ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် အွန်လိုင်းလိမ်လည်မှုများအား တိုက်ဖျက်ပေးမည့် နိုင်ငံတော်၏ ခံစစ်တံတိုင်း CEIR စနစ်
Posted_Date
Image
Body
မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းအားနဲ့ တည်ငြိမ်အေးချမ်းမှုဟာ ရုပ်ပိုင်းဆိုင်ရာ နယ်နိမိတ်တွေကို ကာကွယ်ရုံတင်သာမကပါဘူး။ ဒစ်ဂျစ်တယ်နယ်ပယ်ရဲ့ လုံခြုံရေးအပေါ်တွင်ပါ များစွာမူတည်နေပြီဖြစ်ပါတယ်။ နည်းပညာတွေ အလျင်အမြန်တိုးတက်လာတာနဲ့အမျှ ဆိုက်ဘာရာဇဝတ်မှုတွေဟာလည်း နည်းမျိုးစုံဖြင့် အသွင်ပြောင်းလဲကာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဆက်သွယ်ရေးကွန်ရက် လုံခြုံစေဖို့ရန် SIM Card မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေသော်လည်း တစ်ဖက်မှာ အွန်လိုင်းလိမ်လည်မှု (Online Scams)တွေ၊ Call Center အယောင်ဆောင် ငွေကြေးလိမ်လည်မှုတွေနဲ့ ခေတ်မီ Video Clone နည်းပညာသုံး လိမ်လည်မှုတွေက ပြည်သူတွေရဲ့ လူမှုစီးပွားဘဝကို ခြိမ်းခြောက်လျက် ရှိတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်နေရပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ချွေးနှဲ စာနဲ့ရှာဖွေထားတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာရခြင်းတွေကို နိုင်ငံတော် အစိုးရက အလေးအနက်ထားစောင့်ကြည့်လျက်ရှိပြီး ဒီလိုခြိမ်းခြောက်မှုတွေကိုအမြစ်ပြတ်ချေမှုန်းဖို့ နည်းလမ်း တွေကိုလည်း အစဉ်တစိုက်ရှာဖွေလျက်ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ CEIR (Central Equipment Identity Register) လို့ခေါ်တဲ့ ဗဟိုစက်ပစ္စည်း မှတ်ပုံတင်စနစ်ကို အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအတွက် သာမက ပြည်သူတစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှု၊ ဂုဏ်သိက္ခာနဲ့ အသက်အိုးအိမ်စည်းစိမ်ကို အပြည့်အဝ ကာကွယ်ပေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။
CEIR ဆိုတာဘာလဲ? ဘယ်လိုအလုပ်လုပ်သလဲ?
CEIR ဆိုတာ မိုဘိုင်းဖုန်းတစ်လုံးချင်းစီရဲ့ သီးသန့်မှတ်ပုံတင်နံပါတ်ဖြစ်တဲ့ IMEI (International Mobile Equipment Identity)ကို ဗဟိုဒေတာဘေ့စ်တစ်ခုမှာ စနစ်တကျ မှတ်တမ်းတင် ချိတ်ဆက် ထားတဲ့ အဆင့်မြင့်နည်းပညာစနစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဂဏန်း ၁၅ လုံးပါဝင်တဲ့ IMEI နံပါတ်ကို သိရှိလိုတယ်ဆိုရင် မိမိတို့ မိုဘိုင်းဖုန်းတွေမှာ *#06# ကို ရိုက်နှိပ်၍ဖြစ်စေ၊ ဖုန်း၏ Setting အတွင်းမှာ ဝင်ရောက်၍ဖြစ်စေ အလွယ်တကူစစ်ဆေးနိုင်ပါတယ်။ အရင်က SIM Card တွေကိုသာ မှတ်ပုံတင်ခဲ့ရာက အခုအခါမှာ ဖုန်းစက်ပစ္စည်း (Handset) တွေကိုပါ မှတ်ပုံတင်လိုက်ခြင်းဖြင့် ကွန်ရက်လုံခြုံရေးကို အလွှာနှစ်ထပ်နဲ့ ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားမဝင်လမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ဖုန်းတွေ၊ ပြည်သူတွေထံက ခိုးယူခံထားရတဲ့ဖုန်းတွေနဲ့ ရာဇဝတ်မှု ကျူးလွန်ရာမှာ အသုံးပြုမယ့်ဖုန်းတွေကို နိုင်ငံအတွင်းရှိ ဘယ်ဆက်သွယ်ရေး ကွန်ရက် (Telecom Network)မှာမဆို အသုံးမပြုနိုင်အောင်လို့ အလိုအလျောက်ပိတ်ဆို့ (Block) ထားနိုင်ဖို့ပဲဖြစ်ပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုသန့်စင်ပေးပြီး ရာဇဝတ်ကောင်တွေ အသုံးပြုနိုင်မယ့် လက်နက်(စက်ပစ္စည်း)ကို ဖျက်ဆီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ မျက်ရည်ကို ရပ်တန့်ပေးနိုင်ဖို့ Online Scams နဲ့ Love Scams တွေကို အဟန့်အတားပြုလုပ်ပေးခြင်းလက်ရှိအချိန် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အကောင့်တုတွေဖွင့်ပြီး ယုံကြည်မှုနဲ့အချစ်ကိုအလွဲသုံးစားလုပ်ကာ ငွေကြေးလိမ်လည်တဲ့ Love Scams တွေကြောင့် ပြည်သူအများအပြား အထူးသဖြင့် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ များစွာနစ်နာလျက်ရှိပါတယ်။ လိမ်လည်သူတွေဟာ ဖုန်းစက်ပစ္စည်းအမြောက်အမြားနဲ့ SIM Card တွေကို တစ်ခါသုံးအဖြစ် စိတ်ကြိုက်အသုံးပြုပြီး ဥပဒေလက်တွင်းကနေ လွတ်ကင်းအောင် သဲလွန်စဖျောက်လေ့ရှိကြပါတယ်။ နိုင်ငံတော်အစိုးရက CEIR စနစ်ကို အသက်သွင်းလိုက်မယ်ဆိုရင် လိမ်လည်သူတွေ အသုံးပြုနေတဲ့ ဖုန်းစက်ပစ္စည်း(Device)ကို ခြေရာခံထိန်းချုပ်နိုင်သွားမှာ ဖြစ်ပါတယ်။ လူလိမ်တွေအနေနဲ့ SIM Card အသစ်လဲလှယ်ရုံနဲ့ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘဲ သူတို့အသုံးပြုခဲ့တဲ့ ဖုန်းစက်ပစ္စည်းကိုပါ Blacklist (အမည်ပျက်စာရင်း) သွင်းကာ အပြီးတိုင်ပိတ်ဆို့ပစ်နိုင်မှာ ဖြစ်လို့ လိမ်လည်မှုကွင်းဆက်တွေကို အရင်းအမြစ် ကစလို့ ဖြတ်တောက်နိုင်တော့မှာဖြစ်တဲ့အတွက် အလွန်ထိရောက်တဲ့ ပြည်သူ့အကာအကွယ်စနစ်ကြီး ဖြစ်လာတော့မှာပါ။
ငွေကြေးဝန်ဆောင်မှု (KPay/Wave)အယောင်ဆောင်မှုတွေက ပြည်သူ့ဘဏ္ဍာကို ကာကွယ်ပေးခြင်းပြည်သူတွေ နေ့စဉ် အသုံးပြုနေတဲ့ KPay ၊ Wave Money စတဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတွေရဲ့ Call Center ဝန်ထမ်းအဖြစ် အယောင်ဆောင်ပြီး ငွေလွှဲယူခြင်း၊ ဆုမဲပေါက်တယ်လို့ မက်လုံးပေး လိမ်လည်ခြင်းတွေဟာ ပြည်သူရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ဒုက္ခပေးနေပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် CEIR စနစ်ဟာ အဓိကအခန်းကဏ္ဍကနေပြီး ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ CEIR စနစ်မှာဆိုရင် ဖုန်းစက်ပစ္စည်းတွေကို စနစ်တကျ မှတ်ပုံတင်ထားတော့မှာ ဖြစ်တဲ့အတွက်ကြောင့် လိမ်လည်သူတစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးကိုအသုံးပြုပြီး ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်တာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာလုံခြုံရေး အဖွဲ့အစည်းတွေက အဲဒီစက်ပစ္စည်းရဲ့ IMEI ကိုခြေရာခံနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဒီခြေရာခံလို့ရတဲ့ ဖုန်းစက်ပစ္စည်းကို အမည်ပျက်စာရင်း သွင်းလိုက်တာနဲ့ အခြားပြည်သူတစ်ဦးတစ်ယောက်ကို ထပ်မံလိမ်လည်ဖို့ ကြိုးစားခွင့် မရနိုင်တော့အောင် အမြစ်ပြတ် တားဆီးပေးမှာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ဘဏ္ဍာငွေကို ခေတ်မီနည်းပညာနဲ့ ကာကွယ်စောင့်ရှောက်ပေးနိုင်တော့မှာဖြစ်ပါတယ်။
ခေတ်သစ် AI/Video Clone လိမ်လည်မှုများကိုတုံ့ပြန်ခြင်း
ယနေ့ခေတ်မှာ ရိုးရှင်းတဲ့လိမ်လည်မှုတွေကိုသာမက AI နည်းပညာကို အလွဲသုံးစားလုပ်ပြီး ရင်းနှီးသူမိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ မျက်နှာနဲ့အသံကို တုပကာ ငွေလိမ်တဲ့ Deepfake သို့မဟုတ် Video Clone တွေဟာ အကြီးအကျယ်ပျံ့နှံ့လာပြီး တစ်ကမ္ဘာလုံးမှာ ထိတ်လန့်စရာအနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုအဆင့်မြင့်နည်းပညာသုံး ကျူးလွန်သူတွေဟာ အများအားဖြင့် တရားမဝင်ခိုးသွင်းလာတဲ့ သို့မဟုတ် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်းကို အလွယ်တကူမသိနိုင်စေမယ့် မှတ်ပုံတင်မထားတဲ့ ဖုန်းတွေကို အသုံးပြုနေကြပါတယ်။ CEIR စနစ်ဟာဆိုရင် တရားဝင်တင်သွင်းလာပြီး ပိုင်ရှင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တိကျစွာသိရှိနိုင်မယ့် ဖုန်းတွေကိုသာ ဆက်သွယ်ရေးကွန်ရက်အတွင်း အသုံးပြုခွင့်ပေးတော့မှာဖြစ်လို့ ပြည်တွင်းမှာ ဒီလိုမျိုးအဆင့်မြင့် ဆိုက်ဘာ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ရန် အလွန်ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ အနာဂတ်မျိုးဆက်သစ် တွေအတွက် လုံခြုံတဲ့ဆိုက်ဘာဂေဟစနစ်တစ်ခုကို ဖန်တီးပေးတာလည်း ဖြစ်ပါတယ်။
လူငယ်တွေရဲ့ အနာဂတ်နဲ့ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ပေးခြင်း
အွန်လိုင်းလောင်းကစားမှုတွေဟာ လူငယ်တွေရဲ့ အနာဂတ်၊ အချိန်နဲ့ခွန်အားတွေကို ဖျက်ဆီးနေတဲ့ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အမည်ဝှက် (Anonymous) ဖုန်းစက်ပစ္စည်းတွေကို အကာအကွယ်ယူပြီး လူမှုကွန်ရက်တွေပေါ်မှာ ဘာသာရေး၊ လူမျိုးရေးနဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို စော်ကားတဲ့အကြောင်းအရာတွေ လွှင့်တင်ကာ လူ့အဖွဲ့အစည်းအတွင်း သွေးခွဲမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေသူတွေလည်းရှိနေပါတယ်။ CEIR စနစ်ဟာ အဲဒီယဉ်ကျေးမှု ဖျက်ဆီးသူတွေနဲ့ လောင်းကစားဒိုင်တွေကို ဆက်သွယ်ရေးကွန်ရက်စနစ်အတွင်းကနေ အပြီးတိုင်ဖယ်ထုတ်ဖို့နဲ့ သူတို့ကျူးလွန်ခဲ့တဲ့ သဲလွန်စတွေကို တိကျစွာဖော်ထုတ် အရေးယူနိုင်ဖို့ အကောင်းဆုံးသော ဥပဒေစိုးမိုးရေး လက်နက်တစ်ခု ဖြစ်ပါတယ်။ ပြည်သူ့နီတိနဲ့ ကိုက်ညီပြီး ကျန်းမာတက်ကြွတဲ့ အွန်လိုင်း လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ နိုင်ငံတော်ကနေ မားမားမတ်မတ်ရပ်တည်ပေးနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာစံနှုန်းများနဲ့အညီ နိုင်ငံ့စီးပွားကိုအကာအကွယ်ပေးခြင်း
CEIR စနစ်ဟာ မြန်မာနိုင်ငံအတွက်သာ သီးသန့်တီထွင်ထားတဲ့ စနစ်မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများအပြားမှာ ကျင့်သုံးနေတဲ့ နိုင်ငံတကာစံချိန်မီ လုံခြုံရေးစနစ်တစ်ခု ဖြစ်ပါတယ်။ အိန္ဒိယ၊ တူကီယဲ၊ အင်ဒိုနီးရှားနဲ့ ဥရောပနိုင်ငံအချို့မှာ ဒီစနစ်ကိုအောင်မြင်စွာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ဒီစနစ်ကို ကျင့်သုံးတဲ့အတွက်ကြောင့်ပဲ အဲဒီနိုင်ငံတွေမှာ ဖုန်းခိုးယူမှု၊ လုယက်မှုတွေ သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တရားမဝင် ဖုန်းမှောင်ခိုတင်သွင်းမှုတွေကို တားဆီး နိုင်ခဲ့တာကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေဆုံးရှုံးမသွားအောင် ကာကွယ်နိုင်ခဲ့ပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ နိုင်ငံ့စီးပွားရေးယန္တရားအတွက် အလွန်အရေးပါတဲ့စနစ်တစ်ခုဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်ခြင်းနှင့် အကျိုးကျေးဇူးများ
အပြောင်းအလဲတစ်ခု စတင်ချိန်မှာ အချို့သောပြည်သူတွေဟာ မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်(Privacy) တွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနိုင်တာကို နိုင်ငံတော်အစိုးရအနေနဲ့ ကောင်းစွာနားလည်သဘောပေါက်ပါတယ်။ တကယ်တော့ CEIR စနစ်ဆိုတာ သုံးစွဲသူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်တွေ သို့မဟုတ် အင်တာနက် အသုံးပြုမှုတွေကို ထောက်လှမ်းတာမျိုး လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ “စက်ပစ္စည်း(Device)၏ မှန်ကန်တရားဝင်မှု” ကိုသာ အဓိကစစ်ဆေးတဲ့စနစ်ဖြစ်ကြောင်းကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်းသိမြင်စေလိုပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးကြီးမားတဲ့ မိုဘိုင်းဖုန်းပျောက်ဆုံးသွားမယ် သို့မဟုတ် ခိုးယူခံရမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားပြီး CEIR စနစ်ကနေတစ်ဆင့် ဖုန်းကိုချက်ချင်း Block ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အရင်က ဖုန်းတစ်လုံး ပျောက်ဆုံး၊ အခိုးခံရမယ်ဆိုရင် SIM Card ကို ပိတ်သိမ်းရုံကလွဲပြီး အခြား ထိရောက်တဲ့ တားဆီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ခိုးယူသူတွေအနေနဲ့ SIM Card ကို လွှင့်ပစ်ပြီး ဖုန်းကို Firmware အသစ်ပြန်တင်ကာလွယ်ကူစွာ ပြန်လည်အသုံးပြုနိုင်ခဲ့ကြပါတယ်။
အခုအခါမှာတော့ ဖုန်းခိုးယူသွားသူတွေအနေနဲ့ အဲဒီဖုန်းကိုဘယ်ဆက်သွယ်ရေး ကွန်ရက်တွေမှာမှ ပြန်လည်အသုံးပြုလို့ ရနိုင်တော့မှာမဟုတ်တဲ့အတွက် ဖုန်းခိုးယူခြင်း၊ လုယက်ခြင်းလိုမျိုး ဒုစရိုက်မှုတွေဟာ အလိုအလျောက်ပပျောက်သွားမှာ ဖြစ်ပါတယ်။ YBS ယာဉ်တွေပေါ်မှာ နေ့ခင်းကြောင်တောင် သောင်းကျန်းနေတဲ့ ဖုန်းခါးပိုက်နှိုက်တွေနဲ့ ဖုန်းသူခိုးတွေရဲ့ ရန်ကနေ ပြည်သူတွေကို အပြည့်အဝကာကွယ်ပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်ထားခြင်းမရှိဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတကာမှာတွင်ကျယ်စွာအသုံးပြုနေတဲ့ CEIR စနစ်ကို စိုးရိမ်ကြောက်ရွံ့နေစရာ မလိုတဲ့အပြင် မိမိပိုင်ဆိုင်တဲ့ဖုန်းပစ္စည်းကို တရားဝင်မှတ်ပုံတင်ထားတာဟာ အလုံခြုံဆုံးသော အကာအကွယ် ရရှိနေတာဖြစ်ကြောင်းကို အသိပေးလိုပါတယ်။
နိုင်ငံတော်တည်ငြိမ်ရေးနှင့် ခေတ်သစ်
ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ(Digital Sovereignty)
ခေတ်သစ်ကမ္ဘာမှာ နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်သွယ်ရေးကွန်ရက်ဟာ အသက်သွေးကြောပမာ အရေးကြီးလှပါတယ်။ နိုင်ငံတော်ရဲ့စွမ်းအားကိုတည်ဆောက်ရာမှာ ခိုင်မာတောင့်တင်းတဲ့ ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံရှိဖို့ ဆိုတာဟာလည်း တစ်ထောင့်တစ်နေရာက လိုအပ်လျက်ရှိတဲ့ စွမ်းအားတစ်ရပ်ပါ။ CEIR စနစ်ဟာ နိုင်ငံအတွင်းအသုံးပြုနေတဲ့ မိုဘိုင်းစက်ပစ္စည်းတိုင်းကို စိစစ်နိုင်စွမ်းရှိတာကြောင့် ပြည်ပမှဖြစ်စေ၊ ပြည်တွင်းမှဖြစ်စေ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို အချိန်မီကြိုတင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ (Digital Sovereignty)ကို မယိမ်းမယိုင်ရလေအောင် အခိုင်အမာပံ့ပိုးပေးခြင်းလည်းဖြစ်ပါတယ်။
ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြည်သူလူထု၏ပူးပေါင်း ပါဝင်မှုအစိုးရရဲ့ ဘယ်လိုပင်ကောင်းမွန်တဲ့စနစ်ပဲဖြစ်နေစေကာမူ ပြည်သူလူထုရဲ့ နားလည်သဘောပေါက်မှုနဲ့ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှု မရှိနိုင်ဘူးဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူတွေ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့ CEIR စနစ်ကို ၂၀၂၆ ခုနှစ် မတ်လ ပထမပတ်မှစလို့ စတင်အသုံးပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူတွေ လက်ရှိအသုံးပြုနေတဲ့ မိုဘိုင်းလက်ကိုင်ဖုန်း တွေကို အခွန်ပေးဆောင်ဖို့ မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ဖို့အတွက် CEIR စနစ်ရှိ ခွင့်ပြုစာရင်း (Whitelist) မှာ အလိုအလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုစာရင်းမှာ ပါရှိနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ရဲ့ မိုဘိုင်းဖုန်းတွေအတွင်းမှာ ပြည်တွင်းဆက်သွယ်ရေးကွန်ရက် (MPT, ATOM, U9, Mytel) များရဲ့ SIM Card များကို ထည့်သွင်းဖွင့်လှစ်အသုံးပြုထားဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစလို့ ခွင့်ပြုစာရင်းမှာမပါရှိတဲ့ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို ဆက်သွယ်ရေးကွန်ရက်တွေနဲ့ စတင်ချိတ်ဆက်ချိန်မှစလို့ ရက်ပေါင်း ၃၀ အတွင်းသာ ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး အဲဒီကာလအတွင်း ကျသင့်တဲ့အခွန်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုသူများအနေနဲ့လည်း ဝက်ဘ်ဆိုက်တွင် ကြည့်ရှု၍ဖြစ်စေ၊ CEIR Call Center နံပါတ်တွေဖြစ်တဲ့ ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း၍ဖြစ်စေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် CEIR စနစ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူများအနေနဲ့ မိမိတို့အသုံးပြုနေတဲ့ဖုန်းတွေကို သတ်မှတ်ထားတဲ့ကာလအတွင်း စနစ်တကျ မှတ်ပုံတင်ခြင်း၊ ဖုန်းအသစ်ဝယ်ယူရာတွင်လည်း အခွန်ဆောင်ထားတဲ့ တရားဝင်တင်သွင်း ထားတဲ့ဖုန်းတွေကိုသာ ရွေးချယ်ဝယ်ယူခြင်းတို့ဖြင့် နိုင်ငံတော်ရဲ့ မေတ္တာစေတနာထားကြိုးပမ်းမှုကို ဝိုင်းဝန်းကူညီပေးကြဖို့ အထူးလိုအပ်လှပါတယ်။
CEIR စနစ်ဆိုတာဟာ ပြည်သူလူထုအတွက် ကန့်သတ်ချက်တစ်ခုမဟုတ်ဘဲ ခေတ်သစ်ဆိုက်ဘာရာဇဝတ်မှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်မြင့်ကာကွယ်ရေး တံတိုင်းကြီးတစ်ခုသာ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုအမျိုးမျိုးကြောင့် ပြည်သူလူထုရဲ့ဘဝတွေ၊ မိသားစုတွေ ပျက်စီးဆုံးရှုံးနေရတာကို ရပ်တန့်နိုင်ဖို့နဲ့ လူတိုင်းယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မယ့် ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ကသာ နိုင်ငံတော် အစိုးရရဲ့ အဓိကရည်မှန်းချက်စေတနာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတော်ရဲ့ စေတနာကို နားလည်လက်ခံပြီး CEIR စနစ်ကြီးကို လက်ကမ်းကြိုဆိုမှုဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့ လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော် ရေးသားတင်ပြလိုက်ရပါတယ်။ ။
MWD
