ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်အံ့
Posted_Date
Image
Body
နိုင်ငံတစ်နိုင်ငံတိုးတက်မှုကိုအကဲဖြတ်ရာတွင် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့်အတူ လူ့စွမ်းအားအရင်းအမြစ်၏ အရည်အသွေးသည် အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်သည်။ ထိုအရင်းအမြစ်ကိုတည်ဆောက်ပေးရာတွင် ပညာရေးကဏ္ဍသည် အခြေခံအုတ်မြစ်အဖြစ်တည်ရှိနေပြီး နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိနေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ ရက် ၁၀၀ စီမံချက်အတွင်း ပညာရေးကဏ္ဍကို အထူးအာရုံစိုက်ထားခြင်းသည် မူဝါဒရေးရာအရ အရေးပါသည့် လမ်းညွှန်ချက်တစ်ရပ်ဖြစ်သည်။
မိန့်ခွန်းထဲမှ ပညာရေးအတွက်
အဓိကအချက်များနိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတက ဧပြီလ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ရာတွင် “ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set) မြင့်မားလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအားနည်းချက်များရှိခဲ့၍ ပညာမတတ်သူပပျောက်ရေးအတွက်“အ”သုံးလုံးလှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ယခုအချိန်၌ သက်ဆိုင်ရာဘာသာရပ်များအလိုက် ပြည်ပနိုင်ငံများမှမဟုတ်ဘဲ ပြည်တွင်း၌ပင် အောင်မြင်သောကျွမ်းကျင်ပါရဂူဘွဲ့ရရှိသူများစွာရှိကြောင်း၊ ပြည်ပနိုင်ငံများ၌ ပညာတော်သင်သွားရောက်ပြီး D.Sc ဘွဲ့ရရှိသူများလည်းရှိ၍ လူအများစု ပညာရေးများ တိုးတက်လာစေရန် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မြှင့်တင်ပေးရန်လိုကြောင်း” ပြောကြားခဲ့သည်။
ဘဏ္ဍာငွေတိုးမြှင့်ဆောင်ရွက်မည် ထို့ပြင် မိမိတို့အနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍ၌ ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတိုးတက်စေရေး ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကိုအသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လာမည့်တစ်နှစ်ကျော်တွင်လည်း နိုင်ငံတော်၏ဘဏ္ဍာငွေကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံအတွက် တန်ဖိုးအရှိဆုံးသော ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်၍ ပညာရေးကဏ္ဍမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျောင်းနေရာခိုင်နှုန်းများမြင့်တက်လာစေရေး၊ တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေး ဆောင်ရွက်ရန်လိုကာ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မျိုးချစ်စိတ်ဓာတ်ရှိသည့်၊ စည်းကမ်းကောင်းမွန်မှုရှိသည့်လူငယ်များကို အခြေခံပညာကျောင်းများမှ မွေးထုတ်ပေးရန်လိုသည်ဟုပြောကြားခဲ့သည်။
နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိမှု
ပညာရေးကဏ္ဍ၌ အဓိကအာရုံစိုက်ရမည့်အချက်များထဲတွင် ပညာရေးရရှိနိုင်မှုကို မြှင့်တင်ခြင်းသည် ပထမဆုံးအရေးပါသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ အခြေခံပညာအဆင့်တွင် ကျောင်းဝင်နှုန်း တိုးတက်လာစေရန် ကျောင်းအဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်း၊ ပျက်စီးနေသောကျောင်းများကို ပြန်လည်တည်ဆောက်ခြင်းနှင့် ကျေးလက်ဒေသများတွင် ကျောင်းအသစ်များတည်ဆောက်ခြင်းတို့ကို နိုင်ငံတော်မှ အကောင်အထည်ဖော်လျက်ရှိသည်။ ထို့ပြင် ကျောင်းသားများ ကျောင်းထွက်နှုန်းကိုလျှော့ချရန်အတွက် စီးပွားရေးအခက်အခဲရှိသော မိသားစုများအတွက် ပံ့ပိုးမှုများ ဆောင်ရွက်လာခြင်းကိုလည်းတွေ့မြင်ရသည်။ ဤကဲ့သို့သော လုပ်ဆောင်ချက်များကြောင့် အချို့ဒေသများတွင် ကျောင်းတက်ရောက်သူအရေအတွက်များ တိုးတက်လာခဲ့သည်။
ပညာရေးအရည်အသွေးမြှင့်တင်ရေး ကဏ္ဍတွင်လည်း အရေးကြီးသော ပြောင်းလဲမှုများဖြစ်သည့် သင်ရိုးညွှန်းတမ်းများကို ခေတ်မီအောင် ပြင်ဆင်ခြင်းနှင့် ကျောင်းသားများ၏ အတွေးအခေါ် ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် လက်တွေ့အသုံးချနိုင်စွမ်းတို့ကို တိုးတက်စေရန် အာရုံစိုက်လာကြသည်။ ထို့ပြင် သင်ကြားနည်းများကိုလည်း ပြောင်းလဲပြီး Teacher-Centered Learning မှ Student-Centered Learning သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ကိုတွေ့ရသည်။ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေးအတွက် သင်တန်းများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ သင်ကြားရေး နည်းပညာအသစ်များကို မိတ်ဆက်ပေးခြင်းတို့သည် ပညာရေးအရည်အသွေးတိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။
လက်ရှိတွင် နည်းပညာအခြေပြုပညာရေး (Digital Education) သည်လည်း ယနေ့ခေတ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်လာပြီဖြစ်သည်။ အွန်လိုင်းသင်ကြားမှုစနစ်များ၊ e-Learning Platform များနှင့် Digital Learning Tools များကို အသုံးပြုခြင်းအားဖြင့် ကျောင်းသားများသည် မိမိနေရာမှ သင်ယူနိုင်သည့်အခွင့်အလမ်းများ ပိုမိုရရှိလာသည်။ အထူးသဖြင့် မြို့ပြဒေသများတွင် အင်တာနက်အသုံးပြုနိုင်မှု တိုးတက်လာခြင်းကြောင့် Digital Education သည် ပိုမိုထိရောက်လာသည်။ သို့သော် ကျေးလက်ဒေသများတွင် အင်တာနက်ချိတ်ဆက်မှု မလုံလောက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားမတည်ငြိမ်မှုတို့ကြောင့် နည်းပညာအခြေပြုပညာရေးကို အပြည့်အဝအသုံးမပြုနိုင်သေးကြောင်းလည်း တွေ့ရှိရသည်။
စိန်ခေါ်မှုများ
ထို့ပြင် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းသည်လည်း ကောင်းမွန်သောအချက်တစ်ခုပင်ဖြစ်သည်။ ပညာရေးအတွက် ဘဏ္ဍာငွေသုံးစွဲမှုတိုးတက်လာခြင်းသည် ကျောင်းအဆောက်အအုံများ၊ သင်ကြားရေးပစ္စည်းများနှင့် ဆရာ၊ ဆရာမများ၏ အကျိုးခံစားခွင့်များကို တိုးတက်စေရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။ နိုင်ငံ၏ပညာရေးကဏ္ဍ၌ တိုးတက်မှုများရှိနေသော်လည်း စိန်ခေါ်မှုများမှာ ဆက်လက်တည်ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ပညာရေးရရှိနိုင်မှုနှင့် အရည်အသွေးကွာခြားမှုသည် အဓိကပြဿနာတစ်ခုဖြစ်သည်။ ကျေးလက်ဒေသများတွင် ဆရာအင်အားမလုံလောက်ခြင်း၊ သင်ကြားရေးပစ္စည်းများချို့တဲ့ခြင်းနှင့် နည်းပညာအသုံးပြုမှု မညီမျှမှုတို့ကြောင့် ပညာရေးအရည်အသွေးသည် မတူညီမှုများ ဖြစ်ပေါ်နေသည်။ ထို့ပြင် ကျောင်းထွက်နှုန်းကို လျှော့ချရန် ကြိုးပမ်းမှုများရှိသော်လည်း စီးပွားရေးအခက်အခဲများကြောင့် ကျောင်းမတက်နိုင်သော ကျောင်းသားများလည်းရှိနေဆဲပင်ဖြစ်သည်။
အနာဂတ်အတွက် ပညာရေးကဏ္ဍကို ပိုမိုတိုးတက်စေရန် အကြံပြုချက်များအနေဖြင့် အချက်အလက်များအပေါ်အခြေခံသည့် မူဝါဒများချမှတ်ရန်လိုအပ်သည်။ ဆရာ၊ ဆရာမများအတွက် ပညာရေးသင်တန်းများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများတိုးမြှင့်ပေးခြင်းသည် ပညာရေးအရည်အသွေး တိုးတက်ရေးအတွက် အရေးကြီးသည်။ ထို့ပြင် ကျေးလက်ဒေသများတွင် အင်တာနက်နှင့် လျှပ်စစ်အခြေခံ အဆောက်အအုံများကို တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သင့်ပေသည်။
နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများကို ဆက်လက်ပြင်ဆင်ခြင်းနှင့် ကျောင်းသားများ၏ လက်တွေ့ကျွမ်းကျင်မှုများကို အလေးထားသင်ကြားပေးခြင်းတို့သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အချုပ်အားဖြင့် အနာဂတ်တွင် နိုင်ငံ၏ပညာရေးကဏ္ဍ တိုးတက်လာစေရေးသည် တစ်ဦးကောင်း တစ်ယောက်ကောင်း၏အားဖြင့် ဆောင်ရွက်၍မရဘဲ နိုင်ငံတော်အစိုးရ၊ မိဘ၊ ဆရာနှင့် အနာဂတ်၏ လူငယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သို့မှသာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတစ်နိုင်ငံလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကူညီပေးရာ ရောက်မည်ဖြစ်ကြောင်း ဆန္ဒပြုရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
