နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်း အပိုင်း(၁)

Posted_Date

Image

နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ဂုဏ်ယူဖွယ်ရာ အနာဂတ်ခရီးလမ်း အပိုင်း(၁)

Body

     နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ခြင်းဟာ အလွန်မွန်မြတ်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ဒီလိုဂုဏ်ယူဖွယ်ကောင်းတဲ့ အမျိုးသားရေးတာဝန်ကို အသက်အရွယ်အရ အကျုံးဝင်သူတွေ တာဝန်သိစိတ်နဲ့ ထမ်းဆောင်ခွင့်ရရှိစေဖို့အတွက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ယခုအခါမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ အဆိုပါပထမဆုံးအသုတ် ပြည်သူ့စစ်မှုထမ်းတွေဟာ သတ်မှတ်ကာလပြည့်မြောက်တော့မှာဖြစ်လို့ မကြာမီအချိန် အတွင်းမှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ အိမ်အပြန်ခရီးကို စတင်ကြတော့မှာဖြစ်ကြောင်း သတင်းကောင်းကြားသိရပါတယ်။

အိမ်အပြန်ခရီးလမ်းကို စတင်တော့မယ့် တာဝန်ကျေပြည်သူ့စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်ချက်တွေဟာ နိုင်ငံတော်လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုအဖြစ် သမိုင်း မှတ်တမ်းတင်နိုင်ခဲ့သလို သူတို့ရဲ့စွန့်လွှတ်ပေးဆပ်မှုနဲ့ ရဲရင့်မှုတွေက နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟာ အမြဲတမ်းစစ်မှုထမ်းတပ်မတော်သားတွေသာမက နိုင်ငံသားအားလုံးနဲ့သက်ဆိုင်တယ် ဆိုတဲ့ အနှစ်သာရကို ပီပြင်စွာဖော်ညွှန်းပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၈၅)မှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည် ဆိုတဲ့ နိုင်ငံသားတို့ရဲ့ မူလတာဝန်ကိုလည်း လက်တွေ့ကျကျ   ရှေ့ဆောင်လမ်းပြလုပ်ဆောင်ခဲ့ကြသူတွေပဲဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ဆင့်ခေါ်တဲ့ လုပ်ငန်းစဉ်ကစလို့ သင်တန်းတက်ရောက်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်းနဲ့  တာဝန်ပြီးဆုံးချိန် ဂုဏ်ယူဖွယ်ရာ အိမ်အပြန်ခရီးလမ်းအထိ အဆင့်တိုင်းအတွက် ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးဆွဲစီမံပြီး စနစ်တကျလုပ်ဆောင်ပေးလျက်ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်းတွေကို စတင်ဆင့်ခေါ် စုဆောင်းရာမှာ နိုင်ငံတော်အကြီးအကဲရဲ့ စည်းကမ်းတကျ ဆင့်ခေါ်မှုကို   အလေးထားရန်ဆိုတဲ့ လမ်းညွှန်ချက်နဲ့အညီ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေအတိုင်း အဆင့်ဆင့်သော ဆင့်ခေါ်ရေးအဖွဲ့တွေက အထူးအလေးထား  ဆောင်ရွက်နေကြပါတယ်။ အကယ်၍ ဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေမှာ ဥပဒေကိုလက်တစ်လုံးခြားလုပ်တဲ့ မတရားသည့် ဆောင်ရွက်မှုတွေရှိလာခဲ့ရင် ဥပဒေနဲ့အညီစိစစ်ဖော်ထုတ်ပြီး တိတိကျကျ အရေးယူတာတွေရှိသလို မမှန်မကန်  လုပ်ကြံတိုင်ကြားမှုတွေကိုလည်း ထိထိရောက်ရောက် ပြန်လည်အရေးယူမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။

နိုင်ငံတော်  ကာကွယ်ရေးအတွက် တပ်မတော်အင်အားရှိမှ   တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ရေရှည်အတွက် ဆောင်ရွက်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျင့်သုံးခြင်းသည် အလွန်ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး သတ်မှတ်အသက်အရွယ်အကျုံးဝင်သူတိုင်းကို တစ်ပြိုင်နက် စစ်မှုထမ်းဆောင်စေတာမျိုး မဟုတ်ဘဲသတ်မှတ်အရည်အချင်း ကိုက်ညီသူများအနက် ကျန်းမာရေးဆေးအဆင့် အောင်မြင်ပြီးသူတွေကိုသာ ပြည်သူ့စစ်မှုထမ်းအဖြစ် အလှည့်ကျ လစဉ်အင်အားအနည်းငယ်မျှ ခေါ်ယူလျက်ရှိပါတယ်။ ဥပဒေအရ အကျုံးဝင်သူများအနက် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်ရရှိသူတွေကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါတယ်။ စနစ်တကျ စိစစ်ရွေးချယ်ထားတဲ့ နိုင်ငံ့သားကောင်း လူငယ်တွေကို စစ်မှုထမ်းဆောင်ချိန်မှာ လိုအပ်မယ့် စစ်ရေးအတတ်ပညာတွေ ကျွမ်းကျင်ပိုင်နိုင်စေဖို့၊ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းစေဖို့နဲ့ စိတ်ဓာတ်ခံယူချက်မှန်ကန်ကောင်းမွန်စေဖို့အတွက် တပ်မတော်သင်တန်းကျောင်းအသီးသီးမှာ ဦးစွာစနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။

ပြည်သူ့စစ်မှုထမ်းလူငယ်တိုင်းကို နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်တဲ့စစ်ပညာရပ်တွေကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြား ပေးထားပေမယ့်လည်း လူတိုင်းကို တိုက်ခိုက်ရေး တပ်ရင်းတွေမှာချည်း တာဝန်ပေးအပ်တာမျိုး မဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုပညာရပ်တွေအပေါ် မူတည်ပြီး အခြားသင့်လျော်တဲ့ လက်ရုံးတပ်ဖွဲ့တွေမှာ ခွဲဝေကာ တာဝန်ချထားပေးလျက်ရှိပါတယ်။ တာဝန်ထမ်းဆောင်နေစဉ်ကာလတစ်လျှောက်လုံးမှာလည်း အမြဲတမ်းစစ်မှုထမ်းတွေနဲ့ တန်းတူလစာ၊ ရိက္ခာနဲ့ အခြားရပိုင်ခွင့် ခံစားခွင့်တွေကို အပြည့်အဝ ရရှိစေပါတယ်။ ဒါ့အပြင် စစ်မှုထမ်းသက်အတွင်းရရှိခဲ့တဲ့တန်ဖိုးရှိလှတဲ့ အတွေ့အကြုံကောင်းတွေကြောင့် သူတို့ရဲ့တစ်ကိုယ်ရေ စည်းကမ်းပိုင်းတွေ ပိုမိုကောင်းမွန်လာသလို စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တည်ငြိမ်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲလုံ့လနဲ့ကိုယ်ကာယ ကြံ့ခိုင်သန်စွမ်းမှုတွေကိုပါ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပြီဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလကနေစတင်လို့ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို လစဉ်ဖွင့်လှစ်နိုင်ခဲ့ပြီး အခုဆိုရင် အမှတ်စဉ်(၂၀)အထိ   သင်တန်းဆင်းပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီသင်တန်းတွေကနေ မွေးထုတ်ပေးခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းတွေဟာ လူထုလူတန်းစားအသီးသီးနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်ကြကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျရာအခန်းကဏ္ဍကနေပြီး တာဝန်သိနိုင်ငံ့ သားကောင်းများအဖြစ် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်နေကြပြီဖြစ်ပါတယ်။  အဲ့ဒီတာဝန်သိ နိုင်ငံ့သားကောင်းများထဲမှာ လူအများအထင်ကြီးလေးစားလေ့ရှိတဲ့ ဆေးပညာမဟာဘွဲ့ရဆရာဝန်တွေအပြင် အခြားဘွဲ့လွန်၊ ဘွဲ့ရပညာတတ်လူငယ်များလည်း ပါဝင်နေတာကို တွေ့မြင်နေရပါတယ်။ 

ဒါ့အပြင် ရှေ့တန်းစစ်ဆင်ရေးတာဝန်တွေမှာ ရဲဝံ့စွန့်စားစွာဖြင့်တိုက်ပွဲဝင်ခဲ့ကြလို့ သူရဲကောင်းစွမ်းရည်ဘွဲ့တံဆိပ် ရရှိသူများလည်းရှိနေကြောင်း ကြားသိရပါတယ်။ သင်တန်းကျောင်းက သင်ကြားပေးလိုက်တဲ့ စစ်အတတ်ပညာများကိုအသုံးချပြီး စိတ်ဓာတ်ကောင်းကောင်းနဲ့ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြလို့ နှစ်ထပ်ကွမ်း စွမ်းရည်ဘွဲ့တံဆိပ်ရရှိသူများကိုလည်း ဂုဏ်ယူဖွယ်ရာ မြင်တွေ့နေရပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ တပ်မတော်သားတွေမှာပဲ  တာဝန်ရှိတာမဟုတ်ဘဲ နိုင်ငံသားအားလုံးနှင့်သက်ဆိုင်တယ်ဆိုတဲ့ မှန်ကန်တဲ့ယုံကြည်ချက်၊ ခံယူချက်နှင့် ခေတ်သစ်သမိုင်းမှာ ရှေ့ဆောင်လမ်းပြခဲ့တဲ့ နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းတွေဟာ ပထမအသုတ်ကနေစပြီး အသုတ်လိုက်  အသုတ်လိုက် တာဝန်ပြီးဆုံးလို့ အိမ်အပြန် အနာဂတ်ခရီးလမ်းကို  စတင် လျှောက်လှမ်းကြတော့မှာဖြစ်ပါတယ်။ 

ဒီလိုနိုင်ငံတော်လုံခြုံရေး တာဝန်တွေကို ကျေပွန်စွာနဲ့ထမ်းဆောင်ခဲ့ကြတဲ့ သူတို့တွေရဲ့ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူးစေဖို့နဲ့ ဘဝအာမခံချက်တွေခိုင်မာစေဖို့ရန် နိုင်ငံတော်အစိုးရအနေနဲ့ စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီကိုဖွဲ့စည်းခဲ့ပြီး စစ်မှုထမ်းကာလပြည့်မြောက်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းများ ကြားသိ မြင်တွေ့နေရပါတယ်။ အဲဒီစီမံခန့်ခွဲမှုကော်မတီကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီငါးခု ဖွဲ့စည်းကာ ပြည်သူ့စစ်မှုထမ်းတာဝန် အောင်မြင်စွာထမ်းဆောင်ပြီးသူများကို တာဝန်ပြီးဆုံးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ပေးအပ်ပြီး   အလုပ်အကိုင်များရရှိနိုင်တဲ့ ရွေးချယ်စရာလမ်းကြောင်းများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။ 

စီမံခန့်ခွဲရေးကော်မတီက  စီစဉ်ပေးထားတဲ့ ရွေးချယ်စရာလမ်းကြောင်းတွေထဲက  ပထမဆုံးလမ်းကြောင်းအနေနဲ့ တပ်မတော်ရဲ့ရင်ခွင်မှာ ဆက်လက်ခိုလှုံပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်လိုသူတွေအတွက် အမြဲတမ်းစစ်မှုထမ်းအဖြစ် ပြောင်းလဲတာဝန် ထမ်းဆောင်ခွင့်ပြုခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းလူငယ်တွေဟာ နှစ်နှစ်တာ စစ်မှုထမ်းကာလအတွင်းမှာ စစ်ပညာရပ်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ  တတ်မြောက်ထားကြသလိုစည်းကမ်းလိုက်နာမှု၊ ရဲရင့်မှုနဲ့ ကြံ့ခိုင်မှု တွေကိုလည်း    လက်တွေ့နယ်ပယ်မှာ သက်သေပြနိုင်ခဲ့ပြီးဖြစ်လို့ တပ်မတော်က ဂုဏ်ယူဝမ်းမြောက်စွာနဲ့ လက်ကမ်းကြိုဆို သွားမှာဖြစ်ပါတယ်။

     အမြဲတမ်းစစ်မှုထမ်းအဖြစ်  ကူးပြောင်းတာဝန် ထမ်းဆောင်လိုသူတွေကို လက်ရှိတာဝန်ထမ်းဆောင်ခဲ့တဲ့  နှစ်နှစ်တာကာလကို  လုပ်သက်အဖြစ် အသိအမှတ်ပြုပေးသွားမှာဖြစ်ပြီး  သူတို့ရဲ့အရည်အချင်းနဲ့သင့်လျော်မယ့်  ရာထူးအဆင့်ဆင့်ကိုလည်း တိုးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။

အထူးသဖြင့် တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ပြီးသူတွေကို တပ်ကြပ်ကြီးအဆင့်အထိ     ရာထူးတိုးမြှင့်တာဝန် ထမ်းဆောင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့အရည်အချင်းနဲ့ ကိုက်ညီမှုရှိခဲ့ရင် သက်ဆိုင်ရာဗိုလ်သင်တန်းတွေကိုပါ ဝင်ရောက်ဖြေဆို ခွင့်ပြုသွားဦးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပထမလမ်းကြောင်းဟာ မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး ရဲရဲဝံ့ဝံ့စွန့်စားချင်တဲ့အပြင် တပ်မတော်သားဘဝကို မြတ်နိုးသူတွေအတွက် ဂုဏ်ယူဝင့်ကြွားစွာ ရွေးချယ်သင့်တဲ့ လမ်းကြောင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုစေချင်တဲ့အချက်ကတော့ အမြဲတမ်းစစ်မှုထမ်းအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်ဖို့ကို ဘယ်သူ့ကိုမှ အတင်းအကျပ် တွန်းအားပေးသွားမှာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။   ကာယကံရှင် ကိုယ်တိုင်ရဲ့ဆန္ဒအရ တပ်မတော်သားဘဝကို အမှန်တကယ် ချစ်ခင်မြတ်နိုးပြီး   စစ်သားကြီးလုပ်ချင်သူတွေကိုသာ လက်ခံပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒုတိယမြောက် ရွေးချယ်စရာလမ်းကြောင်းကတော့ အရပ်ဘက်နိုင်ငံ့ဝန်ထမ်းအဖြစ် ကူးပြောင်းတာဝန် ထမ်းဆောင်လိုသူတွေအတွက် စီစဉ်ပေးထားတဲ့ အခွင့်အလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်း တာဝန်ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိထားပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူတွေကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကပူးပေါင်းကာ ဝန်ထမ်းအဖြစ် ဦးစားပေး ခန့်အပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုခန့်အပ်ရာမှာ  မူလအသက် သတ်မှတ်ချက်ကို သုံးနှစ်အထိ တိုးမြှင့်လက်ခံပေးသွားမှာဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေထဲက ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်သူတွေအနေနဲ့လည်း သတ်မှတ်ကာလပြည့်ပြီးပါက မူလနေရာဌာနများမှာ မူလတာဝန်တွေအတိုင်း ပြန်လည်ခန့်အပ်ပြီး စစ်မှုထမ်းကာလ နှစ်နှစ်ကို လုပ်သက်အဖြစ်နဲ့ ထည့်သွင်း တွက်ချက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

ဆက်လက်ဖော်ပြပါမည်။

MWD