လျှပ်စစ်အန္တရာယ် ကာကွယ်ကြမည်
Posted_Date
Image
Body
လျှပ်စစ်ဓာတ်လိုက်ခြင်းဆိုသည်မှာ လူ့ခန္ဓာကိုယ်ထဲသို့ လျှပ်စစ်စီးကြောင်းဖြတ်စီးသွားခြင်းကို ခေါ်ခြင်းဖြစ်သည်။ လျှပ်စစ်သည် သဘာဝအတိုင်း လျှပ်စစ်ဓာတ်စီးနိုင်သည့်လမ်းကြောင်း ပြည့်စုံနေမှသာ စီးဆင်းနိုင်သည်။ လမ်းကြောင်းပြည့်စုံနေသည်ကို “ပတ်လမ်းပိတ်ဆားကစ်”(Closed Circuit) ဟု ခေါ်သည်။ ဓာတ်လိုက်မှုဖြစ်သည့်အခါ အများစုမှာလူ၏လက်ကနေ နှလုံးမှတစ်ဆင့် ခြေထောက်ကိုဖြတ်ပြီး မြေကြီးထဲသို့ လျှပ်စစ်ဓာတ် စီးဝင်သွားလေ့ရှိသည်။ ထိုသို့စီးဝင်ခြင်းသည်လူတစ်ဦး၏ခန္ဓာကိုယ်ကို ဓာတ်လိုက်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ဘားအံမြို့နယ် သာမညကျေးရွာမှာဖြစ်ခဲ့သည့်ဖြစ်စဉ်တစ်ခုကိုကြည့်ရင် မင်္ဂလာမဏ္ဍပ် ဆောက်ဖို့ သံတိုင်ကိုရွှေ့ကြရင်း လူငါးဦးသေဆုံးခဲ့ရသည်။
ရွှေ့သည့်သံပိုက်လုံးက မနိုင်မနင်းဖြစ်ပြီး အပေါ်ကလျှပ်စစ်ဓာတ်အားလိုင်း ကြိုးပေါ်လဲကျခဲ့ရာကနေအားလုံးဓာတ်လိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို ကြည့်မည်ဆိုလျှင် လျှပ်စစ်၏ သေစေနိုင်သည့်အန္တရာယ်ကို သတိမထားကြသည့်အပြင် လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာနည်းပါးမှုကြောင့် ဖြစ်ရခြင်းဟုပြောနိုင်သည်။ အဆိုပါအဖြစ်မျိုးများသည် လျှပ်စစ်၏အန္တရာယ်ကို ကောင်းကောင်းမသိသူများနေသေးကြောင်း ဖော်ပြနေသည့်အပြင် အလွန်ကြောက်စရာကောင်းသည့် သင်ခန်းစာတစ်ခုဖြစ်သည်။
ယခုလို ဓာတ်လိုက်မှုများဖြစ်ပွားရခြင်းသည် လျှပ်စစ်အန္တရာယ်အကြောင်း အသိပညာပေးမှုများ အားနည်းနေသေးခြင်းကြောင့်လည်း ဖြစ်နိုင်သလို ပြည်သူများကလည်း အထူးဂရုစိုက်လိုက်နာသင့်ကြပြီဖြစ်သည်။ ဥပမာအနေဖြင့် လမ်းပေါ်မှာဓာတ်ကြိုးပြုတ်ကျပြီး ရေထဲကျနေတာကို သတိမထားဘဲ လမ်းလျှောက်မိသည့်အတွက် တောင်ဥက္ကလာပမြို့နယ်တွင် လူနှစ်ဦးဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခုရှိခဲ့ဖူးသည်။ အမှန်တကယ်ဆိုလျှင် ပြုတ်ကျခါနီးဓာတ်ကြိုးတွေကို ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ခဲ့မည်ဆိုလျှင်လည်း အဆိုပါအဖြစ်မျိုးများလျော့နည်းသွားမည်ဖြစ်သည်။ ပြည်သူဘက်ကလည်း လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာရှိဖို့သတိထားဖို့လိုသည်။ ထို့ကြောင့် ဓာတ်လိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာဌာနများမှ ယခုထက်ပိုမို၍ ပြည်သူတွေကို လျှပ်စစ်အန္တရာယ်အကြောင်း ပိုမိုအသိပညာပေးဖို့လိုအပ်သလို ပြည်သူများကလည်း အသိပညာရယူတတ်ဖို့ သတိထားဖို့ လိုအပ်နေဆဲဖြစ်သည်။
လျှပ်စစ်စီးကြောင်း (Electric Current)ကို အမ်ပီယာ (Ampere)ဆိုသည့် ယူနစ်နှင့်တိုင်းတာသည်။
၁ အမ်ပီယာဆိုသည်မှာ တစ်စက္ကန့်အတွင်း အီလက်ထရွန် (Electron) သန်းပေါင်းခြောက်ထရီလီယံလောက်ရွေ့လျားနေခြင်းကို ပြောခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်ကိုဖြတ်စီးသွားသည့် အဆိုပါအီလက်ထရွန်များသည် ခန္ဓာကိုယ်ထဲကတစ်သျှူးများ၊ အာရုံကြောစနစ်များကို ပျက်စီးစေနိုင်သည်။ တစ်သျှူးများကိုပူလောင်စေပြီး ဦးနှောက်ကနေနှလုံးကို အချက်ပြနေသည့် လှိုင်းတွေကိုပါ နှောင့်ယှက်လိုက်သည့်အတွက် နှလုံးခုန်ရပ်တန့်သွားပြီး အသက်ဆုံးရှုံးနိုင်ခြင်းဖြစ်သည်။
လျှပ်စစ်ပမာဏတစ်ခု သက်ရောက်သည့်အခါ လူ့ခန္ဓာကိုယ်က ကြွက်သားများ ရုတ်တရက်တင်းကျပ်သွားတတ်သည်။ ထို့ကြောင့် လျှပ်စစ်ကြိုးကို လက်နှင့်ကိုင်မိသည့်အခါ လက်ဖဝါးက ဆုပ်ကိုင်ထားသည့်ပုံစံဖြစ်သွားပြီး လျှပ်စစ်ကြိုးကိုပြန်လွှတ်၍ မရတော့ပေ။ အဆိုပါအခြေအနေမျိုးမှာ လျှပ်စစ်ဓာတ်စီးကြောင်းက ခန္ဓာကိုယ်ထဲကို ဆက်လက်ဖြတ်စီးနေခြင်းကြောင့် အသက်ဆုံးရှုံးခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်လိုက်သည့်အခါ အမ်ပီယာပမာဏအနည်းငယ်ကနေစပြီး လူ့ခန္ဓာကိုယ်၏ အပေါ်မှာ သက်ရောက်မှုမည်မျှရှိသည်ကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်။
~ 0.000045A: လျှာဖျားများ ကျဉ်လာသည်။
~ 0.0002A: ခန္ဓာကိုယ်၏ ထိတွေ့အာရုံကိုစတင်ခံစားရသည်။
~ 0.001A: လက်အရေပြားများကနေ စတင်ခံစားရသည်။
~ 0.008A: လျှပ်စစ်၏ ထုံကျဉ်မှုကို ခံစားရသည်။
~ 0.05A: ကြွက်သားများ တင်းကျပ်ကျုံ့ဝင်လာနိုင်သည်။
~ 0.1A: အသက်ရှူရကျပ်ပြီး မေ့မြောသွားနိုင်သည်။
~ 0.2A: နှလုံးခုန်တာရပ်သွားပြီး ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးနိုင်သည်။
~ 5A: ခန္ဓာကိုယ်အတွင်းက သွေးကြောများပြတ်တောက်ပြီး မီးလောင်ကျွမ်းသလို ဖြစ်နိုင်သည်။
လူ့ခန္ဓာကိုယ်သည် လျှပ်စစ်ခုခံမှု အုမ်း (Ohm) ၅၀၀ ကနေ ၃၀၀၀ လောက်အထိ ခုခံနိုင်စွမ်းရှိသည်။ သို့သော် ရေစိုနေသည့်ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းမှာ ၅၀၀ အုမ်း ခန့်သာရှိသည်။ ရေက လျှပ်စစ်ကို ကောင်းကောင်းစီးစေသည့်အတွက် ရေစိုနေသည့်အချိန်မှာ လျှပ်စစ်အန္တရာယ်က ပိုပြီးများသည်။ ထို့ကြောင့် ဓာတ်လိုက်မှုမှ ကာကွယ်နိုင်ရန် လျှပ်စစ်မစီးနိုင်သည့်ပစ္စည်းများဖြစ်သည့် ရော်ဘာဖိနပ်၊ ဖန်၊ ကြွေ၊ သစ်သား စသည်များကိုသုံးနိုင်သည်။ ခြေထောက်တွင်လျှပ်စစ်မစီးနိုင်သော လျှပ်တားပစ္စည်း (Insulator) ဖြစ်သည့် ထူထဲသောရော်ဘာဖိနပ်ကို စီးထားမည်ဆိုလျှင် လျှပ်စစ်စီးကြောင်းသည် မြေကြီးထဲကိုစီးဝင်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ပတ်လမ်းပွင့်သွားပြီး (Open Circuit) လျှပ်စစ်သည် လူ့ခန္ဓာကိုယ်ထဲကိုဖြတ်ပြီး စီးဆင်းနိုင်တော့မည်မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင် ဓာတ်လိုက်မည့် အန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည်။ အိမ်များတွင်သုံးသည့် AC (Alternating Current) လျှပ်စစ်သည် တစ်စက္ကန့်ကို အကြိမ် ၅၀ ခန့် လျှပ်စီးဦးတည်ချက်ပြောင်းနေသည်။ ခုခံမှုအားနည်းတဲ့ လူတစ်ယောက်အတွက် AC လျှပ်စစ် ၂၃၀ ဗို့သည် နှလုံးရပ်ပြီး သေစေဖို့လုံလောက်သည်။ တစ်ခါတလေ မိုးကြိုးပစ်ခံရသည့်လူတစ်ယောက်သည် မသေဆုံးဘဲ အရေပြားတွေပဲ လောင်ကျွမ်းသွားတာမျိုးလည်း ရှိနိုင်သည်။
ထိုသို့ဖြစ်ခြင်းမှာ မိုးကြိုး၏အလွန်ကြီးမားသည့် လျှပ်စီးကြောင်းသည် ခန္ဓာကိုယ်ထဲကို မဝင်ရောက်ဘဲ အရေပြားတစ်လျှောက်မှာသာ စီးသွားသည့်အတွက်ဖြစ်သည်။ ထိုသို့ဆိုလျှင် လျှပ်စစ်အန္တရာယ်၏ ဆိုးကျိုးများကိုနားလည်ပြီး ဘယ်လိုကာကွယ်ရမည်ဆိုသည်ကို သိရှိနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။
Insulation Resistance (လျှပ်ကာခံနိုင်ရည်အား) စစ်ဆေးမှုသည် အသုံးအများဆုံး စစ်ဆေးမှုများထဲကတစ်ခုဖြစ်သလို အမှားယွင်းဆုံး အသုံးပြုမှုများလည်းရှိနိုင်သည်။ အလွယ်တကူအားဖြင့် Meggering ဟုခေါ်ကြပြီး စစ်ဆေးမှု၏ ရည်ရွယ်ချက်မှာ ကေဘယ်ကြိုးများ၊ accessories, equipment များ၏ လျှပ်ကာများ ကောင်းမွန်နေမှုရှိ၊ မရှိကို သေချာစေဖို့ဖြစ်သည်။ အဆိုပါစစ်ဆေးမှုသည် ကေဘယ်ကြိုးများအချင်းချင်းနှင့် ကေဘယ်ကြိုးနှင့် earth ကြားမှာဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိသည့် လျှပ်စီးယိုစိမ့်မှုများကိုလည်း ကာကွယ်ပေးနိုင်သည်။ ထို့ပြင် ရှော့ဆားကစ် ဖြစ်နေသလားဆိုသည်ကိုလည်းညွှန်ပြနိုင်သည်။ Parallel ချိတ်ဆက်ထားသော Resistance များသည် များလာလေလေ၊ စုစုပေါင်း Resistance သည် ပိုနည်းလာလေဖြစ်သည်။ ထို့ကြောင့် ကေဘယ်ကြိုးအရှည်သည် ပိုရှည်လေလေ၊ Insulation Resistance သည် ပိုနည်းလာသည်။ ထို့ပြင် တပ်ဆင်ထားသည့် ဆားကစ်အများစုကိုလည်း အပြိုင်ချိတ်ဆက်ထားခြင်းဖြစ်သည့်အတွက် လျှပ်စစ်သွယ်တန်းတပ်ဆင်မှု ကြီးကြီးမားမားများမှာ တစ်ခုလုံးကိုတိုင်းတာလျှင် အမှားအယွင်းမရှိလျှင်တောင် အလွန်နည်းသည့်တန်ဖိုးကို ရရှိနိုင်သည်။
အဆိုပါအခြေအနေမျိုးတွင် ကြီးမားသည့် လျှပ်စစ်ဖြန့်ဖြူးသွယ်တန်း တပ်ဆင်ထားမှုများကို ဆားကစ်တစ်ခုချင်းစီအလိုက်ခွဲပြီး Insulation Test တိုင်းတာခြင်းသည် အကောင်းဆုံးဖြစ်သည်။
စစ်ဆေးမှုလုပ်ထုံးလုပ်နည်းများအနေဖြင့် ပထမဦးဆုံးအနေဖြင့် Capacitor များ၊ အချက်ပြမီးသီးများလိုမျိုး မှားယွင်းသည့်ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်သည့်ပစ္စည်းအားလုံး၊ dimmer switches, electronic timers များနှင့် အလားတူ လျှပ်စစ်ဆားကစ်များကို ယာယီဖြုတ်ထားရမည်။ တချို့အခြေအနေများတွင် မီးသီးတွေနှင့် အခြားပစ္စည်းတွေကို ဖြုတ်ဖို့ အဆင်မပြေလျှင် အဆိုပါပစ္စည်းများကို ထိန်းချုပ်ထားသည့် Breaker ခလုတ်ကို OFF အနေအထားမှာထားရှိနိုင်သည်။ ပတ်လမ်းတစ်ခုလုံးကို Power Supply မှ လျှပ်စစ်ဖြတ်တောက်ထားကြောင်း၊ ဖျူးစ် (Fuses) များအားလုံး နေရာတကျရှိနေကြောင်းနှင့် CB (Circuit Breakers)နှင့် ခလုတ်များအားလုံး ဖွင့်ထားသည့်အနေအထား (on position) ဖြစ်ကြောင်း သေချာစေရမည်။
ဆက်လက်ပြီး ဒုတိယအဆင့်အနေဖြင့် ပင်မ Live ကေဘယ်ကြိုးအားလုံးကိုပေါင်းပြီး အဆိုပါပေါင်းထားသည့်နေရာနှင့် earth ကြားကို တိုင်းတာရမည်။ သို့မဟုတ် Live ကေဘယ်ကြိုးတစ်ခုချင်းစီနှင့် earth ကြားကို တစ်လှည့်စီတိုင်းတာနိုင်သည်။ ထို့နောက် Line နှင့် Neutral ကြားကို တိုင်းတာရမည်။ သရီးဖေ့စ်စနစ်များအတွက်ဆိုလျှင်လည်း Line ကေဘယ်ကြိုးအားလုံးကိုပေါင်းပြီး အဆိုပါပေါင်းထားသည့်နေရာနှင့် Neutral ကြားကို တိုင်းတာရမည်။ ပြီးလျှင်တော့ Line ကေဘယ်ကြိုး တစ်ခုချင်းစီနှင့် Neutral ကြားကို တိုင်းတာရမည်။ ပြီးနောက် Live ကေဘယ်ကြိုးတစ်ခုချင်းစီကို အချင်းချင်းတစ်လှည့်စီ တိုင်းတာနိုင်သည်။ Two-way မီးထွန်းစနစ်များပါဝင်သည့် တပ်ဆင်မှုများကိုတော့ Two-way ခလုတ်များကို မတူညီသည့် အနေအထားနှစ်ခုနှင့် နှစ်ကြိမ်စစ်ဆေးရမည်။
ဗို့အားအမျိုးအစားအလိုက် လိုအပ်သည့် စစ်ဆေးမှုဗို့အားနှင့် အနည်းဆုံးရလဒ်ဖြစ်ရမည့် Insulation Resistance များမှာ ကွဲပြားသည်။ SELV နဲ့ PELV စနစ်များအတွက် DC 250V စစ်ဆေးမှုဗို့အားကို အသုံးပြုပြီး အနည်းဆုံးလျှပ်ကာခံနိုင်ရည်အား 0.5 MΩ ဖြစ်ပါသည်။ 500V အောက်ရှိတဲ့ ဗို့အားနိမ့် (LV) စနစ်များအတွက် DC 500V စစ်ဆေးမှုဗို့အားနှင့် အနည်းဆုံးရလဒ် Insulation Resistance 1.0 MΩ ရှိရပါမည်။ 500V အထက်စနစ်များအတွက် DC 1000V စစ်ဆေးမှုဗို့အားကို အသုံးပြုပြီး အနည်းဆုံး 1.0 MΩ ရှိရပါမည်။
တိုင်းတာမှုတန်ဖိုးက 2 MΩ ထက် နည်းနေမည်ဆိုလျှင် ပြစ်ချက်တစ်ခုခု စတင်ဖြစ်ပေါ်နေနိုင်သည်။
သို့သော် လက်ခံနိုင်သည့် အနိမ့်ဆုံးတန်ဖိုးကိုတော့ ပြည့်မီနေပါသေးသည်။ အဆိုပါအခြေအနေမျိုးမှာသံသယရှိသည့် ပတ်လမ်းတစ်ခုချင်းစီကို သီးခြားစီစစ်ဆေးသင့်သည်။ ထိုသို့စစ်ဆေးမှုများသည် လျှပ်စစ်စနစ်တစ်ခုလုံး၏ဘေးကင်းလုံခြုံမှုကိုသေချာစေပြီး အန္တရာယ်ဖြစ်နိုင်ခြေတွေကို ကြိုတင်ကာကွယ်ပေးနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် လျှပ်စစ်အန္တရာယ် မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်နိုင်သဖြင့် ကာကွယ်ရန် ဆောင်ရွက်ရမည့် စစ်ဆေးရမည့်အချက်များကို တိကျစွာလိုက်နာ စစ်ဆေးကြခြင်းဖြင့်လည်း ကာကွယ်သွားနိုင်မည်ဖြစ်ပါ၍ မပေါ့ဆသင့်ကြဘဲ သေချာစွာ စစ်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ် သွားနိုင်ကြပါရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
