နိုင်ငံတော်သာယာရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး (အပိုင်း-၁)

Posted_Date

Image

နိုင်ငံတော်သာယာရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး (အပိုင်း-၁)

Body

မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးလာသော ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံပိုင်စက်ရုံ လုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် ပုဂ္ဂလိကကုန်ထုတ် လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဓာတုပစ္စည်းများ အသုံးပြုမှုမှာလည်း လွန်စွာများပြားလာပြီး ထိုဓာတုပစ္စည်းအသုံးပြုသည့် စက်မှုလုပ်ငန်းများမှထွက်ရှိလာသည့် ဓာတုဓာတ်ကြွင်းများပါဝင်သော  စွန့်ပစ်ပစ္စည်းထိန်းသိမ်းမှုလုပ်ငန်းများကိုလည်း နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုအပါအဝင် သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို ထိခိုက်ပျက်သုဉ်းမှုနှင့် ညစ်ညမ်းမှုများ မဖြစ်စေရေးအတွက် အလေးထား၍ ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်သည်။ ထိုကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်ညစ်ညမ်းနိုင်သည့် ကိစ္စများကို စနစ်တကျစီမံဆောင်ရွက်ထားမှသာ သာယာလှပသောနိုင်ငံတော်ကြီးကို ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆက်စပ်မှုနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုသည် စက်မှုနည်းပညာဖွံ့ဖြိုးမှုနှင့် ဆက်နွှယ်လျက်ရှိသည်မှာ လူသားတိုင်းသိထားကြပြီးဖြစ်သည်နှင့်အညီ နည်းပညာဖွံ့ဖြိုးလာသည်နှင့်အမျှ သဘာ၀အရင်းအမြစ်နှင့် သယံဇာတပစ္စည်းများအား ထုတ်ယူသုံးစွဲမှုများပြားလာခြင်းနှင့်အတူ စွန့်ပစ်ပစ္စည်းစွန့်ထုတ်မှုများလည်း များပြားလာသောကြောင့် သဘာ၀ပတ်၀န်းကျင်ထိခိုက် ပျက်စီးခြင်းတို့ဖြစ်လာရသည်။ ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုဖောက်ပြန်မှုများနှင့် သစ်တောပြုန်းတီးမှုများ၊ အန္တရာယ်ရှိသောဓာတုပစ္စည်းနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ အများအပြား စွန့်ထုတ်မှုများဖြစ်ပေါ်လာကာ ကမ္ဘာကြီးပူနွေးမှု၊ ရေခဲတောင်များ အရည်ပျော်မှု၊ ကမ္ဘာ့အိုဇုန်းလွှာပါးလွှာပျက်စီးမှုနှင့် ကမ္ဘာ့လေထုအတွင်း အောက်ဆီဂျင်နည်းပါးလာမှု စသည့်ဖြစ်ရပ်များပါ နောက်ဆက်တွဲရလဒ်များအနေဖြင့် ဖြစ်ပေါ်လာသည်။ နိုင်ငံတော်၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်  အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည့် စက်မှုကဏ္ဍမှ ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများ၊ လေလွင့်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရေး  အလေးထားဆောင်ရွက်ရန်မှာလည်း အလွန်အရေးကြီးလှသဖြင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသည် ကမ္ဘာပေါ်ရှိလူသားတိုင်း၊ နိုင်ငံသားတိုင်း၏ မလွဲမသွေဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်လာသည်။

ဓာတုပစ္စည်းအသုံးပြုစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအသုံးပြု၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော စက်ရုံ၊ အလုပ်ရုံများမှစွန့်ပစ်သော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများသည် လူသားတို့၏ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို အနည်းနှင့်အများ ထိခိုက်စေနိုင်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့အား အန္တရာယ်ဖြစ်စေနိုင်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစွန့်ပစ်ခြင်းသည် အလေးထား ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်နှင့်အညီ စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစွန့်ပစ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးကာ ဆိုးကျိုးမဖြစ်ပေါ်စေသော ခေတ်မီဖွံ့ဖြိုးသည့် နည်းပညာသုံးစက်မှုလုပ်ငန်းများ (Clean & Green Technology Industries) ပေါ်ထွန်းအောင် အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး စွမ်းအင်သုံးစွဲရာတွင်လည်း စွမ်းအင်ထိရောက်စွာ အသုံးချနိုင်ရေး၊  စွမ်းအင်လေလွင့်ပြုန်းတီးမှုမရှိစေသည့် Energy Saving, Energy Conservation လုပ်ထုံးလုပ်နည်းများကို ကျင့်ကြံလိုက်နာရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) များကို ဖော်ထုတ်သုံးစွဲရေးတို့ကိုအားပေးသွားရမည်ဖြစ်သည်။

အစိမ်းရောင်စက်မှုလုပ်ငန်းများဖြစ်ပေါ်ရေး

သဘာ၀ပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှုမဖြစ်စေဘဲ သာယာဝပြောသည့် စက်မှုနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည့် အစိမ်းရောင် စက်မှုလုပ်ငန်းများ (Green Industries)များဖြစ်ပေါ်လာစေရေး၊  ပိုမိုသန့်ရှင်းသောထုတ်လုပ်မှုဖြစ်စေသည့်  သယံဇာတအရင်းအမြစ် အသုံးချမှု ပိုမိုထိရောက်စေရေး၊ စွန့်ပစ်ပစ္စည်း၊ ရေဆိုးနှင့်ထုတ်လွှတ် အခိုးအငွေ့များ အနည်းဆုံးဖြစ်စေရေး၊ ၎င်းတို့၏ ဆိုးကျိုးသက်ရောက်မှုမှ ကာကွယ်မှုများပြုလုပ်ရေး၊ ကောင်းမွန်သန့်ရှင်းသောသဘာ၀နှင့် လူ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရှိရေး တို့အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ထုတ်လုပ်သည့်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဘက်စုံမဟာဗျူဟာများဖြင့် စဉ်ဆက်မပြတ် အသုံးချဆောင်ရွက်သွားရမည်။

နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု

တန်ဖိုး(GDP)တွင် စက်မှုကဏ္ဍ၏ ပါဝင်မှုအချိုးမြင့်တက်လာပြီး နိုင်ငံတော်၏အကျိုးစီးပွားကို စက်မှုကဏ္ဍက ဦးဆောင်သွားနိုင်သော အခြေအနေသို့ရောက်ရှိရေး၊ ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကွင်းဆက် (Global Supply Chain) အတွင်းသို့ ဦးတည်ရာလမ်းကြောင်းမှန်ကန်စွာဖြင့် ဝင်ရောက်နိုင်ရေး၊ ခေတ်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ်လာမည့် စီးပွားရေးပတ်ဝန်းကျင်နှင့် ဒေသတွင်းလိုအပ်ချက်များအရ ရည်မှန်းချက်နှင့်မူဝါဒများကိုလည်း လိုအပ်သလို ပြင်ဆင်ခြင်းအားဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော စက်မှုကဏ္ဍတစ်ရပ်ကို ဖော်ဆောင်သွားနိုင်ရာတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ပျက်စီးမှုမဖြစ်စေသည့် အစိမ်းရောင်စက်မှုလုပ်ငန်းများ (Green Industries)တည်ထောင်၍ သာယာဝပြောသည့်စက်မှုနိုင်ငံအဖြစ်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး 6Rs အသုံးပြုပေးသက်ရှိများအတွက် နေမှလာသော Cosmic Ray ထဲမှ ခရမ်းလွန်ရောင်ခြည် (UV Ray) ကို ထီးသဖွယ်ကာကွယ်ပေးထားသည့် အိုဇုန်းလွှာကို ဆက်လက်တည်တံ့စေရေး၊ ပေါက်ပြဲမှုမဖြစ်စေရေးတို့အတွက်  လျှပ်စစ်ပစ္စည်းလူသုံးကုန်များတွင် တားမြစ်ထားသည့် Freon gas ကဲ့သို့ အအေးပေးဓာတ်ငွေ့များမပါရှိမှသာ ကမ္ဘာကြီးပူနွေးလာမှုကို တစ်ဖက်တစ်လမ်းမှလျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော White Pollution ဟုသတ်မှတ်ထားသော ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချခြင်း (Reduce)၊ စွန့်ပစ်ပစ္စည်းများကိုစနစ်တကျခွဲခြား၍ ပြန်လည်အသုံးပြုခြင်း (Reuse)၊ အသစ်တစ်ဖန်ပြန်လည်သုံးစွဲရန်ဆောင်ရွက် ခြင်း (Recycle)၊ စားသုံးသူများမှ၎င်းတို့မနှစ်သက်သော လူသုံးကုန်ပစ္စည်းများကို ငြင်းပယ်ခွင့်ရှိခြင်း (Refuse)၊ စားသုံးသူများ၏ ကုန်ပစ္စည်းသုံးစွဲမှုပုံသဏ္ဌာန်ကို ပြန်လည်စဉ်းစားသုံးသပ်စေခြင်း(Rethink)၊ ကုန်ပစ္စည်းများကို စားသုံးသူမှအလွယ်တကူ ပြုပြင်နိုင်သည့် ဒီဇိုင်းပုံသဏ္ဌာန်ပြုလုပ်စေခြင်း (Repair) အစရှိသည့် 6Rs လုပ်ငန်းများကို ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်သည်။ 

ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ ဆိုးကျိုးများကြောင့် ပိုမိုသန့်စင်သောထုတ်လုပ်မှုနည်းစဉ်များသုံးခြင်း (Clean Production)၊ သဘာဝပတ်ဝန်းကျင်နှင့်  သဟဇာတဖြစ်သည့် စီးပွားရေးလုပ်ငန်းများကိုလုပ်ဆောင်စေခြင်း (Environment Friendly Business)၊ စွမ်းအင်စီမံခန့်ခွဲခြင်းနှင့် သိုမှီးခြင်း (Energy Management and Conservation)၊ ပုံစံမျိုးစုံတွင်ပါဝင်သောစွမ်းအင်ထိရောက်မှု နည်းပညာအသစ်များ ရှာဖွေခြင်း (Energy Efficiency)၊ အစားထိုးပစ္စည်းအသစ်များသုံးစွဲခြင်း (Substituted New Material)၊ စက်လည်ပတ်မှုဆိုင်ရာ နည်းပညာအသစ်များရှာဖွေခြင်း (New Technology)၊ အသစ်ပြန်ဖြစ်နိုင်သော  စွမ်းအင်အသုံးပြုမှုများနှင့် ပြန်လည်ဖြည့်စွမ်းနိုင်ပြီး ရေရှည်ဖွံ့ဖြိုးသောသယံဇာတများအပေါ် ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း (Renewable and Sustainable Resources) များသည် ကုန်ထုတ်စွမ်းအားတိုးတက်မှု၊ ကုန်ပစ္စည်းမျိုးစုံပိုမိုထုတ်လုပ်နိုင်မှုအပေါ်တွင် များစွာအထောက်အကူ ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်သည်။ 

နိုင်ငံတော်သာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

နိုင်ငံတော်သာယာလှပရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ပြည်ထောင်စုလွှတ်တော်မှလည်း “ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ  ကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်တွင်သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး   ပတ်ဝန်းကျင် အရည်အသွေးများကိုလည်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။  လူသားတို့ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာအကြောင်းအချက်များဖြစ်သည့် မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့အပါအဝင် တိရစ္ဆာန်၊ အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်အလက်များနှင့် သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒ၊ အလှအပဆိုင်ရာများ ပါဝင်သောသဘာဝ ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေရေးအတွက်နှင့် လူတို့ဖန်တီးပြုလုပ်ထားသောပစ္စည်းများပါဝင်သည့် သဘာဝ၏ ဟန်ချက်ညီမှုတို့သည် ပတ်ဝန်းကျင် အရည်အသွေးများဖြစ်သည်။ အဆိုပါပတ်ဝန်းကျင်အရည်အသွေးများတည်တံ့ရေးအတွက် စက်မှုလက်မှုလုပ်ငန်းများမှ ထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများထိန်းချုပ်ရေး (Control of Wastes)၊ စွန့်ပစ်ပစ္စည်းများလျှော့ရေး (Reduction of Wastes)၊ စွန့်ပစ်ပစ္စည်းများဖယ်ရှားရေး (Eliminating of Wastes) တို့ကို တစ်ပြေးညီကျင့်သုံး ဆောင်ရွက်သွားရမည်။ 

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ညစ်ညမ်းမှုထိန်းချုပ်ရေး

စက်မှုဝန်ကြီးဌာနမှလည်း  သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် ညစ်ညမ်းမှုတားဆီးရေးတို့အတွက် ရေထုလေထုထိန်းချုပ်ရေး လုပ်ငန်းများကို တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် စက်ရုံ၊ အလုပ်ရုံများမှ လိုအပ်သော အချက်အလက်များဖြစ်သည့် စက်မှုလုပ်ငန်းအမျိုးအစား (Type of Industries)၊ စက်ရုံအမည် (Name of Factory)၊ တည်နေရာအနေအထား (Location)၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းအမျိုးအစား (Type of Production)၊ ထုတ်လုပ်မှုပမာဏ (Volume of Production)၊ ထုတ်လုပ်မှုနည်းစဉ် (Production Process)၊ ထုတ်လုပ်မှုနည်းစဉ်တစ်ခုစီမှ စွန့်ပစ်ပစ္စည်းအမျိုးအစားနှင့်ပမာဏ (Type and Amount of Waste)၊ နေ့စဉ်ထွက်ရှိသည့် စွန့်ပစ်ပစ္စည်း(အရည်၊ အငွေ့)ပမာဏ (Daily Liquid/ Solid Waste)၊ စွန့်ပစ်ပစ္စည်းများစွန့်ပစ်သည့်နေရာနှင့်နည်းလမ်း (Method and Place of Discharge)၊ မည်သည့်စွန့်ပစ်ပစ္စည်းမဆို စွန့်ပစ်ခြင်းမပြုမီ ပြုပြင်မှုပြုလုပ်ခြင်း (Any waste-treatment before Discharge)၊ အသုံးပြုမည့်လောင်စာ အမျိုးအစားနှင့်ပမာဏ(Fuel Consumption (type/ quantity))နှင့် လွယ်ကူရှင်းလင်းပြီး တိကျသေချာသည့် ပုံစံတို့ကို ပြုစုထားရှိရန် လိုအပ်သည်။ 

ဓာတုပစ္စည်းများစနစ်တကျစီမံခန့်ခွဲရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

အစစအရာရာတိုးတက်ထွန်းကားနေသည့် ယနေ့ခေတ်ကြီးထဲတွင်  ကုန်ထုတ်လုပ်ငန်းများ၌ ကုန်ကြမ်းအဖြစ်အသုံးပြုနေကြသော ဓာတုပစ္စည်းများ အရေအတွက်မှာ အများဆုံးဖြစ်နေပြီး ယင်းတို့အနက် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်သော လူသုံးကုန် ဓာတုပစ္စည်းများမှာ အနည်းငယ်သာရှိသည်။

 ကမ္ဘာတစ်ဝန်းရှိ ကုန်ထုတ်လုပ်ငန်းခွင်များတွင် ဓာတုပစ္စည်းများကြောင့် သေဆုံးရမှုများလည်း သုံးသိန်းနီးပါးခန့်ရှိနေသည်။ သို့သော် စားသုံးသူများအနေဖြင့်   ဓာတုပစ္စည်းများ၏ ကောင်းကျိုးဆိုးကျိုးကို အလွယ်တကူသိရှိနိုင်ရန်ခက်ခဲပြီး ကာကွယ်တားဆီး

နိုင်ရန်အတွက် ကုန်ကျမှုစရိတ်မှာလည်းလွန်စွာများပြားလှသည်။ ထို့ကြောင့် ဓာတုပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်ရေး၊  သိမ်းဆည်းသိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်လွဲမှားစွာအသုံးမပြုရေးတို့အတွက် လူတိုင်းတွင် တာဝန်ကိုယ်စီရှိကြောင်း သိရှိပြီး ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း တင်ပြအပ်ပါသည်။       ။

MWD