ခေတ်သစ်ကို ထုဆစ်ပေးသည့် အမျိုးသမီးတို့၏စွမ်းအား
Posted_Date
Image
Body
လူ့အဖွဲ့အစည်း၏အုတ်မြစ်နှစ်ရပ်ဖြစ်သော အမျိုးသားနှင့်အမျိုးသမီးတို့သည် လူသားမျိုးနွယ်အတွက် သဘာဝအလျောက် အမြဲအရေးပါနေကြသူများပင်ဖြစ်သည်။ သို့ရာတွင် ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစု၏ လူဦးရေစာရင်းများကို လေ့လာကြည့်ပါက အမျိုးသားဦးရေထက် အမျိုးသမီးဦးရေ ပိုမိုများပြားလျက်ရှိသည်ကိုတွေ့မြင်ရသည်။ ဤသို့ အမျိုးသမီးဦးရေ များပြားလာမှုနှင့်အတူ ၎င်းတို့အား အမျိုးသားများနည်းတူ တန်းတူရည်တူအခွင့်အရေးများ ပေးအပ်နိုင်ရေးသည် ခေတ်အဆက်ဆက်၏ မလွှဲသာသည့်တာဝန်ကြီးတစ်ရပ်ဖြစ်လာခဲ့သည်။ ထို့ကြောင့်ပင် ယနေ့ခေတ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် မိသားစုအတွင်းမှလွတ်မြောက်ကာ လူမှုအဖွဲ့အစည်း၏ရှုထောင့်ပေါင်းစုံ၌ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနိုင်ပြီး ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်ဆောင်ရွက်လာနိုင်ခဲ့ကြသည်။
ဤသို့သော အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှု၏ အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) အဖြစ် ကမ္ဘာတစ်ဝန်းလုံးက သတ်မှတ်ကျင်းပကြသည်။ ယင်းနေ့သည် အမျိုးသမီးများ၏ အောင်မြင်မှုများကိုဂုဏ်ပြုရုံမျှမက ၎င်းတို့၏အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်ရန် ကမ္ဘာ့လူသားအားလုံးကို နှိုးဆော်သည့်နေ့လည်းဖြစ်သည်။ ဤနေ့ကို ဂုဏ်ပြုရာတွင် နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်ကာ အမျိုးသမီးကဏ္ဍမြှင့်တင်ရေးအတွက် အသိပညာပေးလေ့ရှိသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ သမိုင်းကြောင်း
ပထမဆုံးသော အမျိုးသမီးများနေ့ကို အမေရိကန်လူ့အဖွဲ့အစည်း ပါတီများက ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် နယူးယောက်မြို့၌ကျင်းပခဲ့သည်။ ယင်းနောက် ၁၉၁၀ ပြည့်နှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ကျင်းပသော ပထမအကြိမ်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးညီလာခံတွင် ဂျာမနီနိုင်ငံဖွား အမျိုးသမီးလှုပ်ရှားမှုခေါင်းဆောင် Clara Zetkin က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တစ်နေ့ သတ်မှတ်ပေးရန် ပဏာမအဆိုပြုတင်ပြခဲ့သည်။
၁၉၁၂ ခုနှစ်မှ ၁၉၁၅ ခုနှစ်အထိ Clara Zetkin ၏ဦးဆောင်မှုဖြင့် ဥရောပအမျိုးသမီးများသည် မတ်လ ၁၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ကာ ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၁၉၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ မော်စကိုမြို့၌ ကျင်းပသော ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာကွန်မြူနစ်အမျိုးသမီးများနေ့ညီလာခံတွင် ဘူဂေးရီးယားကိုယ်စားလှယ်များက ရုရှားအလုပ်သမားတော်လှန်ရေးကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာအမျိုးသမီးများနေ့ကို မတ်လ ၈ ရက်နေ့အဖြစ်သတ်မှတ်ပေးရန် တင်ပြခဲ့ကြသည်။ နောက်ဆုံးတွင် ၁၉၇၅ ခုနှစ်၌ ကုလသမဂ္ဂက မတ်လ ၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တရားဝင်သတ်မှတ်ကြေညာခဲ့သည်။
အမျိုးသမီးများသည် ပင်ကိုဗီဇအားဖြင့် အားနွဲ့သူများဟု ဆိုနိုင်သော်လည်း ခေတ်ကာလအပြောင်းအလဲနှင့်အတူ အမျိုးသားများနှင့်အပြိုင် ကာယအား၊ ဉာဏအားနှင့် စိတ်ဓာတ်စွမ်းအားများ မွေးမြူတတ်လာကြသည်။ အမျိုးသားများနည်းတူ လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံသူများဖြစ်လာရန်၊ အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်သူများဖြစ်လာရန်၊ လုပ်ရည်ကိုင်ရည် ထက်မြက်သူများဖြစ်လာရန် ကြိုးပမ်းအားထုတ်နေကြပြီဖြစ်သည်။ ဤသို့ ကြိုးပမ်းအားထုတ်မှုများကြောင့်သာ အမျိုးသမီးများ၏စွမ်းရည်သည် ပိုမိုတိုးတက်မြင့်မား လာခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုများနှင့် မြန်မာနိုင်ငံကမ္ဘာပေါ်ရှိ အမျိုးသမီးများသည် ရှေးအစဉ်အဆက်ကပင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့်ကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး မရရှိခဲ့ကြသည့်အပြင် အချို့နေရာဒေသများတွင် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်းများကိုပါ ရင်ဆိုင် ခံစားခဲ့ကြရသည်။ အမျိုးသမီးများသည် လူသားအချင်းချင်းအနက် လူသားများပင်ဖြစ်ကြပြီး စွမ်းဆောင်နိုင်စွမ်း အပြည့်အဝရှိသူများ ဖြစ်သော်လည်း တစ်ဖက်သတ်ဖိနှိပ်ခြင်း၊ ခွဲခြားခံရခြင်း၊ တန်းတူအခွင့်အရေးမရရှိခြင်းနှင့် အကြမ်းဖက်ခံရခြင်းတို့ကို ကြုံတွေ့နေရသဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကိုကာကွယ်ခြင်းနှင့် ကျား-မ တန်းတူညီမျှမှု မြှင့်တင်ရေးတို့အတွက် နိုင်ငံအလိုက် ပြုပြင်ပြောင်းလဲရန် စည်းရုံးလှုပ်ရှားမှုများသည် ၁၉ ရာစုအတွင်းကပင် စတင်ပေါ်ပေါက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍအရေးပါမှုကို ကမ္ဘာကပိုမိုအသိအမှတ်ပြုလာသည်။ ၁၉၄၅ ခုနှစ် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် ၁၉၄၈ ခုနှစ် အပြည်ပြည်ဆိုင်ရာလူအခွင့်အရေး ကြေညာစာတမ်းတို့တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီတူဖြစ်၍ တန်းတူညီမျှမှုရှိရမည်ဟု ချမှတ်ခဲ့သည်။ သို့ရာတွင် ထိုအခွင့်အရေးများကို အပြည့်အဝမခံစားမရရှိကြသော အမျိုးသမီးများစွာတို့ ကမ္ဘာတစ်ဝန်းတွင် ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ၏အခန်းကဏ္ဍအရေးပါမှုကို ထပ်မံအလေးပေးသည့်အနေဖြင့် ၁၉၆၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက “ကျား-မ ခွဲခြားမှု ပပျောက်ရေး”ကြေညာစာတမ်းကို တညီတညွတ်တည်း အတည်ပြုခဲ့သည်။
ထို့အတူ ၁၉၇၂ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံက ကျား-မ အခွင့်အရေးတန်းတူညီမျှရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အားလုံးတွင် အမျိုးသမီးများအပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်ရရှိရန်ရည်ရွယ်၍ ၁၉၇၅ ခုနှစ်ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှစ်”(International Women’s Year)အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းလှုပ်ရှားမှုများကျင်းပခဲ့သည်။ အထူးသဖြင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးတို့ အတွက် “အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CEDAW)” ကို ၁၉၇၉ ခုနှစ်တွင် ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းပေးလိုက်ရာ အမျိုးသမီးများ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးအတွက် ခွန်အားတစ်ရပ်ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားလျက်ရှိသည်။ ပိုများနေသောအမျိုးသမီးများ နောက်ကျမကျန်ရစ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အမျိုးသမီးဘဝကာကွယ်စောင့်ရှောက်ရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကို မဖြစ်မနေဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင် ပေးရမည်ဖြစ်သကဲ့သို့ အမျိုးသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ တစ်ဘဝလုံး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။
အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး ဆောင်ရွက်ချက်များ
ဤသို့ အမျိုးသမီးများက ကိုယ်တိုင်ကြိုးစားအားထုတ်သင့်သကဲ့သို့ အစိုးရနှင့်ပုဂ္ဂလိက အဖွဲ့အစည်းအားလုံးကလည်း အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးကို အလေးအနက်ထားဆောင်ရွက် ပေးရန်လိုအပ်သည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း အမျိုးသမီးအခန်းကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိပြီး အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး ပေးအပ်ထားသည်။
အမျိုးသမီးများ၏အခွင့်အရေးကို အာမခံချက်ပေးသည့် ခိုင်မာသောဥပဒေမူဘောင်များ ချမှတ်ရန်အရေးကြီးသည်။ ဤဥပဒေများသည် ကျား-မ ရေးရာအခြေခံအကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် တန်းတူညီမျှအခွင့်အရေးများကဲ့သို့သော ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရမည်။ မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် အရည်အသွေးပြည့်မီသော ပညာရေးကိုတန်းတူရရှိစေရန် ဆောင်ရွက်ရမည်။ ပညာရေးသည် အမျိုးသမီးများ၏ အရည်အချင်းများကို မြှင့်တင်ပေးရာတွင် အထောက်အကူပြုသည်။ ကျား-မ ရေးရာရှုထောင့်များကို ထည့်သွင်းစဉ်းစားသည့်မူဝါဒများ ချမှတ်နိုင်ရန်အတွက် အမျိုးသမီးများဆုံးဖြတ်ချက်ချသည့် ရာထူးနေရာများတွင် ရှိနေရန် မရှိမဖြစ်လိုအပ်သည်။ ထို့ပြင် တန်းတူညီမျှသော စီးပွားရေးအခွင့်အလမ်းများ၊ မျှတသောလုပ်ခလစာနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးကို ဆောင်ရွက်ရမည်။
စီးပွားရေးစွမ်းဆောင်နိုင်မှုသည် အမျိုးသမီးများ၏ လွတ်လပ်မှုကို မြှင့်တင်ပေးပြီး အားနည်းချက်ကို လျှော့ချပေးသည်။
ကျား-မ တန်းတူညီမျှမှုကိုမြှင့်တင်ရာတွင် တန်းတူညီမျှသော ပညာရေးရရှိခြင်း၊ လုပ်ငန်းခွင်တွင် ကျား-မ ကွာဟချက်များကို ပေါင်းကူးရန် တရားမျှတပြီး ဘက်မလိုက်သောမူဝါဒများ အကောင် အထည်ဖော်ခြင်း၊ ကျား-မ အခြေပြုခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ပေးသည့်ဥပဒေများကိုပြဋ္ဌာန်းခြင်း၊ ကျား-မ နှစ်ဦးစလုံးအတွက် တန်းတူညီမျှမှုကို မိသားစုအဆင့်မှစတင်၍ ပံ့ပိုးခြင်း၊ ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ပါဝင်မှုကို အားပေးထောက်ခံခြင်း၊ မီဒီယာများတွင် ကျား-မ အားလုံး၏ ကွဲပြားပြီး အပြုသဘောဆောင်သော သရုပ် ဖော်မှုကိုအားပေးခြင်း၊ ကျား-မ အားလုံးအတွက် သာတူညီမျှသော ကျန်းမာရေးစောင့်ရှောက်မှုရရှိခြင်း၊ ယဉ်ကျေးမှုပုံသေပုံစံများကို ဆန်းစစ်ပြီး လူ့အဖွဲ့အစည်းအတွင်းပါဝင်နိုင်သော သဘောထားများကိုမြှင့်တင်ခြင်း၊ ကျား-မ အားလုံးအတွက် တန်းတူလစာနှင့် စီးပွားရေးအခွင့်အလမ်းများရရှိရေးမြှင့်တင်ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်နိုင်သည်။
အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဆင့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူလူထုအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်သည်။ ကျား-မ တန်းတူညီမျှမှုသည် လူ့အခွင့်အရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ငြိမ်းချမ်းသာယာဝပြောသော ကမ္ဘာကြီးတည်ဆောက်ရေး၏ မဏ္ဍိုင်လည်းဖြစ်သည်။ အမျိုးသမီးတစ်ဦးချင်းစီ၏ အလားအလာအပြည့်အဝကို ဖွင့်ဟပေးနိုင်ခြင်းသည် ထိုအမျိုးသမီးအတွက်သာမက သူမ၏မိသားစု၊ ရပ်ရွာနှင့် တစ်နိုင်ငံလုံး၏ အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။
ဤသို့လျှင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုရင်း အမျိုးသမီးများ၏အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွားရန် ကမ္ဘာ့လူသားအားလုံးအား ဖိတ်ခေါ်အပ်ပါသည်။ အမျိုးသမီးများ၏ စွမ်းရည်များ အပြည့်အဝ ပွင့်လန်းလာသောအခါ လူ့အဖွဲ့အစည်း၏ အရှိန်အဟုန်သည် မည်မျှပင်တိုးတက်လာမည်ကို မြင်ယောင်ကြည့်နိုင်သည်။ ထို့ကြောင့် ယနေ့သာမက နောင်လာမည့်နေ့ရက်တိုင်းတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလေးထား ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။ ။
MWD
