နွေရာသီမှာ ရေချိုးဆင်ခြင်ပါ
Posted_Date
Image
Body
နွေရာသီ၏ ပြင်းထန်သော အပူဒဏ်ကြောင့် မကြာခဏရေချိုးတတ်ကြသည်။ အပူချိန်မြင့်တက် ချိန်တွင် ပုံစံမမှန်ဘဲ ရေချိုးမိလျှင် ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သည်။ အိုဇုန်းလွှာပြဿနာကြောင့် ကမ္ဘာကြီးပူနွေးလျက် ရှိရာ မြန်မာနိုင်ငံ၏ရာသီဥတုမှာလည်း တစ်နေ့ထက် တစ်နေ့ အပူချိန်မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် ရေများများသောက်ရန်လိုအပ်သည်။ အပူဒဏ်ကို ရင်ဆိုင်ရာတွင် လူတို့၏ ဇီ၀ပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် ရေမရှိမဖြစ်လိုအပ်သည်။ အပူဒဏ်ကြောင့် တစ်နာရီကြာ ချွေးထွက်ခြင်းအတွက် သန့်ရှင်းသောသောက်ရေ တစ်လီတာခန့်သောက် သုံးပေးသင့်သည်။ ချွေးထွက်လွန်နေသော အရွယ် ရောက်ပြီးသူတစ်ဦးအတွက် တစ်နေ့လျှင် ရေ ၅ လီတာမှ ၈ လီတာခန့်ကို ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်သည်။ အဘယ်ကြောင့် ရေများများ သောက်သင့်သနည်း - အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်မှ ၃၂ ဒီဂရီစင်တီ ဂရိတ်အတွင်း ကြာရှည်စွာနေထိုင်ရပါက မောပန်း ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်နိုင်သည်။ - အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီ ဂရိတ်အတွင်းတွင် ကြွက်တက်ခြင်းနှင့် အပူကြောင့် မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်နိုင်ပြီး အထူးသတိထား ရမည့်အဆင့်ဖြစ်သည်။ - အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၅၄ ဒီဂရီစင်တီ ဂရိတ်အတွင်းရောက်ရှိပါက အပူလျှပ်ခြင်း (Heat Stroke) ဖြစ်နိုင်ခြေအလွန်မြင့်မားပြီး အန္တရာယ်ရှိ နိုင်သောအဆင့်ဖြစ်သည်။ အကယ်၍ လူတစ်ယောက် သည် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်တွင် အချိန် ကြာကြာ အပူဒဏ်ကိုဆက်၍ခံနေရပါက ဦးနှောက် ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ - လူတစ်ယောက်သည် အပူချိန် ၁၀၉ ဒီဂရီဖာရင် ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်)တွင် အသက်အန္တရာယ် ရှိနိုင်သည်။ - အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်အထက်ဆိုပါက အသက်သေဆုံးနိုင်သည်။ ထို့ကြောင့် ပြောင်းလဲလာသော ပြင်ပအပူချိန်နှင့် အတူ လူ့ခန္ဓာကိုယ်အတွင်း အပူချိန်တို့ မျှခြေဖြစ်စေရန် ပူပြင်းသောရာသီတွင် ရေများများသောက်ပေးသင့်သည်။ ထို့ပြင် အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူ ချိန်ကျစေရန် ရေများများသောက်ခြင်း၊ ခန္ဓာကိုယ်အတွင်း အပူငြိမ်း၍အေးမြစေသော အစားအသောက်များဖြစ်သည့် နွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေးသီး၊ သံပရာသီး၊ သခွား သီး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ပူဒီနာရွက်၊ ဂေါ်ရခါးသီး၊ ဘူးသီး၊ မုန်လာဥဖြူ စသည်တို့ကို စားပေးသင့်သည်။ ပူပြင်းသောရာသီတွင် ရေချိုးနည်းစနစ်မှန်ကန်ရန် အထူးအရေးကြီးသည်။ ရေချိုးနည်းမှန်ကန်မှသာ အပူကိုအကြောင်းခံ၍ဖြစ်ပေါ်သော လေသင်တုန်း ဖြတ်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ ရေချိုး သည်ဆိုရာတွင်လည်း အချိန်အခါမဟုတ် မချိုးသင့် ပေ။ ဆောင်း ၁၀၊ နွေ ၉ ၊ မိုး ၇ ရေချိုးစနစ်အကျိုး ဖြစ်၏ဟု ရှေးဆရာကြီးများက မိန့်ဆိုထားသည်။ ထို့ကြောင့် နွေရာသီအတွက် ရေချိုးရန်အသင့်တော် ဆုံးအချိန်မှာ နံနက် ၉ နာရီဖြစ်သည်။ ထို့ပြင် မြန်မာ နိုင်ငံရာသီဥတုအတွက် တစ်နှစ်ပတ်လုံး နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းသာ ရေချိုးသင့် ကြောင်း မှတ်သားလိုက်နာသင့်ပေသည်။ နေပူထဲမှပြန်လာလျှင် ချက်ချင်းရေမချိုးသင့်ပေ။ နေပူထဲမှပြန်လာသည့်အခါ သို့မဟုတ် ချွေးထွက်များနေချိန်တွင် ခန္ဓာကိုယ်အပူချိန်မြင့်တက်နေ သည်။ ထိုအချိန် ရေအေးဖြင့် ချက်ချင်းလောင်းချလိုက် လျှင် ခန္ဓာကိုယ်က အပူနှင့်အအေးကို ရုတ်တရက် မညှိနိုင်ဘဲ အပူငုပ်ခြင်း သို့မဟုတ် သွေးကြောဆိုင်ရာ ပြဿနာများဖြစ်တတ်သည်။ ထို့ကြောင့် နေပူထဲမှ ပြန်လာပြီးနောက် ရေကို၀အောင်သောက်၍ အနည်းဆုံး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်နားပြီး ချွေးတိတ်မှ ရေချိုးသင့်သည်။ ရေခဲရေဖြင့် ရေချိုးခြင်းကိုရှောင်ကြဉ်ပါ။ ရေခဲရေဖြင့် ရေချိုးခြင်းသည် ခန္ဓာကိုယ်မှအပူကို အပြင် ထုတ်ပေးသည့်ချွေးပေါက်များ ပိတ်သွားစေနိုင်သည်။ ထိုအခါ ခန္ဓာကိုယ်ထဲ၌ အပူအောင်းခြင်းကို ပိုဖြစ် စေသည်။ သာမန်အပူချိန်ရှိသည့် ရေ သို့မဟုတ် ရေကြက်သီးနွေးဖြင့် ချိုးပေးခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံး လျှော့ချပေးနိုင်သည်။ မည်မျှပင် ပူအိုက်နေပါစေ ညဘက်ရေချိုးခြင်းကို ရှောင်ကြဉ်သင့်သည်။ လူအများစုသည် နွေရာသီတွင် ညဘက်အိပ်ကောင်းစေရန် ရေချိုးတတ်ကြသည်။ သို့သော် ညဉ့်နက်သည့်အခါ ပတ်ဝန်းကျင်အပူချိန် ကျဆင်းသွားသဖြင့် အဆုတ်အအေးမိခြင်း သို့မဟုတ် အဆစ်အမျက်ကိုက်ခဲခြင်းဖြစ်နိုင်သည်။ အိပ်ရာ မဝင်မီ အနည်းဆုံးတစ်နာရီခန့် ကြိုတင်ရေချိုးထား ခြင်းသည် သင့်လျော်သည်။ ညဉ့်နက်ချိန်ရေချိုးခြင်း သည် သွေးလေထိုင်းမှိုင်းပြီး အခိုးမထွက်တော့ဘဲ ရေချိုးမှား၍ ဖျားနာတတ်သည်။ အကယ်၍ မဖြစ်မနေ ညဘက်ရေချိုးရမည်ဆိုပါက ၁၅ မိနစ်ခန့် မရပ် မနားလမ်းသွက်သွက်လျှောက်ပြီး လည်ကုပ်နှင့်ချိုင်း ချွေးစို့လာမှသာ ရေချိုးသင့်သည်။ ရာသီဥတု မည်မျှပင်ပူအိုက်နေပါစေ တစ်နေ့ လျှင် အကြိမ်ပေါင်းများစွာ ရေချိုးခြင်းသည် အရေပြား ကို ခြောက်သွေ့စေပြီး ယားယံခြင်း၊ အဖုအပိမ့်ထ ခြင်းဖြစ်စေနိုင်သည်။ တစ်နေ့လျှင် နှစ်ကြိမ်သာ ရေချိုးပါ။ အကယ်၍ လန်းဆန်းချင်ရင် ရေစိုအဝတ် ဖြင့် ကိုယ်တိုက်ပေးခြင်းသာပြုလုပ်သင့်သည်။ မှန်ကန်သော ရေချိုးနည်းစနစ် ပုံမှန် ကျန်းမာရေးကောင်းမွန်နေသူအတွက် လိုက်နာသင့်သော ရေချိုးပုံနည်းစနစ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။ - ဒူးဆစ်အောက်ပိုင်း ခြေထောက်မှစ၍ ရေလောင်း ချိုးပါ။ - ခါး၊ ပေါင် စသည်တို့ကို ရေလောင်းချိုးပါ။ - ကျောပြင်မှစ၍ ရေလောင်းချိုးပါ။ - တစ်ကိုယ်လုံး ရေလောင်းချိုးပါ။ ထိုနည်းစနစ်ဖြင့် ရေချိုးလျှင် ခန္ဓာကိုယ်အတွင်း အောင်းနေသော အပူ၊ အပုပ်၊ အခိုးများထွက်၍ ကိုယ်လက်ပေါ့ပါးကာ စိတ်ကြည်လင်လန်းဆန်းစေ မည်ဖြစ်သည်။ အထူးသတိထားဆင်ခြင်ရန်မှာ ရေကို ခေါင်းမှစ၍ လောင်းချိုးလျှင် တစ်ကိုယ်လုံးရှိ အခိုး အငွေ့များ ဦးခေါင်းထဲရောက်လာပြီး ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိမှုန်၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်ခြင်းတို့ ဖြစ်စေသည်။ ထို့ကြောင့် ခေါင်းလျှော်သည့်နေ့ များတွင်လည်း ဖော်ပြပါ ရေချိုးပုံနည်းစနစ်အဆင့်ဆင့် အတိုင်း လိုက်နာသင့်သည်။ အထက်ပါရေချိုးနည်းသည် ကျန်းမာရေးပုံမှန် ကောင်းမွန်နေသူများအတွက်ဖြစ်သော်လည်း ခြေဖျား၊ လက်ဖျား အမြဲအေးစက်လေ့ရှိသူများ၊ သွေးပေါင်ချိန် ကျသူများနှင့် တစ်မိနစ်လျှင် သွေးခုန်နှုန်းအကြိမ် ၅၀ အောက်နည်းသူများကမူ ရေမချိုးမီ အသက် ပြင်းပြင်းရှူပါ။ လေကောင်းလေသန့်ရသောနေရာ၌ ခေတ္တလမ်းလျှောက်ပြီး ရေနွေးဖြင့်ချိုးပါ။ သို့သော် ရေနွေးအပူသည် လူ့ခန္ဓာကိုယ်အပူထက် ပို၍မပူ သင့်ပေ။ ရေနွေးနှင့်ရေချိုးနေစဉ် မျက်နှာသုတ်ပဝါ တစ်ထည်ကို ရေအေးဆွတ်၍ ဦးခေါင်းကိုလုံအောင် ပေါင်းထားသင့်သည်။ ရေချိုးခြင်း၏အကျိုးကျေးဇူးများ နေ့စဉ်ရေချိုးခြင်းအားဖြင့် လူ့ခန္ဓာကိုယ်ကို အပူ၊ အအေးမျှတအောင် သဘာ၀နည်းဖြင့် ပြုပြင် ပေးရာရောက်သည်။ တစ်နည်းဆိုသော် ခန္ဓာကိုယ် ကို အပူ၊ အအေးမျှတအောင် သဘာ၀အလျောက် ပြုပြင်ပေးသည့်ကုထုံးတွင် ရေချိုးခြင်းသည် အထိ ရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းစနစ်ဖြစ်သည်။ ရေမှန်မှန်ချိုးခြင်းဖြင့် အောက်ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ရရှိနိုင်သည်။ - လူ့ခန္ဓာကိုယ်မှထွက်သည့် မကောင်းသောအခိုး၊ အနံ့နှင့်ကြေးညှော်များကို သန့်ရှင်းစင်ကြယ်စေသည်။ - သာမန်ပိုးမွှားများကို ပယ်ပျောက်စေသည်။ ထိုမျှမက ကူးစက်တတ်သည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်ပိုးများကိုလည်း ရေများများလောင်း၍ ဆပ်ပြာမော်လီကျူးများဖြင့် နှိမ်နင်းနိုင်သည်။ - လူ့ခန္ဓာကိုယ်မှထွက်သော ချွေး၊ အဆီတို့သည် မွေးညင်းပေါက်များကိုပိတ်ဆို့ထားရာ ရေချိုးလိုက် ခြင်းဖြင့် ယင်းမွေးညင်းပေါက်များပွင့်လာသည်။ အခိုး ပွင့်လာသဖြင့် စိတ်ကြည်လင်လန်းဆန်းလာသည်။ - ရေမှန်မှန်ချိုးခြင်းဖြင့် မျက်စိကြည်လင်စေပြီး သွားကိုက်သွားနာခြင်း၊ သွားဖုံးရောင်ခြင်း၊ ခေါင်းအုံ ခြင်း၊ အကြောတက်ခြင်း၊ နားအူခြင်းတို့မှ ကာကွယ် နိုင်သည်။ - ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးနောက် ရေချိုးလိုက် သောအခါ ချက်ချင်းဆိုသလို စိတ်ရောကိုယ်ပါ လန်းဆန်းလာစေသည်။ - သဘာ၀ပတ်၀န်းကျင်လေထုနှင့် ထိတွေ့မှုနည်း သော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြသည့် ပေါင်ခြံ၊ ချိုင်းကြားတို့ကို ရေချိုးခြင်းဖြင့် သန့်ရှင်း စင်ကြယ်စေသည်။ -ရေချိုးခြင်းဖြင့် မျက်စိ၊ နား၊ နှာခေါင်းကျန်းမာရေး အတွက် တစ်ဖက်တစ်လမ်းမှ ကောင်းကျိုးပြုသည်။ - နွေရာသီ ခံတွင်းပျက်ပြီး အစာစားချင်စိတ်မရှိ သော သက်ကြီးရွယ်အိုများ ရေချိုးပြီးနောက် ထမင်း စားပါက ခံတွင်းလိုက်ပြီး ထမင်းမြိန်စေသည်။ အပူဒဏ်ခံနိုင်အောင် မှန်ကန်သည့်ရေချိုးနည်း အပူဒဏ်ခံနိုင်အောင် ဆေးဖက်၀င်ရေချိုးနည်း အဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။ - အရိပ်ထဲတွင် ရေချိုးပါ။ - ဦးစွာ သောက်ရေတစ်ဖန်ခွက် အပြည့်သောက်ပါ။ - ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြော စနစ်များဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက် ဖျားနှင့် လက်မောင်းတို့ကို ကြိုတင်အသိပေးသည့် အနေဖြင့် ရေဆွတ်ပက်ဖျန်းပေးပါ။ - ပြီးနောက် မျက်နှာသစ်ပါ။ - တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့်လည်ပင်း တို့ကို ရေဖြင့်ပက်ပေးပါ။ - ပြီးမှ ရေလောင်းချိုးပါ။ - ရေချိုးပြီးမှ သွားတိုက်ပါ။ - အလွန်အေးစိမ့်သောရေကိုမချိုးရ။ - ဆပ်ပြာကိုလည်း ရှားစောင်းလက်ပပ်၊ မန်ကျည်း တို့ပါ၀င်သော ဆပ်ပြာကိုသုံးပါ။ - ရေချိုးပြီးခါစဖြစ်သော်လည်း နွေရာသီတွင် ချွေးထွက်တတ်သည်။ ရေချိုးပြီးခါစ ပန်ကာလေ မခံသင့်ပေ။ - ရေချိုးပြီးနောက် ရေခြောက်အောင်သုတ်ပါ။ - သနပ်ခါးရည်ကျဲကို နေ့စဉ်မှန်မှန်လိမ်းပေးပါ။ ရေချိုးသောအခါ ဗြုန်းခနဲ ရေကိုလောင်းချိုးခြင်း မပြုပါနှင့်။ ယင်းနည်းက ကိုယ်ငွေ့ အပြင်သို့မထွက် တော့ဘဲ အပူငုပ်တတ်သည်။ ပူပြင်းသောရာသီတွင် ရေချိုးချိန်သည် အနည်းဆုံး ခုနစ်မိနစ်မှ အများဆုံး ၁၁ မိနစ်ခန့်ဖြစ်သင့်သည်။ မြစ်၊ ချောင်းများ၌ ရေချိုး သူများသည် တစ်ခါတည်း မြစ်၊ ချောင်းထဲသို့ ခုန်မချ ဘဲ ရေဖြင့် ကိုယ်လက်တို့ကိုပွတ်သပ်ပြီးမှ ရေထဲသို့ ဆင်းပါ။ နေပူကျဲကျဲအချိန်၊ ဖျားနာနေချိန်၊ နေပူထဲမှ ပြန်ရောက်ခါစအချိန်၊ အလုပ်သိမ်းခါစ မောပန်း နွမ်းနယ်ချိန် သို့မဟုတ် အားကစားလုပ် ပြီးပြီးချင်း ချွေးထွက်များချိန်၊ ခရီးရောက်မဆိုက်အချိန် စသည့် အချိန်များတွင် ရေချိုးပါက အဆုတ်နာရောဂါ၊ မျက်စိ မှုန်ခြင်း၊ နားအူခြင်း၊ နားလေထွက်ခြင်း၊ နားပင်း ခြင်းနှင့်လေဖြတ်လေငန်းရောဂါများ ဖြစ်စေတတ် သည်။ အထူးသတိပြုရန်မှာ မည်သည့်ရာသီဥတုမဆို အလွန်အေးသောရေနှင့် အလွန်ပူနွေးသောရေတို့ကို မချိုးပါနှင့်။ ရေမချိုးမီ ရေတစ်ခွက် ကြိုတင်သောက် ထားသင့်ပြီး ဆီးအရင်သွားထားရန်လိုအပ်သည်။ ရေမချိုးမီ ခြေဖဝါးကိုဆားပွတ်ခြင်းသည် အလွန် ကောင်းမွန်သောအလေ့အထဖြစ်သည်။ နွေရာသီ တွင် အပူဒဏ်ကြောင့်ဖြစ်တတ်သည့် အပူလျှပ်ခြင်း ကိုကာကွယ်ရန် ရေချိုးခြင်းအပြင် ရေများများ သောက်ရန်နှင့် နေပူထဲထွက်ပါက နေကာမျက်မှန် သို့မဟုတ် ထီး၊ ဦးထုပ်ဆောင်းရန်လည်း လိုအပ်သည်။ အချုပ်အားဖြင့်ဆိုရသော် အနာရောဂါကင်းဝေးပြီး သက်တမ်းစေ့နေထိုင်နိုင်ရန် ရေချိုးရာတွင် စနစ် တကျမှန်ကန်ရန်လိုအပ်ပြီး ရေချိုးမှားတတ်သူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် နွေရာသီတွင် အပူဒဏ်ခံနိုင်ရန် မှန်ကန်သည့်ရေချိုး နည်းကို အကြံပြုရေးသားလိုက်ရပါသည်။
