လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

Posted_Date

Image

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

Body

ဆရာကြီးခင်ဗျာ။ ကျွန်တော် အားကစားလုပ်ရင်း မတော်တဆဖြစ်ပြီး    ဒူးဆစ်လွဲသွားပါတယ်။ အကြောပြင်ဆရာက ပြန်ထည့်ပေးလို့ ပြန်တည့်သွားပါတယ်။ နောက်ရက်တွေမှာ ဒူးဆစ်က ရောင်ရမ်းပြီး လမ်းမလျှောက်နိုင်ပါဘူး။  ဆေးလိမ်း၊ ဆေးစည်း လုပ်တာ  ၁၃  ရက်လောက်ရှိပါပြီ။   နာကျင်တာ သိပ်မခံစားရဘဲ အောင့်ပြီး ညောင်းသလိုခံစားရပါတယ်။ ရောင်ရမ်းမှု အနည်းငယ် ကျန်ပါသေးတယ်။ 

ဒူးက  အဆုံးထိကွေးလို့ မရပါဘူး။  ဘယ်လိုလုပ်ရင် ပြန်ကောင်းနိုင်မလဲ။ ဆေးနည်းများ ပြောပြပေးစေ လိုပါတယ်။

မုန်ညင်းဆီထဲ ချင်းတက်ခြေထည့်၊ မီးနဲ့ဆူအောင် ချက်ပြီး ဒူးထဲစိမ့်ဝင်အောင်လိမ်းပါ။ ဆားကိုပိတ်စနဲ့ ထုပ်၊ ရေနွေးခံပြီး ကြပ်ထုပ်ထိုးပါ။ ဒူးအကွေးအဆန့် ရစေဖို့ ကိုယ်ရံကြီးပင်အရွက်ကို မီးကင်၊ ပျော့သွားရင် မုန်ညင်းဆီသုတ်၊ ဒူးမှာပတ်ပြီး ပတ်တီးစည်းထားပါ။ တစ်ရက်ကို  သုံးနာရီလောက်စည်းရင် လုံလောက်ပါတယ်။ ငါးရက်ကနေ  ခုနစ်ရက်အထိ စည်းနိုင်ပါတယ်။ လမ်းလျှောက်၊  လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။ လှေကားအဆင်းအတက်များတာ ခဏရှောင်ထားပါ။

ဆရာကြီးရှင့်။ ကျွန်မအမေကြီးက လည်ချောင်းမှာ ချွဲတွေပိတ်နေလို့ ခဏခဏချောင်းဟန့်ပြီး ထွေးထုတ် ရပါတယ်။     သလိပ်က       လွယ်လွယ်နဲ့မထွက်လို့ မောလည်းမောနေပါတယ်။ ထမင်းလည်းမျိုမကျလို့ ဆန်ပြုတ်ကို ဖြည်းဖြည်းသောက်ရပါတယ်။ လည်ချောင်းကို  ဝံအူမြစ်လည်း    သွေးလိမ်းပေးပါတယ်။ 

ထပ်ပြီး ဘာလုပ်ပေးလို့ရမလဲ သိချင်ပါတယ်။

ချင်းနဲ့ထန်းလျက်ပြုတ်ရည်တိုက်ပါ။  ဖီးကြမ်း ငှက်ပျောသီးကျွေးပေးရင်လည်း သလိပ်ပျော်ပါတယ်။ မီးဖုတ်ကျွေးရင် အကောင်းဆုံးပါပဲ။ သလိပ်မထွက်ရင် တိုင်းရင်းဆေးအမှတ်(၂၅)မတဲ မြင့်မိုရ်ကုန်းဆေးနဲ့ တိုင်းရင်းဆေးအမှတ်(၇) နွယ်ချိုကဲလျက်ဆားတို့ကို ဆတူရောစပ်ပြီး လျက်ပေးရင် သလိပ်ထွက်လွယ်ပါ တယ်။   မောရင်  ရှောက်ရည်နဲ့ပျားရည်ကိုရောပြီး ဖျော်စပ်တိုက်ပါ။

ဆရာကြီးရှင့်။ ကလေးက  အသက်လေးနှစ်ရှိပါပြီ။ ပိန်ပါတယ်။ မကြာခဏဝမ်းကိုက်ပါတယ်။  ဗိုက်နာ တယ်ပြောလို့ သန်ချဆေးလည်း ခြောက်လတစ်ကြိမ် တိုက်ပါတယ်။ ဗိုက်နာတဲ့အခါ ဆေးတိုက်တုန်းခဏပဲ သက်သာပါတယ်။ ပြီးရင် တစ်ပတ်တစ်ကြိမ်လောက် ထပ်ဖြစ်ပါတယ်။  ဝမ်းကိုက်ဗိုက်နာပျောက်အောင် ဘယ်လိုလုပ်ရမလဲဆရာ။

မီးကွင်းဂမုန်းရွက်နဲ့     ထန်းလျက်ကို ရောကျိုပြီး တိုက်ပါ။   ဝမ်းကိုက်မှာ   လေဝမ်းကိုက်နဲ့သွေးဝမ်း ကိုက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ သွေးဝမ်းကိုက်တာက ပိုးကြောင့်ဖြစ်ပြီး မသန့်ရှင်းတဲ့အစာ၊ လက်လုပ်ချဉ် တွေမှာ   ဝမ်းကိုက်ပိုးပါတတ်ပါတယ်။ သန့်ရှင်းတဲ့ အစားအသောက်ကို ဂရုစိုက်ပြီးကျွေးမှသာ ဝမ်းကိုက် ရောဂါ    ရေရှည်ပျောက်ကင်းနိုင်မှာပါ။     ဝမ်းကိုက်ပျောက်စေတဲ့ ဆေးနည်းတိုတွေကတော့-

- ကြက်ဥတစ်လုံးကို ထိပ်မှအနည်းငယ်ဖောက်ပြီး အကာကိုထုတ်ယူပါ။ သကြားဟင်းစားဇွန်းတစ်ဇွန်းနဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ်ရောစပ်ပြီး တစ်ကြိမ်တည်း ကုန်အောင်တိုက်ပါက အကျိအချွဲပါတဲ့ ဝမ်းကိုက်တာကို သက်သာစေပါတယ်။

- ကြက်သွန်ဖြူနဲ့ထန်းလျက်ကိုရောပြီး နှမ်းဆီနဲ့ ကြော်စားပါ။

- ကြောင်ပန်းရွက်လက်တစ်ဆုပ်၊ ကွမ်းရွက် ၁၀ ရွက်၊ ရှားစေးတစ်ပဲသားကို ရေနွေးနဲ့ သုံးခွက်တစ်ခွက် တင်ကျိုပြီး အကြမ်းပန်းကန်တစ်လုံးစာ တိုက်ကျွေးပါ။ အသက်အရွယ်အလိုက် တစ်ရက်ကို နှစ်ကြိမ်ကနေသုံးကြိမ်အထိ တိုက်ကျွေးနိုင်ပါတယ်။

- ကြိတ်မှန်ရွက်ကို ထန်းလျက်နဲ့ရောကျိုတိုက်ပါ။

- သံပရာသီးတစ်လုံးကို အရည်ညှစ်ပြီး အဲဒီအရည် နဲ့ဆတူ နှမ်းဆီကိုရောမွှေပြီး တစ်ကြိမ်တည်း ကုန်အောင်တိုက်ပါ။

- ဖီးကြမ်းငှက်ပျောသီးအမှည့်ကို ထောပတ်၊ နှမ်းဆီတို့နဲ့ နီအောင်ကြော်ပြီးကျွေးရင် လေဝမ်းကိုက် ရောဂါကို သက်သာစေနိုင်ပါတယ်။

- ငဖြူကြီးပင်ရဲ့အရွက်ကိုပြုတ်ပြီး အသုပ်ပြုလုပ် စားပါ။ ပိုးကြောင့်ဖြစ်တဲ့ဝမ်းကိုက်နဲ့ သန်ထိုးခြင်းကို ဖြစ်စေတဲ့ဝမ်းကိုက်ရောဂါကို သက်သာစေပါတယ်။

- ထားဝယ်မှိုင်းပင်ရဲ့အရွက်ကို ထန်းလျက်နဲ့ရော ပြီးဖြစ်စေ၊ အတို့အမြှုပ်ပြုလုပ်ပြီးဖြစ်စေ စားသုံးပေး ရင် သွေးဝမ်းကိုက်ရောဂါကို သက်သာစေပါတယ်။

ဆရာကြီးခင်ဗျာ။   ကျွန်တော့်ရဲ့မျက်နှာမှာ   အမြဲတမ်း အဆီပြန်နေပါတယ်။ ရာသီမရွေး အဆီပြန်ပါတယ်။ တစ်ခါတစ်ရံ ဆီလူးထားသလိုချွဲပြီး ဝင်းပြောင်နေပါတယ်။     အစပ်တွေစားပြီးတိုင်းလည်း     အဆီပြန်ပါတယ်။  မျက်နှာသစ်ဆေးသုံးလည်း မရပါဘူး။ 

ဆေးနည်းကောင်းများရှိရင် ညွှန်ပြပေးစေလိုပါတယ်။

မျက်နှာအဆီပြန်သူများ ငန်လွန်းတဲ့အစာနဲ့ချိုလွန်း တဲ့အစာ လျှော့စားပါ။ အဆီများတဲ့အသားကိုရှောင် ပါ။ အစိမ်းရောင်ရှိတဲ့ အစားအစာတွေကို များများစားပေးပါ။ ရှားစောင်းလက်ပပ်ကို ဟင်းချိုချက်သောက်ရင် မျက်နှာအဆီပြန်တာ သက်သာ စေနိုင်ပါတယ်။ သံပရာရည်၊  ရှောက်ရည်များများသောက်ပေးပါ။ မျက်နှာ အဆီပြန်တာအတွက် အလွယ်ကူဆုံးနည်းကတော့ ကွမ်းစားဂမုန်းကို    သနပ်ခါးနဲ့ရောပြီးလိမ်းပေးပါ။ (ဆရာကြီး ဦးမာဃဆေးနည်းမှ)ဆရာကြီးခင်ဗျာ။  ကျွန်တော့်အသက်  ၁၇ နှစ်ရှိ

ပါပြီ။   ကျွန်တော့်ရဲ့ရင်သားမှာ  အကျိတ်တစ်ခုရှိပါ တယ်။  လူပျိုဖြစ်စမှာ    ခပ်သေးသေးဖြစ်ရာကနေ မပျောက်တော့ဘဲ တဖြည်းဖြည်း ဆီးဖြူသီးတစ်ခြမ်း အရွယ် ဖြစ်ကျန်နေပါတယ်။ ပူအိုက်လို့ အင်္ကျီချွတ်တဲ့ အခါ ရင်သားနှစ်ဖက်ထိပ်မှာ စူထွက်နေလို့ ရှက်ပြီး အမြဲစိတ်ဒုက္ခရောက်ရပါတယ်။ မိဘတွေက ခွဲစိတ်ကုသဖို့ တိုက်တွန်းပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆေးနည်းများရှိရင် ညွှန်ပြပေးစေလိုပါတယ်။

အကျိတ်မှာ အသားကျိတ်၊  အဆီကျိတ်၊ အပူကျိတ်၊ အနာရွတ်ကျန်လို့ဖြစ်တဲ့အကျိတ်၊   မန်းကျိတ် စတဲ့အကျိတ်များစွာရှိပါတယ်။ အသားကျိတ်၊ အဆီကျိတ်တွေက ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်နဲ့ ခွဲစိတ်ကုသရင် လျင်မြန်စွာ ပျောက်ကင်းနိုင်ပါတယ်။ ခွဲစိတ်ဖို့အခက်

အခဲရှိရင် ဆေးလိမ်းကုသလိုပါက အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

- ဗာဒံရွက်အနုကို မီးကင်ပြီး ရင်ဘတ်မှာကပ်ပေး ပါက ရင်သားအကျိတ်ကို ကြေစေနိုင်ပါတယ်။

- သင်္ဘောရွက်အနုကို မီးကင်ပြီးကပ်ပေးပါကလည်း ရင်သားအကျိတ်ကို ကြေစေနိုင်ပါတယ်။

- ဇာတိပ္ဖိုလ်သီးကိုသွေးလိမ်းပါက အသားကျိတ် ကို သက်သာစေပါတယ်။

- နလင်ကျော်၊ ကရမက်သွေးလိမ်းရင် အပူကျိတ် ကို သက်သာစေပါတယ်။

- မိဿလင်ဥကိုထောင်းပြီး မုန်ညင်းဆီနဲ့ရောချက် ပြီးလိမ်းရင် အဖုအကျိတ်ပြေစေပါတယ်။

- နနွင်းမှုန့်ကို ထုံးရည်ကြည်နဲ့ ဖျော်စပ်လိမ်းရင် အနာ၊ အကျိတ်၊ အဖုတို့ကို ပြည်ပေါက်စေနိုင်ပါတယ်။ 

- ခွေးတောက်ရွက်ကို ဆီသုတ်၊ မီးကင်ပြီး ကပ်ပေး ရင် အဖုအကျိတ်ကို ပိန်စေနိုင်ပါတယ်။

- ကုံကုမံရွက်ကိုမီးကင်ပြီး     ကပ်ပေးပါက   အဖုအကျိတ် အရောင်ကျစေနိုင်ပါတယ်။

- ငဖြူကြီးရွက်ကို မီးကင်၊ အရည်ညှစ်ပြီး လိမ်းပေး ပါက   ပိုးကောင်ကိုက်လို့ဖြစ်တဲ့    အဖုအကျိတ်ကို သက်သာစေနိုင်ပါတယ်။

- ဩဇာသီးခြောက်ကို    သွေးလိမ်းပါက   ဝက်ခြံ မပေါက်ဘဲဖြစ်နေတဲ့ အဖုအကျိတ်ကို သက်သာစေပါတယ်။

- ပါးစပ်မှာ အပူဖုပေါက်ရင် မင်းကွတ်သီးခြောက်အခွံကို   သွေးလိမ်းပါက   သက်သာစေနိုင်ပါတယ်။

- ပေါင်ထိပ်မှာ အကျိတ်ပေါက်ရင် ကျားမနိုင်မြစ်ကိုသွေးပြီးလိမ်းပေးပါ။

- တောရှောက်မြစ်၊ သက်ရင်းကြီးမြစ်တို့ကို သွေးလိမ်းပါ။ သောက်လည်းသောက်ပေးပါက ဒဏ်ကြောင့် ဖြစ်တဲ့ အကျိတ်၊ ပေါင်တွင်းစက်တန့် အကျိတ်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

- ချိုင်းအောက်အကျိတ်(ကိန္နရာနာ)    ပေါက်ရင် ထင်းရှူးဆီ၊ မင်သော်ဆီ၊ ပရုတ်ဆီတို့ကို ပျားဖယောင်း နဲ့ရောချက်၊ ဆေးဖယောင်းချက် ပြုလုပ်ပြီး ကပ်ပေးပါ။ နု-ကြေ၊ ရင့်-ပေါက် အနာပျောက်နိုင်ပါတယ်။

-နလင်ကျော်မြစ်ကိုသွေးပြီး တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းစပ်သောက်ပါက လည်ချောင်းတွင်းမှာ ပေါက်တဲ့ အဖုအကျိတ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။

-ရင်းပြားအခေါက်ကိုသွေးပြီးသောက်ခြင်း၊ လိမ်း ခြင်း၊ ဆန်ဆေးရည်နဲ့ရောသွေးပြီး လိမ်းခြင်း၊ သောက် ခြင်းပြုလုပ်ပေးပါက မာကျောတဲ့အဖုအကျိတ်တွေကို ကြေစေနိုင်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော် အားကစားလုပ်ရင်း ပခုံးဆစ်ပြုတ်ဖူးပါတယ်။   ဆရာတွေက   ပြန်ထည့်ပေးပါတယ်။  နောက်ပိုင်းမှာ မကြာခဏပြုတ်တော့ ကျွန်တော့်ဘာသာ  ပြန်ထည့်တတ်ပါတယ်။ အဆစ်လွဲတာမဖြစ်အောင် ဆေးစည်းရင်ရတယ်လို့ ပြောကြတာ ကြားဖူးပါတယ်။  တိုင်းရင်းဆေးနဲ့  စည်းနိုင်မယ့် ဆေးနည်းတွေကို ညွှန်ပြပေးပါခင်ဗျာ။

အဆစ်ပြုတ်ရင်-

-ချဉ်ပေါင်ခါးကိုပြုတ်ပြီး  နနွင်းမှုန့်နဲ့  ရောနယ် စည်းပေးပါ။

-ငုရွက်ကိုထောင်းခြေအုံပြီး စည်းပေးပါ။ အဆစ်လွဲ တဲ့နေရာမှာ  ရောင်ရင်  အထိမခံနိုင်ပါက ငုရွက်ကို ဆားနဲ့ရောထောင်း၊ ကြပ်ထုပ်ပြုလုပ်ပြီး ရေနွေးငွေ့ခံ ထိုးပေးပါ။

-မိဿလင်ဥကို ထုထောင်းပြီး ပခုံးအဆစ်မှာအုံပြီး စည်းပေးပါ။

-မုန်ညင်းဆီ၊ ပရုတ်ဆီ၊ မင်သော်ဆီ၊ ထင်းရှူးဆီ တို့ကို အပူပေး၊  လိမ်းကျံပြီး အဝတ်နဲ့ပတ်ပြီး စည်း ထားပါ။

-ချဉ်ပေါင်ရွက်ကို   ရေနွေးနဲ့ပြုတ်၊   ထောင်းပြီး အဆစ်ပြုတ်တဲ့နေရာမှာ အုံစည်းပေးပါ။

-သက်ရင်းကြီးရွက်ကို ထောင်းပြီး စည်းထားပေးပါ။ သုံးနာရီလောက်သာစည်းပါ။ သက်ရင်းကြီးရွက်က အချိန်ကြာကြာ စည်းထားတဲ့အခါ အပူလောင်တတ်တာ သတိပြုပေးပါ။

MWD