ပြည်သူနှင့်တစ်သားတည်းတည်ရှိနေသော တပ်မတော်
Posted_Date
Image
Body
(၈၁)နှစ်မြောက် တပ်မတော်နေ့အကြို ဂုဏ်ပြုဆောင်းပါး
နွေဦးရဲ့လေပွေရူးလေးက ပိတောက်ရနံ့ကိုမသယ်ဆောင်မီ မတ်လရဲ့နေရှိန်ပြင်းပြင်းအောက်တွင် စာရေးသူတို့မြန်မာနိုင်ငံမှာ မေ့မရနိုင်တဲ့သမိုင်းဝင်နေ့တစ်နေ့ရှိခဲ့ပါတယ်။ ထိုနေ့သည်ကား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။ ဖက်ဆစ်တို့ရဲ့ဖိနှိပ်မှုအောက်မှာ ငုံ့မခံလိုတဲ့ ဇာတိသွေးတို့ ဆူပွက်ခဲ့တဲ့နေ့ ဒါမှမဟုတ် လွတ်လပ်ရေးဆိုတဲ့ ပန်းတိုင်ကိုရောက်စေဖို့ရာ လက်နက်စွဲကိုင်ကာ တောထဲတောင်ထဲကိုခြေဆန့်ခဲ့ကြတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ သမိုင်းမြူမှုန်များကြားကပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ရဲဘော်သုံးကျိပ်ဝင်တွေ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က စစ်သည်တော်တွေ၊ တိုင်းရင်းသားပြည်သူတွေရဲ့ ခြေသံများကိုကြားယောင်နေဆဲ ဖြစ်ပါတယ်။ဖက်ဆစ်ရန်တော်လှန်ရေးဆိုတဲ့ စကားလုံးမှာ ရိုးရှင်းသယောင်ရှိပေမယ့် ပေးဆပ်ရမှုကကြီးမားလှပါတယ်။ အမိမြေကို ကျွန်ဘဝကနေကယ်တင်ဖို့ရာ အသက်၊ သွေး၊ ချွေးတို့မြေခခဲ့ရတဲ့ စစ်သည်တော်တို့ရဲ့စိတ်ဓာတ်ဟာ ယနေ့တိုင် ထွန်းလင်းနေတဲ့ မီးရှူးတိုင်တစ်ခုကဲ့သို့ပင် တည်ရှိနေဆဲဖြစ်ပါတယ်။
အဘယ့်ကြောင့် ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ရသနည်းဆိုရင် ကျွန်တော်တို့နိုင်ငံတော်ကြီးဟာ တိုင်းတစ်ပါးသားတို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို ခံခဲ့ရလို့ဖြစ်ပါတယ်။
ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ဘုရင်ကိုယ့်သခင်နဲ့နေထိုင်ခဲ့တဲ့ နိုင်ငံတော်ကို အင်္ဂလိပ်နယ်ချဲ့တို့က သိမ်းပိုက်ခဲ့ပါတယ်။
ဂျပန်တို့ရဲ့ အကူအညီနဲ့ အင်္ဂလိပ်တို့ကို တိုက်ထုတ်ခဲ့ပေမယ့် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီးကကျားထက်ဆိုး”ဆိုသလို ဂျပန်တို့ဟာ ဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပြန်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ အတိတ်သမိုင်းကိုပြန်ပြောင်းကြည့်မယ်ဆိုရင် ၁၈၈၅ ခုနှစ်မှာ တတိယအကြိမ် အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပွားပြီး အင်္ဂလိပ်တို့က တစ်နိုင်ငံလုံးကိုသိမ်းယူခဲ့ပါတယ်။ သူ့ကျွန်မခံလိုတဲ့ တိုင်းရင်းသားတို့မှာ ရရာလက်နက်ကို စွဲကိုင်တော်လှန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်တိုင်းပြည်လုံး မစည်းရုံးနိုင်မှု၊ လက်နက်အင်အား၊ လူအင်အားမမျှမှုတို့ကြောင့် အောင်မြင်မှုမရရှိခဲ့ပါ။ အားမသန်လို့မာန်လျှော့ခဲ့ရပေမယ့် နယ်ချဲ့ကိုတော်လှန်လိုတဲ့စိတ်ဓာတ်မှာ လျော့နည်းမသွားခဲ့ပါဘူး။ ၁၉၃၀ ပြည့်နှစ် မေလ ၃၀ ရက်မှာ တို့ဗမာအစည်းအရုံးကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့တဲ့အခါ အင်္ဂလိပ်တို့ဟာစစ်ကြီးအတွက် လုံးပန်းနေရပါတယ်။ ဒီအချိန်မှာ“အင်္ဂလိပ်အခက်ဗမာ့အချက်” ဆိုတဲ့စကားကိုကြွေးကြော်ခဲ့ကြပြီး လက်နက်နဲ့တိုက်ခိုက်ရမယ့် နည်းလမ်းကို ရှာဖွေခဲ့ကြပါတယ်။
သခင်အောင်ဆန်းခေါင်းဆောင်တဲ့ မျိုးချစ်လူငယ် ၃၀ ဦး(ရဲဘော်သုံးကျိပ်)တို့ဟာ စစ်သင်တန်းတက်ရောက်ဖို့ ပြည်ပကိုထွက်ခွာခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြားခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်တို့ဟာ တရုတ်ကအပြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကိုဖွဲ့စည်းလိုက်ပါတယ်။ ဂျပန်တပ်တို့နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံကို စစ်ကြောင်းလေးကြောင်းနဲ့ ဝင်ရောက်ခဲ့ပါတယ်။ ဂျပန်တပ်နဲ့အတူ မြန်မာနိုင်ငံအထက်ပိုင်းကိုချီတက်ခဲ့ရာ ဧပြီလမှာ မြန်မာတစ်နိုင်ငံလုံးကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဂျပန်နဲ့ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို အမိမြေမှမောင်းထုတ်နိုင်ခဲ့ပေမယ့် ဂျပန်တို့က မြန်မာနိုင်ငံကိုဖက်ဆစ်စနစ်နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာလည်း ဂျပန်လက်အောက်ခံ တပ်မတော်အဖြစ်နဲ့သာ ရပ်တည်နေရပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ၂၇ ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲလိုက်ပါတယ်။ ဂျပန်တို့ကိုတိုက်ထုတ်နိုင်ခဲ့ပေမယ့် အင်္ဂလိပ်တို့က ဆက်လက်အုပ်ချုပ်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်မှန်တဲ့လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ ကနဦးဖွဲ့တည်လာရာသမိုင်းကြောင်းဟာ ဂျပန်တို့ကိုတွန်းလှန်ရာမှာ တစ်ပြည်လုံးအတိုင်းအတာ ပါဝင်ခဲ့ခြင်းနဲ့ဆက်နွှယ်နေပါတယ်။
ဒါ့ကြောင့် ဖက်ဆစ်တော်လှန်ရေးစတင်ဖို့ သတ်မှတ်ခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကိုအစွဲပြုပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)တစ်ရပ်လုံးနဲ့ပတ်သက်တဲ့ “တပ်မတော်နေ့”အဖြစ် ၁၉၅၅ ခုနှစ်မှာ တရားဝင်အတိအလင်းသတ်မှတ်ခဲ့ပါတယ်။
တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို စဉ်လာမပျက်နှစ်စဉ် ကျင်းပလျက်ရှိပါတယ်။ ယခုအခါ နေပြည်တော်မှာကျင်းပလျက်ရှိရာ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနဲ့ အောင်ဆန်းစစ်ကြောင်းတို့ဟာ စုရပ်ဖြစ်တဲ့ သစ်တပ်ကွင်းကနေ စစ်ရေးပြကွင်းကြီးဆီကို တပ်မတော်စစ်တီးဝိုင်းအဖွဲ့များရဲ့ တီးခတ်မှုနဲ့အတူ စစ်သီချင်းများသီဆိုကာချီတက်ကြပါတယ်။မြင်တွေ့ရသူအပေါင်းကို ရဲစိတ်ရဲမာန်တက်ကြွစေပါတယ်။ ပြည်သူအပေါင်းတို့မှလည်း သောင်းသောင်းဖြဖြကြိုဆိုကြသည်မှာ တပ်မတော်နဲ့ပြည်သူ ချစ်ကြည်ရင်းနှီးမှုကိုပြသနေပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဟာ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ဦးတည်ချက်(၄)ရပ်နဲ့ ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ ၎င်းဦးတည်ချက်များမှာ “အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကိုကာကွယ် စောင့်ရှောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်ယိမ်းယိုင်မသွားရေးတို့ အတွက် နိုင်ငံတော်၏အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌ တပ်မတော်ကပါဝင်ထမ်းဆောင်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့်အတူလက်တွဲပြီး ကျရာကဏ္ဍအသီးသီးမှ ကြိုးပမ်းဆောင်ရွက်ရေး၊ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက်ဖြစ်သည့် အတွက်တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ရာတွင် ဒို့တာဝန်အရေး(၃)ပါးကို မသွေဖည်ဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါသဘောတူညီချက်များ အပေါ်အခြေခံ၍ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး၊ တပ်မတော်ကို Standard Army ဖြစ်စေရေးတည်ဆောက်ရာတွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် တပ်မတော်၏လုပ်ငန်းစဉ်နှင့် အညီ စွမ်းရည်(၃)ရပ်မြင့်မားစေရေးနှင့် ခေတ်မီနည်းပညာများအား ထိရောက်စွာ အသုံးပြုတတ်စေရေး စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ရေး”တို့ဖြစ်ကြပါတယ်။
၎င်းဦးတည်ချက်များကို အကျဉ်းချုပ်ရေးသားရမယ်ဆိုရင် မြန်မာနိုင်ငံမှာ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး”ဆိုတဲ့ဒို့တာဝန်အရေး(၃)ပါးဆိုတာ တည်ရှိပါတယ်။ ပြည်ထောင်စုဆိုသည်မှာတိုင်းရင်းသား လူမျိုးအသီးသီးတို့ဟာ နှစ်ကာလပရိစ္ဆေဒကြာရှည်စွာ ကောင်းတူဆိုးဖက် လက်တွဲညီညီနေထိုင်တဲ့ ပထဝီနယ်နိမိတ်ကိုခေါ်ဆိုပါတယ်။ တိုင်းပြည်တစ်ခုတည်းမှာအတူတကွနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို တိုင်းရင်းသားလို့ခေါ်ဆိုပါတယ် “စည်းလုံးညီညာအောင်ကြောင်းဖြာ”ဆိုတဲ့ စကားအတိုင်း တိုင်းရင်းသားအားလုံး ပေါင်းစည်းညီညွတ်စွာ နေထိုင်ရပါမယ်။ အချုပ်အခြာအာဏာဆိုတာက တိုင်းပြည်တစ်ခုကို စည်းကမ်းတကျမောင်းနှင် ထိန်းသိမ်းနိုင်ဖို့နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ဖို့ရာ လိုအပ်တဲ့အာဏာမျိုးဖြစ်ပါတယ်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာ မိမိတိုင်းပြည်နဲ့မိမိလူမျိုးအကျိုးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ လွတ်လပ်တဲ့တိုင်းပြည်တစ်ပြည်ရဲ့ အဓိကဝိသေသလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်က ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးဝါဒအဖြစ် လိုက်နာဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားရေးဝါဒဆိုသည်မှာ မိမိဒေသ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု၊ ဘာသာရေးနဲ့စည်းလုံးညီညွတ်ရေးတို့ကို တန်ဖိုးထားချစ်မြတ်နိုးတဲ့ နိုင်ငံရေးအတွေးအခေါ်ကို ခေါ်ဆိုပါတယ်။
အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါအခြေခံမူများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပုဒ်မ ၆(စ)မှာ“နိုင်ငံတော်သည် နိုင်ငံတော်၏အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” လို့ချမှတ်ထားရှိပါတယ်။ နိုင်ငံတော်မှာဒီမိုကရေစီလမ်းကြောင်းမ ှသွေဖည်ယိမ်းယိုင်မသွားရေးတို့အတွက် ၎င်းတာဝန်ကို တပ်မတော်က ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်နေပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုသည်မှာ နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်ခြင်းကို ဆိုလိုပါတယ်။
လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ လူတိုင်းမှာတူညီတဲ့ ဥပဒေရဲ့အကာအကွယ်ကို ရရှိရပါမယ်။ ပြည်သူ့ဆန္ဒကိုအခြေခံပြီး တရားဥပဒေရှေ့မှောက်မှာ လူတိုင်းတန်းတူ အခွင့်အရေးရရှိစေဖို့ရာ လုပ်ဆောင်ပေးရမှာဖြစ်ပြီး ၎င်းတာဝန်များကို တပ်မတော်က ဖော်ဆောင်ပေးလျက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးစကာလမှာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးယနေ့ကာလတိုင် အပြီးသတ်မဖြေရှင်းနိုင်သေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခကို မဖြေရှင်းနိုင်သေးသမျှ ကာလပတ်လုံး နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ နှောင့်နှေးနေပါဦးမယ်။ ငြိမ်းချမ်းရေးအသီးအပွင့်ကို တိုင်းရင်းသားများအတွက်ဝေမျှခံစားဖို့ အခွင့်အလမ်းနည်းပါးနေပါဦးမယ်။
လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝစဉ်ငြိမ်းချမ်းရေးရရှိဖို့ရာတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အဆိုပါအဖွဲ့အစည်းတွေကို တပ်မတော်က ဖိတ်ခေါ်နေမြဲဖြစ်ပါတယ်။ ပြည်သူလူထုအတွက် တည်ငြိမ်အေးချမ်းမှု အပြည့်အဝခံစားနိုင်ဖို့ရာ တပ်မတော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား၊ ပြည်သူလူထု၏အင်အားတို့ကိုစုစည်းပြီး အကြမ်းဖက်သမားများကို နှိမ်နင်းလျက်ရှိပါတယ်။ ဒါ့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ သဘောတူညီချက်များအပေါ်အခြေခံပြီး ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
စွမ်းရည်ထက်မြက်ပြီး ခေတ်မီအဆင့်မြင့်တပ်မတော်(Modenized Armed Forces)ဖြစ်စေရေးမှာ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် အဓိကရည်မှန်းချက်ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်ဟာ ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်တဲ့ စစ်သည်တော်များဖြစ်လာစေဖို့ရာ လေ့ကျင့်ပေးနေပါတယ်။
ခေတ်မီနည်းပညာများနဲ့စစ်လက်နက်ပစ္စည်းများကို ဖြည့်တင်းဆောင်ရွက်လျက်ရှိပါတယ်။တပ်မတော်(ကြည်း/ရေ/လေ)တပ်ဖွဲ့များအကြား ဟန်ချက်ညီညီစုစည်း ရပ်တည်ပြီး ပူးပေါင်းစစ်ဆင်နိုင်မှု စွမ်းရည်မြှင့်တင်ခြင်းများ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်နေမှုမှာ နိုင်ငံတော်အပေါ် ကျရောက်လာမယ့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။
မတ်လရဲ့ကောင်းကင်ပြာပြာအောက်မှာ တပ်မတော်နေ့စစ်ရေးပြကွင်း အတွင်းက စစ်ရေးပြစစ်သည်တွေရဲ့ စည်းချက်ကျကျ တက်လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ မြန်မာ့တပ်မတော်ရဲ့မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လကိုဖော်ပြနေပါတယ်။ စစ်ရေးပြတီးဝိုင်းရဲ့ဘင်ခရာသံများအကြားမှာ မင်းကောင်းမင်းမြတ်သုံးပါးဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သားနဲ့ ဘုရင့်နောင်တို့ရဲ့ရုပ်တုများမှာ ခံ့ညားစွာရပ်တည်နေကြပါတယ်။
၎င်းတို့မှာစာရေးသူတို့နိုင်ငံရဲ့ အတိတ်ဆီကိုသတိပေးနေသလို နောင်လာနောက်သားတို့အတွက် အမိနိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ဖို့ရာ တာဝန်ရှိကြောင်း နှိုးဆော်သယောင်ရှိနေပါတယ်။
အချုပ်အားဖြင့်ဆိုရရင် တပ်မတော်နေ့ဆိုသည်မှာ စစ်ရေးပြရုံသက်သက်သာမဟုတ်ပါဘူး။ မျိုးချစ်စိတ်ဓာတ်ရဲ့သင်္ကေတ၊ အချုပ်အခြာကိုကာကွယ်လိုတဲ့ဆန္ဒနဲ့ ခေတ်အဆက်ဆက်မှာပေးဆပ်ခဲ့ရတဲ့စစ်သည်တော်တွေရဲ့ ဂုဏ်ပြုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ နွေအပူရှိန်ကြားမှာ လွင့်ပျံနေတဲ့ နိုင်ငံတော်အလံကို ကြည့်နေမိစဉ် အမိတိုင်းပြည်ငြိမ်းချမ်း သာယာစေဖို့ရာ တပ်မတော်နဲ့ပြည်သူတစ်သားတည်း ရှိနေတယ်ဆိုတဲ့ ရသတစ်မျိုးကို ခံစားရပါကြောင်း ရေးသားလိုက်ရပါတယ်။ ။
MWD
