်းသိမ်းပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကို လျှော့ချနိုင်ခြင်းနှင့် ကြံ့ကြံ့ခံနိုင်ရည်တိုးစေခြင်း၊ အစာကွင်းဆက်နှင့်  ဂေဟစနစ်လုပ်ငန်းများကို ထောက်ပံ့ပေးခြင်း၊ မျိုးရိုးကွဲပြားမှုကြောင့် အပင်နှင့် တိရစ္ဆာန်များရောဂါဒဏ်ခံနိုင်စွမ်းမြင့်မားခြင်း၊ ရေစီးဆင်းမှုနှင့် ရေသယံဇာတ၊ မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း၊ ကာဗွန်စုပ်ယူသိုလှောင်ပေးခြင်း၊ လေထုညစ်ညမ်းမှုကိုလျှော့ချပေးခြင်းဖြင့် သဘာဝစနစ်တည်ငြိမ်ရေးကို အထောက်အကူပြုပါသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် အခြေခံအရင်းအမြစ်ဖြစ်သဖြင့် စားရေရိက္ခာ ဖူလုံရေးအတွက် အလွန်အရေးပါသည်။ ဆေးဖက်ဝင်အပင်များအပါအဝင် သဘာဝအပင်များနှင့် သက်ရှိများမှ ဆေးဝါးအသစ်များ ထုတ်လုပ်နိုင်သဖြင့် ကျန်းမာရေးနှင့် ဆေးဝါးဖွံ့ဖြိုးရေး အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်၊ ဝါး၊ ကြိမ်၊ ဆေးဖက်ဝင်အပင်များအစရှိသည့် သစ်တောထွက်ပစ္စည်းများနှင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများမှ ဝင်ငွေရရှိစေနိုင်ခြင်း၊  ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ထောက်ပံ့ပေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အလွန်အရေးပါသည်။

ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များ

 “နွယ်မြက်သစ်ပင် ဆေးဖက်ဝင် ဆိုသည့် ဆိုရိုးစကားအတိုင်း အပင်အမျိုးမျိုးနှင့် ဆေးဖက်ဝင်အပင်များကို ကျန်းမာရေး၊ အလှအပနှင့် အစားအသောက်များအဖြစ် သုံးစွဲခဲ့ကြသည်။   ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း တိုင်းရင်းဆေးဖက်ဝင်အပင်များကို ရောဂါကုသမှု၊ ကျန်းမာရေးထိန်းသိမ်းစောင့်ရှောက်မှုနှင့်  ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အစဉ်အလာကြီးမားစွာ အသုံးပြုလာကြသည်။

ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များ (Medicinal and Aromatic Plants – MAPs) သည် လူသားကျန်းမာရေး၊ လူမှုဘဝသာယာဝပြောရေးနှင့် သဘာဝဂေဟစနစ်တည်ငြိမ်မှုအတွက် မဖြစ်မနေလိုအပ်သော သဘာဝအရင်းအမြစ်များဖြစ်သည်။ အဆိုပါအပင်များသည် ရိုးရာကျန်းမာရေးစနစ်များ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ခေတ်မီဆေးပညာတွင် အရေးပါသော   အစိတ်အပိုင်းတစ်ခုဖြစ်ကာ အလှကုန်၊ အစားအသောက်၊ စိုက်ပျိုးရေးနှင့် အဖိုးတန်လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုမှသည် စက်မှုလုပ်ငန်းများအထိ အမျိုးမျိုးသောလုပ်ငန်းကဏ္ဍများကို ထောက်ပံ့ပေးလျက်ရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ဆေးဖက်ဝင်နှင့် ရနံ့မွှေးသောအပင်များ မျိုးစိတ် ၅၀၀၀၀ မှ ၇၀၀၀၀ ခန့်ကို ရောဂါကာကွယ်ရေး၊ ကုသရေး၊ ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု၊ စီးပွားရေးတန်ဖိုးအပေါ် မူတည်ပြီး စုဆောင်းအသုံးပြုလျက်ရှိသည်။ အဆိုပါမျိုးစိတ်များအနက် ၁၃၀၀ နီးပါးသည် မျိုးဆက်ပျက်သုဉ်းလုဆဲ   တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာကွန်ဗင်းရှင်း (CITES) ၏နောက်ဆက်တွဲများ (Appendices)တွင် ထည့်သွင်းထားပြီး နောက်ဆက်တွဲ ၂ (Appendix II) တွင် မျိုးစိတ် ၈၀၀ ကျော်ပါဝင်သည်။ အဆိုပါနောက်ဆက်တွဲ ၂ တွင် ပါဝင်ခြင်းသည် ထိုမျိုးစိတ်များကို မျိုးသုဉ်းပျောက်ကွယ်မှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် နိုင်ငံတကာကုန်သွယ်ရာတွင် စနစ်တကျကြီးကြပ်ထိန်းချုပ်စနစ်များဖြင့်  ဆောင်ရွက်ရန်လိုအပ်ကြောင်း   ဖော်ပြချက်ဖြစ်ပြီး အလွန်အကျွံထုတ်ယူခြင်း၊ ကုန်သွယ်ခြင်းအပါအဝင် ရေရှည်တည်တံ့မှုမရှိသော ကုန်သွယ်မှုများကြောင့် မျိုးစိတ်များ ပျောက်ကွယ်နိုင်မှု မဖြစ်စေရန် ကာကွယ်ထားခြင်း ဖြစ်သည်။

ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များသည် အများပြည်သူကျန်းမာရေးစနစ်များ၏ အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ခန့်မှန်းချက်အရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိသည် မူလကျန်းမာရေးစောင့်ရှောက်မှုအတွက် ရိုးရာဆေးပညာကို အားထားအသုံးပြုနေကြသည်ဟုဆိုပါသည်။ နိုင်ငံပေါင်း ၁၇၀ ခန့်သည် တိုင်းရင်းဆေးဖက်ဝင်အပင်များကို သုံးစွဲလျက်ရှိကြောင်းနှင့် နောက်ဆုံးပေါ်ဆေးဝါးများ၏ ၂၅ ရာခိုင်နှုန်း ကျော်ကို အပူပိုင်းသစ်တောများမှရရှိလျက်ရှိကြောင်းသိရသည်။   ခေတ်မီဆေးဝါးများအတွက် အသုံးပြုသော အဓိကဒြပ်ပေါင်းများ (Active Drug Compounds) ၏ အများစုမှာ သဘာဝအရင်းအမြစ်များမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အသုံးပြုထုတ်လုပ်ထားခြင်း ဖြစ်သည်။ ပေါင်းစပ်ဓာတုဗေဒပညာရပ်များ (Synthetic Chemistry) ဖွံ့ဖြိုးတိုးတက်လာသော်လည်း သဘာဝအပင်အရင်းအမြစ်များသည် ဆေးဝါးအသစ်များ ဖန်တီးထုတ်လုပ်ရေးတွင် အရေးပါနေဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင်လည်း ကျေးလက်နေပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးစုအများစုသည် ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ဆေးဖက်ဝင်အပင်အမျိုးမျိုးကို ရောဂါကုသမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိကြောင်း သုတေသနစစ်တမ်းများအရ သိရသည်။

ရှေးယခင်ကတည်းက အမွှေးနံ့သာပင်များနှင့်  ဆေးဖက်ဝင်အပင်များကို တိုင်းရင်းဆေးပညာတွင် အကျိုးရှိစွာအသုံးပြုခဲ့ကြပြီး နံ့သာဖြူ ခေါ် စန္ဒကူး (Santalum album)၊ နံ့သာနီ (Pterocarpus santalinus)၊ သစ်မွှေး ခေါ် အကျော် (Aquilaria malaccensis)၊  ကရမက် (Mansonia gagei)၊ စမ္ပာ ခေါ် စံကားဝါ (Magnolia champaca) တို့ကို  နံ့သာငါးပါးဟုပင် ခေါ်ဝေါ်သတ်မှတ်အသုံးပြုကြသည်။ အဆိုပါအပင်များ၏ အမြစ်၊ အခေါက်၊  အရွက်၊ အပွင့်နှင့်အနှစ်သားများကို စိတ်ရွှင်လန်းစေခြင်း၊ ကိုယ်ပူဖျားနာခြင်း၊ အရေပြားရောဂါများ၊ သွေးသားသန့်စင်စေခြင်း၊ အနာရောဂါအမျိုးမျိုး စသည့်ရောဂါဝေဒနာများစွာအတွက် ကုသရာတွင် အသုံးပြုခြင်း၊ ၎င်းတို့၏အနှစ်သားမှ အဆီထုတ်ယူ၍ အမွှေးနံ့သာ (နံ့သာငါးပါး)အဖြစ် စီးပွားဖြစ်တွင်ကျယ်စွာ အသုံးပြုကြသည်။ ဆေးဖက်ဝင်နှင့် ရနံ့မွှေးသောအပင်များသည် ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးတို့ကိုချိတ်ဆက်ပေးသော အရေးပါသည့် သဘာဝအရင်းအမြစ်များဖြစ်ပြီး အလွန်ကျယ်ပြန့်စွာ  အသုံးပြုလျက်ရှိသည့်အတွက် ရေရှည်တည်တံ့စေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရန်လိုအပ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တန်ဖိုး

ဆေးဖက်ဝင်အပင်များ၊ ရနံ့မွှေးသောအပင်များနှင့်ဆက်စပ်သော ရိုးရာဆေးပညာ စျေးကွက်များသည် အလွန်တန်ဖိုးကြီးသည်။ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ (WWD) သတင်းအချက်အလက်ဖော်ပြချက်များအရ တရုတ်ရိုးရာဆေးပညာ၏ ကမ္ဘာလုံးဆိုင်ရာဝင်ငွေသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံခန့်၊ ကိုရီးယားသမ္မတနိုင်ငံတွင် ရိုးရာဆေးပညာကဏ္ဍ၏ နှစ်စဉ်အသုံးစရိတ်သည် ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံခန့်၊   အမေရိကန်နိုင်ငံတွင် သဘာဝထုတ်ကုန်များအတွက် ပုဂ္ဂလိကအသုံးစရိတ်သည် ၂၀၀၈ ခုနှစ်တွင် ဒေါ်လာ ၁၄ ဒသမ ၈ ဘီလီယံခန့်နှင့်  ဥရောပတွင် ဆေးဖက်ဝင်အပင်အခြေခံဖြည့်စွက်ဆေးများနှင့် ဆေးဝါးများ၏ စျေးကွက်တန်ဖိုးသည် နှစ်စဉ်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံခန့်ဟုခန့်မှန်းထားသည်။

ကမ္ဘာ့ဆေးဖက်ဝင်အပင်များ ဆေးဝါးစျေးကွက်သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံမှ ၁၈၆ ဘီလီယံထိရှိခဲ့ကာ ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅၇ ဘီလီယံမှ ၂၆၃ ဘီလီယံအထိရှိလာနိုင်ပြီး  ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၃၂၈  ဘီလီယံမှ ၄၃၃ ဘီလီယံအထိ သိသာစွာတိုးတက်လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ 

တိုင်းရင်းဆေးများသည် အခြားဆေးဝါးများနှင့်နှိုင်းယှဉ်လျှင် ဘေးထွက်ဆိုးကျိုးနည်းခြင်းသည် ကမ္ဘာ့ဆေးဖက်ဝင်အပင်များ ဈေးကွက်ကိုတွန်းအားပေးသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်။ သဘာဝကုထုံးများကို ပိုမိုနှစ်သက်လာခြင်းနှင့် တိုင်းရင်းဆေးပညာရပ်များအပေါ် ယုံကြည်မှု  မြင့်တက်လာခြင်းတို့က ဤကဏ္ဍကို အဓိကတွန်းအားပေးလျက်ရှိပြီး နှစ်စဉ်ပျမ်းမျှ ၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းဝန်းကျင်အထိ လျင်မြန်စွာတိုးတက်လျက်ရှိသည်။

လေ့လာသုတေသနပြုချက်များအရ ဆေးဖက်ဝင်အပင်များကို ကမ္ဘာပေါ်ရှိ နိုင်ငံဒေသအသီးသီးတွင် မတူညီသော သုံးစွဲမှုပုံစံများအနေဖြင့် သုံးစွဲကြလျက်ရှိပြီး ဆေးဖက်ဆိုင်ရာသာမက အလှအပရေးရာကဏ္ဍတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသောကြောင့် ကမ္ဘာတစ်ဝန်းတွင် ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်လာလျက်ရှိသည်။

ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များကိုစိုက်ပျိုးခြင်းနှင့် သဘာဝမှ စုဆောင်းအသုံးချခြင်းသည် ကမ္ဘာတစ်ဝန်းရှိ မိသားစုများအတွက် အရေးကြီးသောဝင်ငွေအရင်းအမြစ်များကို ထောက်ပံ့ပေးလျက်ရှိပြီး လူငါးဦးတွင်တစ်ဦးသည် အစားအစာနှင့် ဝင်ငွေအတွက် တောရိုင်းအပင်များ၊ မှိုမျိုးစိတ်များ (ဥပမာ - Algae နှင့် Fungi ကဲ့သို့သော)ကို အားထား အသုံးပြုကြသည်ဟု ဆိုသည်။ အထူးသဖြင့် ဝေးလံဒေသများတွင်နေထိုင်သောတိုင်းရင်းသားပြည်သူများအတွက်  ဆေးဖက်ဝင်အပင်များနှင့်  ရနံ့မွှေးသော အပင်များသည် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများစွာ ဖန်တီးပေးသည့် ဒေသခံစီးပွားရေးကို ထောက်ပံ့ပေးသော သဘာဝအရင်းအမြစ်များဖြစ်သည်။  ဆေးဖက်ဝင်နှင့် ရနံ့မွှေးသောအပင်များထုတ်လုပ်ရာ မူလဇာတိနိုင်ငံများရှိ ဒေသခံပြည်သူများအတွက် အကျိုးကျေးဇူးမျှဝေမှု (benefit-sharing)ကို တရားမျှတစွာရရှိစေရန်လည်း အထူးအလေးထား စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာ့ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး

မြန်မာနိုင်ငံသည် ဟိမဝန္တာတောင်တန်းများ၊ သစ်တောများ၊ သန္တာကျောက်တန်းများ၊ ရှည်လျားသော ကမ်းရိုးတန်းဒေသနှင့် ကြီးမားကျယ်ပြန့်သည့်မြစ်များ အစရှိသည့် အမျိုးအစားစုံလင်လှသောဂေဟစနစ်များ ပိုင်ဆိုင်ထားခြင်း၊ ဇီဝမျိုးစုံမျိုးကွဲအများအပြား ကျက်စားလျက်ရှိခြင်းတို့ကြောင့် ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် အလွန်အရေးပါသော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှုဆန်းစစ်ခြင်းအစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်းသည် သစ်တောများဖြင့် ဖုံးလွှမ်းလျက်ရှိပြီး မတူကွဲပြားသော ဂေဟစနစ်အမျိုးမျိုးတွင် တောရိုင်းတိရစ္ဆာန်နှင့် အပင်ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစွာတွေ့နိုင်သည်။ 

စာရင်းကောက်ယူထားရှိမှုအရ အပင်မျိုးစိတ် ၁၁၈၀၀ ကျော်၊ နို့တိုက်သတ္တဝါမျိုးစိတ် ၃၆၅ ခန့်၊ ငှက်မျိုးစိတ် ၁၁၀၀ ကျော်၊ ကုန်းနေရေနေသတ္တဝါမျိုးစိတ် ၁၂၀ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၉၀ မျိုး၊ ရေချိုနှင့်အဏ္ဏဝါငါးမျိုးစိတ် ၁၁၀၀ မျိုး၊ သန္တာမျိုးစိတ် ၁၃၀ ခန့်၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုးနှင့် ပင်လယ်ရေညှိ ၃၈ မျိုးကို မှတ်တမ်းတင်ထားပြီး မျိုးစိတ်အရေအတွက်များ ပိုမိုမှတ်တမ်းတင်နိုင်ရေး သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နေသော မျိုးစိတ်များ (ဥပမာ − ကျား၊ ဆင်၊ ကျားသစ်၊ ငါးမန်း၊ ငါးလိပ်ကျောက်၊ ဝေလငါး၊ ရေညှောင့်

နှုတ်ဝိုင်းငှက်၊ ကြံ့သူတော် စသည့်တောရိုင်းတိရစ္ဆာန်များ)ကို ပိုင်ဆိုင်ထားရာ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် အလွန်အရေး ပါကြောင်းကို သက်သေထူလျက်ရှိသည်။ 

သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများကို အမျိုးသားဥယျာဉ်များ၊ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများစသည့် သဘာဝထိန်းသိမ်းရေး နယ်မြေများ (Protected Area System) တည်ထောင်ထိန်းသိမ်းခြင်းဖြင့် နေရင်းဒေသအတွင်း စီမံခန့်ခွဲအုပ်ချုပ်ထိန်းသိမ်းခြင်း (In-situ Conservation) နည်းလမ်းဖြင့်လည်းကောင်း၊ ရုက္ခဗေဒဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်များ တည်ထောင်ထိန်းသိမ်းခြင်းဖြင့် နေရင်းဒေသပြင်ပ၌ စီမံခန့်ခွဲအုပ်ချုပ်ထိန်းသိမ်းခြင်း (Ex-situ Conservation) နည်းလမ်းတို့ဖြင့် ထိန်းသိမ်းလျက်ရှိသည်။ 

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လိုအပ်ချက်အပေါ် မူတည်၍ Single SpeciesAction Plan (SSAP) ဟုခေါ်ဆိုသည့် မျိုးစိတ်တစ်ခုချင်းစီအတွက် ရေးဆွဲသော လုပ်ငန်းစီမံချက်များကိုလည်း နိုင်ငံတကာ ကွန်ဗင်းရှင်းများ၊ အဖွဲ့အစည်းများမှ ရေးဆွဲထုတ်ပြန်လျက်ရှိရာ  သစ်တောဦးစီးဌာနအနေဖြင့် မျိုးသုဉ်းရန်အန္တရာယ်ရှိသော သို့မဟုတ် အထူးဂရုပြုထိန်းသိမ်းရန် လိုအပ်သည့် တောရိုင်းတိရစ္ဆာန် တစ်ခုချင်းစီအတွက် လိုက်နာဆောင်ရွက်လျက်ရှိသည်။

တောရိုင်းတိရစ္ဆာန်များသည် နေရာပြောင်း‌ရွှေ့နိုင်သည့်သက်ရှိများဖြစ်သည့်အတွက် သင့်လျော်သည့်ကျက်စားနယ်မြေများကို သတ်မှတ်ပြီး ကာကွယ် ထိန်းသိမ်းခြင်းအားဖြင့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်တိုးပွားစေနိုင်သည်။ သဘာဝထိန်းသိမ်းရေး နယ်မြေသတ်မှတ် ဖွဲ့စည်းခြင်းလုပ်ငန်းကို နိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အဓိကမူဝါဒအဖြစ်ချမှတ်ကာ သဘာဝထိန်းသိမ်းရေး နယ်မြေများ သတ်မှတ်ဖွဲ့စည်းလျက်ရှိရာ ယနေ့အထိ သဘာဝထိန်းသိမ်းရေးနယ်မြေ  ၆၂ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၅၈ ရာခိုင်နှုန်းကို ဖွဲ့စည်းသတ်မှတ်ထားပြီး နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ 

၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ နှင့်အညီ တောရိုင်းတိရစ္ဆာန်များနှင့် အပင်များထိန်းသိမ်းခြင်း၊ သဘာဝတောအတွင်းရှိသည့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၏ ရှင်သန်ကျက်စားမှုကို မထိခိုက်စေဘဲ မွေးမြူပြသနိုင်ရေးအတွက်စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်ဗင်းရှင်း (Convention on Biological Diversity-CBD) အဖွဲ့ဝင်နိုင်ငံအဖြစ် ကတိကဝတ်များကို ဖြည့်ဆည်းရန်နှင့် သဘာဝသယံဇာတများကို စနစ်တကျ စီမံအုပ်ချုပ်ရန်အတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့်လုပ်ငန်းစီမံချက်(NBSAP)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ မူဘောင်သစ်ဖြစ်သည့် Kunming-Montreal Global Biodiversity Framework (KMGBF)နှင့် လိုက်လျောညီထွေဖြစ်စေရန် လက်ရှိတွင် NBSAP ကို အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိသည်။ ဤသို့ပြင်ဆင်ရာတွင်  နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ)နှင့် တောရိုင်းတိရစ္ဆာန်များအတွက်  နေရင်းဒေသပြန်လည် တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၀ မှ ၂၀၂၈-၂၀၂၉ အထိ)များအား အကောင်အထည်ဖော်ရာတွင် တွေ့ရှိခဲ့သည့် အားနည်းချက်နှင့် အားသာချက်များကိုအခြေပြု၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေတိုးချဲ့ဖွဲ့စည်းခြင်း၊ မျိုးစိတ်အလိုက်  ထိန်းသိမ်းရေးစီမံချက်များရေးဆွဲခြင်း၊ မျိုးစိတ်ဆိုင်ရာ သုတေသနဆောင်ရွက်ခြင်းများကို အကျိုးဆက်စပ် ပတ်သက်သည့် ကဏ္ဍစုံပေါင်းစပ်မှုနှင့် ဒေသခံလူထု ပူးပေါင်းပါဝင်မှု အပိုင်းများကိုပါ ပိုမိုအားဖြည့်ထည့်သွင်း ဆောင်ရွက်လျက် ရှိသည်။

ကျန်းမာရေး၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ဖို့ဆေးဖက်ဝင်အပင်နှင့် ရနံ့မွှေးသောအပင်များထိန်းသိမ်းစို့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ဆောင်ပုဒ်သည် သဘာဝအပင်အမျိုးအစားများ၏တန်ဖိုးကို ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာအရေးပါမှု ရှုထောင့်သုံးမျိုးဖြင့် တစ်ပြိုင်နက်တည်း မီးမောင်းထိုးပြသလျက်ရှိသည်။ သစ်တောများ ပြုန်းတီးခြင်း၊ နေရင်းဒေသများ ပျက်စီးလျော့နည်းလာခြင်း၊ အလွန်အကျွံခုတ်ယူစုဆောင်းခြင်း၊ တရားမဝင် ကုန်သွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ဆေး

ဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များ အပါအဝင် တောရိုင်းတိရစ္ဆာန်များ၊ အပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများသည် ပျက်စီးဆုံးရှုံးသည့် အန္တရာယ်များ တိုးပွားလျက်ရှိပြီး ကာကွယ်ထိန်းသိမ်းခြင်းသည် အရေးတကြီးဆောင်ရွက်ရမည့်  လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာခဲ့သည်။ သင့်လျော်ကောင်းမွန်မျှတသည့်  မူဝါဒများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသနအခြေပြု တီထွင်ဖန်တီးမှု၊ စီမံခန့်ခွဲမှု၊ ရိုးရာဗဟုသုတများနှင့် ခေတ်မီသိပ္ပံနှင့်နည်းပညာများ ပေါင်းစပ်အသုံးချမှု၊ စဉ်ဆက်မပြတ်  စုပေါင်းကြိုးပမ်း အားထုတ်မှုများဖြင့်  သဘာဝအန္တရာယ်များနှင့် ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုများကို ရပ်တန့်စေပြီး အဖိုးတန်သဘာဝအရင်း

အမြစ်များနှင့် ဂေဟစနစ်များပြန်လည်ကောင်းမွန်စေရန် ပြုပြင်ထိန်းသိမ်းကြရမည် ဖြစ်သည်။ 

ဆေးဖက်ဝင်အပင်များနှင့် ရနံ့မွှေးသောအပင်များကို သဘာဝတောများမှ စုဆောင်းရာတွင် စည်းကမ်းတကျစီမံခန့်ခွဲဆောင်ရွက်ခြင်း၊ စိုက်ပျိုးထုတ်လုပ်ခြင်းကို အားပေးမြှင့်တင်ခြင်း၊ ဒေသခံပြည်သူလူထုပါဝင်သည့် ထိန်းသိမ်းရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တို့သည် အရေးကြီးလှသည်။ ထို့ပြင် သုတေသနနှင့် ခေတ်မီနည်းပညာများ အသုံးပြု၍ အပင်မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးထိန်းသိမ်းကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ခြင်းဖြင့်  စီးပွားရေးအကျိုးကျေးဇူးများကိုလည်း တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယနေ့ တစ်ဦးတစ်ယောက်ချင်းစီ၏ ဆောင်ရွက်ချက်များသည် နောင်အနာဂတ်မျိုးဆက်များအတွက် ကျန်းမာရေးကောင်းမွန်သော လူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု အမွေအနှစ် မပျက်စီးသော လူမျိုးတစ်ရပ်နှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ပိုင်ဆိုင်စေမည့် အခြေခံအုတ်မြစ်ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ဆေးဖက်ဝင်အပင်နှင့် မွှေးရနံ့ရှိသောအပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများကို တန်ဖိုးထားလေးစားကာ ပူးပေါင်းထိန်းသိမ်းကြပါစို့။ သဘာဝနှင့်သဟဇာတ ညီညွတ်မျှတစွာ နေထိုင်နိုင်သော ကမ္ဘာတစ်ခုအတွက် တောရိုင်းတိရစ္ဆာန်များကို သနားချစ်ခင်ကာ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့ဟု ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ကို ဂုဏ်ပြုတင်ပြအပ်ပါသည်။  ။

MWD