အမှိုက်ကစ မီးမလောင်ရေး အားလုံးပါဝင် ပူးပေါင်းပေး
Posted_Date
Image
Body
နွေဥတုမှမဟုတ် ရာသီမရွေး မီးလောင်မှုဖြစ်ပွားနိုင်ပေသည်။ နွေဥတုသည် ပူပြင်းခြောက်သွေ့ခြင်းကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုသတိပြုရန်တိုက်တွန်းခြင်းဖြစ်သည်။ မီးဘေးအန္တရာယ်သည် လူအများဂရုစိုက်မှုနည်းပါးခြင်းကြောင့် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်သည်။ မထင်မှတ်သည့်အချိန် မထင်မှတ်သည့်နေရာတွင် လောင်ကျွမ်းနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ ပေါ့ဆခြင်း၊ သတိမမူခြင်းများကြောင့် မီးဘေးအန္တရာယ်ကြုံတွေ့ကြရသည်။ လူ့သမိုင်းတစ်လျှောက်တွင် မီးသည်အသုံးဝင် အရေးပါဆုံးဖြစ်ခဲ့သည်။ မီးသည် လူသားတို့၏ လူနေမှုဘဝပုံစံကို ပြောင်းလဲပေးနိုင်စွမ်းရှိခဲ့သည်။ သို့သော် မီးသည်သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ကြီးစွာသောဘေးအန္တရာယ် တစ်ခုသာဖြစ်သည်။
မီးဘေးရှောင်မလောင်ခင်တားလိုလျှင် မီးသတိပြုဆိုသော သတိပေးစာတန်းပါအချက်အတိုင်း လေးစားလိုက်နာရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော မီးဘေးများကိုလေ့လာကြည့်ပါက ပေါ့ဆမီးကြောင့်အဖြစ်များသည်ကိုတွေ့ရသည်။ မီးကြွင်းမီးကျန်မှတစ်ဆင့်လောင်ကျွမ်းခြင်း၊ လောင်စာဆီများ စည်းကမ်းတကျမထားသိုခြင်းကြောင့် လောင်ကျွမ်းခြင်း၊ လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲခြင်းကြောင့် လောင်ကျွမ်းခြင်း၊ ကလေးများမီးနှင့် ကစားသောကြောင့် လောင်ကျွမ်းခြင်းနှင့် လမ်းသွားလမ်းလာများ ဆေးလိပ်မီးကိုစည်းကမ်းမဲ့လွှင့်ပစ်ခြင်းများကြောင့် လောင်ကျွမ်းမှုဖြစ်စဉ်များဖြစ်ပွားရကြောင်း လေ့လာတွေ့ရှိရသည်။
မီးဘေးအန္တရာယ်ဖြစ်ပွားခြင်းကိုလေ့လာကြည့်ပါက သဘာဝကြောင့် ဖြစ်ရသောမီး၊ လူတို့ပေါ့ဆသောမီးအဖြစ် အပိုင်းနှစ်ပိုင်းတွေ့ရသည်။
ရာသီဥတုပူပြင်းခြင်း၊ မီးလောင်လွယ်သော အမှိုက်သရိုက်များ လွယ်လင့်တကူစွန့်ပစ်ခြင်း၊ စည်းကမ်းမဲ့သူများ ပေါ့ဆမီး၊ လျှပ်စစ်မီးအလွန်အကျွံသုံးစွဲခြင်း၊ အိမ်တွင်းလောင်စာနှင့်မီးလောင်လွယ်သည့်ပစ္စည်းများထားရှိခြင်းတို့ကြောင့် မီးလောင်မှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်သည် မီးလောင်ရန်အဓိကအချက်များဖြစ်သည့် အောက်ဆီဂျင်၊ လောင်စာနှင့်အပူရှိန်များမှတစ်ဆင့် အပူနှင့်အလင်းထွက်ပေါ်လာခြင်း၊ ဓာတ်ပြုမှုဖြစ်ခြင်းကြောင့် မီးငြှိမ်းသတ်ရန်ကြိုးစားဆောင်ရွက်ရာတွင် အောက်ဆီဂျင်၊ လောင်စာနှင့် အပူရှိန်တစ်ခုခုဖယ်ထုတ်လိုက်ပါက မီးလောင်ကျွမ်းမှု ရပ်ဆိုင်းသွားမည်သာဖြစ်သည်။
ရပ်ကွက်တိုင်း၊ လူတိုင်း မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများပိုမိုသိရှိရန် လိုအပ်သည်။ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ညွှန်ကြားချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်လှသည်။ အဆောက်အအုံ ထုထည်ကြီးမားသော ငွေကြေးဆုံးရှုံးနိုင်ခြေများပြားသော ရုံး/ဌာနများ၊ ဈေးကဲ့သို့ အဆောက်အအုံများတွင် မီးဘေးစီမံချက်များရေးဆွဲထားရမည်ဖြစ်သည်။ မီးတားလမ်းများဖောက်လုပ်ခြင်း၊ ရပ်ကွက်/ကျေးရွာအတွင်း မီးသတ်ရေကန်များ ရေအပြည့်ဖြည့်ထားခြင်း၊ အိမ်တိုင်းတွင်ရှိသင့်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးနှင့် ရေပုံးများ စနစ်တကျစီစဉ်ထားရှိကြရမည်ဖြစ်သည်။ တစ်ဦးချင်းပြုကျင့်သင့်သည့် ပြုဖွယ်ကိစ္စများအနက် အရိပ်ရပင်၊ လေကာပင်များစိုက်ပျိုးထားရှိခြင်း၊ မီးဖိုနံဘေးတွင် ရေပုံးအဆင်သင့်ထားရှိခြင်း၊ လျှပ်စစ်မီးသုံးစွဲခြင်းလုပ်ငန်းများ အိမ်တိုင်းတွင် သတိပြုဆင်ခြင်သုံးစွဲကြမည်ဆိုပါက မီးဘေးရှောင် မလောင်ခင်တားဆီးနိုင်မည်ဖြစ်သည်။
ထို့အတူ မိမိတို့အိမ်ပတ်ဝန်းကျင်မှ အမှိုက်သရိုက်များကိုရှင်းလင်းခြင်း၊ လူမရှိဘဲ ဖယောင်းတိုင်မီး၊ လျှပ်စစ်မီးသုံးစွဲခြင်းကို သတိထားရှောင်ရှားသင့်သည်။ အသက်အရွယ်ကြီးရင့်သူများနှင့် ကလေးငယ်များ မီးအသုံးပြုမှုမရှိစေရေးသတိပြုရမည်ဖြစ်သည်။ အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုသည့်စကားအတိုင်း အရာအသေးငယ်တစ်ခုမှစတင်၍ အန္တရာယ်ကြီးကြီးမားမား မဖြစ်စေရေး သတိထားရမည်ဖြစ်ပြီး အမှိုက်မီးရှို့ခြင်း၊ စီးကရက်မီးအစိတ်အပိုင်းများ စည်းကမ်းမဲ့လွှင့်ပစ်ခြင်းများကို ဆင်ခြင်ရမည်ဖြစ်သည်။ ဂက်စ်မီးဖိုအသုံးပြုသူ အိမ်ရှင်မများ ဂက်စ်မီးဖိုအသုံးပြုချိန်တွင် လေ၀င်လေထွက်ကောင်းစေရန်အနီးအနားရှိပြတင်းပေါက်များကို ဖွင့်ထားပေးရန်လိုအပ်သည်။ အိပ်ရာအနီး၊ ခြင်ထောင်အနီး ခြင်ဆေးခွေထွန်းညှိခြင်း၊ ဖယောင်းတိုင်မီးထွန်းညှိခြင်းများ မပြုလုပ်ရန်လိုအပ်သည်။ လျှပ်စစ်ကြိုး အပေါက်အပြဲများကို အလွယ်တကူပြင်ဆင် ကိုင်တွယ်ခြင်းမပြုလုပ်သင့်ဘဲ အမှန်တကယ်တတ်ကျွမ်း နားလည်သူများထံမှ အကူအညီရယူဆောင်ရွက်သင့်လှသည်။
ယနေ့အချိန်တွင် လူနေမှုအဆင့်အတန်းမြင့်မားရေး၊ အချိန်မကုန် လူသက်သာမှုရရှိရေး အိမ်တွင်းလျှပ်စစ်ပစ္စည်းများ တစ်နေ့တခြားသုံးစွဲလာကြသည်ကိုတွေ့ရသည်။ လျှပ်စစ်ပစ္စည်းများတွင် ဗို့အားအသီးသီး၊ ခံနိုင်ဝန်အသီးသီးရှိသဖြင့် လျှပ်စစ်မနိုင်ဝန်သုံးစွဲခြင်း ဖြစ်ပွားရသော မီးလောင်မှုများစွာရှိသည်။ အိမ်တွင်းမီးကြိုးများ ဆွေးမြည့်လောင်ကျွမ်းမှု၊ ပလတ်ခုံများအပူလွန်ကဲ မီးလောင်ကျွမ်းမှုနှင့် မီးဖိုချောင်သုံး ဒယ်အိုးနီများ၊ ထမင်းပေါင်းအိုးများမှတစ်ဆင့် အပူလွန်မီးလောင်ကျွမ်းမှုဖြစ်ပွားလေ့ရှိသည်။ သတိပြုဆင်ခြင်ရမည်မှာ ထမင်းဟင်းချက်ပြုတ်နေစဉ် ရေတင်ခြင်း၊ ရေတင်နေစဉ် အဲကွန်းဖွင့်ခြင်းများ ရှောင်ကြဉ်သင့်သည်။
ဝိုင်ယာရှော့ဖြစ်ပွားလျှင် အလိုအလျောက် လျှပ်စစ်ဖြတ်တောက်မည့် Breaker များကို လျှပ်စစ်ကျွမ်းကျင်သူများနှင့် ခေါ်ယူတပ်ဆင်ထားရှိသင့်သည်။ လျှပ်စစ်ဝိုင်ယာကြိုးဟောင်းများဖြင့် မမှန်ကန်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲခြင်း၊ ဂက်စ်မီးဖို၊ ဂက်စ်အိုးယိုစိမ့်မှုဖြစ်ပွားခြင်း၊ ကလေးငယ်များမီးနှင့်ကစားခြင်းကဲ့သို့ အခြေအနေများကြောင့်လည်း မီးလောင်မှုဖြစ်ပွားနိုင်သည်။ မီးလောင်မှုဖြစ်စဉ်များကိုကြည့်လျှင်လည်း လျှပ်စစ်ကြောင့်ဖြစ်ပွားရသည့်မီးလောင်မှုက ပို၍အဖြစ်များပေသည်။ မီးပလတ်ခုံအပူလွန်ခြင်း၊ ဒယ်အိုးနီပလတ်မဖြုတ်မိသဖြင့် မီးလောင်ခြင်းများကြောင့် အိုးပိုင်အိမ်ပိုင်ဘဝများဆုံးရှုံးကြရသည်။
နွေရောက်သည်နှင့် လျှပ်စစ်မီးပြဿနာ၊ မီးဘေးအန္တရာယ်တို့မှာ တူယှဉ်တွဲလာလေ့ရှိသည်။ အပူဒဏ်သက်သာစေရန် အဲကွန်း၊ ပန်ကာနှင့် လေအေးပေးစက်များ မသုံးမဖြစ်သုံးစွဲကြရသော်လည်း သတိထားသုံးစွဲရန် လိုအပ်သည်။ လျှပ်စစ်မီးသည် လူကိုအကျိုးပြုစွမ်းသည်မှာ မှန်ကန်မှုရှိသော်လည်း မပေါ့မဆသတိထားသုံးစွဲခြင်းနှင့် လျှပ်စစ်မီးပျက်ချိန်များတွင် အဲကွန်း၊ ပန်ကာနှင့် လေအေးပေးစက် မီးခလုတ်များကို လိုက်လံပိတ်ထားရမည်ဖြစ်သည်။
လျှပ်စစ်ကြောင့်ဖြစ်ပွားသော မီးလောင်မှုမဖြစ်ပွားရေး လျှပ်စစ်ကြိုးများကို ပုံမှန်စစ်ဆေး၍ ပျက်စီးနေပါက အချိန်မီပြုပြင်ခြင်း၊ ဂက်စ်အသုံးပြုသည့်အခါ လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ဖွင့်ထားခြင်း၊ မီးဖိုအသုံးပြုပြီးပါက မီးပိတ်ထားမှုရှိ/မရှိ သေချာစစ်ဆေးခြင်း၊ အိမ်တိုင်းမီးသတ်ဘူး (Fire Extinguisher) အမြဲထားရှိခြင်း၊ မီးခိုးသတိပေးစက် (Smoke Detector) တပ်ဆင်ခြင်းများဆောင်ရွက်သင့်ပေသည်။ အများပြည်သူများ အသုံးပြုရာနေရာများတွင် အရေးပေါ်ထွက်ပေါက် တည်ရှိရာနေရာများကို သိရှိထားခြင်း၊ အဆောက်အအုံအတွင်းရှိ မီးသတ်ပစ္စည်းများထားသို တည်ရှိရာနေရာကို ကြိုတင်လေ့လာထားခြင်း၊ မီးလောင်မှုဖြစ်ပွားပါက မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။
ရာသီမရွေး မီးလောင်မှုသတင်းများကို သတင်းစာမျက်နှာများတွင် မကြာခဏတွေ့ကြရပေသည်။ အမြန်လမ်းပေါ်တွင်လည်း အင်ဂျင်အပူလွန်ကဲသောကားများ မီးလောင်မှုဖြစ်ပွားသည့်သတင်းများမှာ စိတ်မချမ်းမြေ့ဖွယ် မကြာခဏကြားသိနေကြရသည်။ သွားသတိ၊ လာသတိ၊ သတိတစ်လုံးဖြင့် ယာဉ်အသုံးမပြုမီ၊ အသုံးပြုဆဲကာလတစ်လျှောက် သတိပြုရပါမည်။ မျက်စိ၊ နား၊ နှာခေါင်း၊ ခြေ၊ လက်များ ဟန်ချက်ညီညီသတိထားခြင်းဖြင့် ယာဉ်မတော်တဆမှုနှင့် မီးလောင်မှုဖြစ်စဉ်များ လျော့ကျသွားနိုင်ပေသည်။ မီးလောင်မှုဖြစ်ပွားလျှင် စိတ်ကိုတည်ငြိမ်အောင် စုစည်းရပါမည်။ မီးလောင်မှုဖြစ်စဉ်တစ်ခုဖြစ်ပွားသည်နှင့် ကျိတ်မငြှိမ်းရန်လိုအပ်ပြီး ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံရမည်ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ် အထပ်မြင့်မှခုန်ချခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
မီးဘေးနှင့်ရင်ဆိုင်ကြုံတွေ့ရပါက စိတ်ကိုတည်ငြိမ်အောင်ထားရှိ၍ မီးလောင်နေသည့်နေရာမှ ချက်ချင်းထွက်ခွာခြင်း၊ ဓာတ်လှေကား အသုံးပြုခြင်းအစား လှေကားအသုံးပြုခြင်းများ ဆောင်ရွက်သင့်ပေသည်။ အခန်းတွင်း မီးခိုးများပိတ်ဖုံးနေပါက မတ်တတ်မရပ်သင့်ဘဲ ကြမ်းပြင်မှအနီးဆုံးတံခါးမကြီးဆီသို့ တွားသွားရန်လိုအပ်ခြင်း၊ အဝတ်အစားနှင့်ကိုယ်ခန္ဓာ မီးစွဲလောင်လျှင် ထွက်မပြေးဘဲ ကြမ်းပြင်တွင် (ရပ်၊ လဲ၊ လှည့်) လူးလှိမ့်၍ မီးငြှိမ်းသတ်ခြင်းနှင့် မျက်နှာအားမီးဟပ်ခြင်း၊ မီးခိုးမွှန်ခြင်းမှ ကင်းဝေးစေရန် လက်နှစ်ဖက်ဖြင့် မျက်နှာကိုကာကွယ်ခြင်းများ လိုအပ်ကြောင်း မီးဘေးအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲများမှတစ်ဆင့်သိရှိရသည်။ မီးဘေးအန္တရာယ်ကျရောက်ချိန်တွင် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြား ရမည်ဖြစ်ပြီး တစ်အိမ်မှတစ်အိမ် မီးမကူးစေရေး လူအင်အားအသုံးပြု မီးငြှိမ်းသတ်ရန်လိုအပ်သည်။ မီးလောင်မှုသည် လောင်ကျွမ်းနိုင်မည့်အရာများကို အတားအဆီးမရှိစိတ်ကြိုက်လောင်ကျွမ်းလေ့ရှိသည်။ ထို့ကြောင့် မီးလောင်မှတားဆီးခြင်းထက် မလောင်ခင်ကြိုတင်ကာကွယ်ခြင်းမှာ ပိုမိုထိရောက်သော တုံ့ပြန်မှုဖြစ်သည်။ အနှစ်ချုပ်အားဖြင့် လျှပ်စစ်ဝိုင်ယာရှော့ကြောင့် မီးလောင်နိုင်သည်။ တောမီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းဖြစ်စဉ်များတွင် လေတိုက်မှုကြောင့် မီးလောင်မှုပမာဏ ကျယ်ပြန့်စေနိုင်သည်။ ဆေးလိပ်၊ စီးကရက် မဆင်မခြင်စွန့်ပစ်ခြင်းမှတစ်ဆင့် ခြောက်သွေ့သောအမှိုက်၊ မြက်ခြောက်များနှင့်ထိတွေ့၍ မီးလောင်မှုဖြစ်စေနိုင်သည်။ မီးလောင်လွယ်သည့်ပစ္စည်းများ နေရောင်ဖြင့်တိုက်ရိုက် ထိတွေ့ရာမှ အပူရှိန်မြင့်၍ မီးလောင်ကျွမ်းနိုင်သည်။ သို့ဖြစ်၍ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသတိပြုခြင်း၊ အမှိုက်များကို မီးရှို့မည့်အစား စနစ်တကျစွန့်ပစ်ခြင်း၊ စီးကရက်မီးကိုငြှိမ်းသတ်၍ စနစ်တကျစွန့်ပစ်ခြင်း၊ မိမိပတ်ဝန်းကျင်တွင် အမှိုက်မီးရှို့ခြင်း၏အကျိုးအပြစ်ကိုသတိပေးခြင်း၊ အိမ်အနီးဝန်းကျင်ရှိ ခြောက်သွေ့သော မြက်များ၊ အမှိုက်ပုံများကို ဖယ်ရှားရှင်းလင်းခြင်း၊ မီးဘေးကာကွယ်ရေးပစ္စည်းများစုဆောင်းခြင်း၊ မီးတားလမ်းဖောက်လုပ်ခြင်း၊ လေကာပင်များစိုက်ပျိုးခြင်းများပြုလုပ်သင့်ပေသည်။
မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူလူထုနှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အချိန်မရွေးကြုံတွေ့နိုင်သည့် မီးဘေးအန္တရာယ်ကိုကာကွယ်နိုင်စွမ်းရှိပြီး အနာဂတ်နိုင်ငံတော် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနေမည်ဖြစ်သဖြင့် အမှိုက်ကစ မီးလောင်မှုမဖြစ်စေရေး အားလုံးပါဝင်တားဆီး ကာကွယ်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
MWD
