ဆေးဖက်ဝင်နဂါးမောက်သီး အကြောင်း သိကောင်းစရာများ
Posted_Date
Image
Body
နဂါးမောက်သီးသည် မြန်မာနိုင်ငံအတွက် ဈေးကွက်အလားအလာကောင်းသဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးသည် နဂါး၏အကြေးခွံနှင့်တူကာ စူးရှသောအပြင်ဘက် အခွံကြောင့် နဂါးမောက်သီးဟု ခေါ်တွင်ကြခြင်းဖြစ်သည်။ နဂါးမောက်သီး၏အသားသည် ပျော့ပျောင်းပြီး အမည်းရောင်ရှိသော အစေ့ငယ်များနှင့်ဖွဲ့စည်းထားကာ အရသာသည် ချိုအေးနူးညံ့သည်။
နဂါးမောက်ပင်များသည် Cactus ရှားစောင်းမျိုးရင်းဖြစ်သဖြင့် ရေငတ်ခံ၊ အကြမ်းခံသော နွယ်ယောင်ပင်ယောင်အပင်အမျိုးအစားဖြစ်ပြီး ပူအိုက်၍ မိုးရေချိန်များသည့်ဒေသ၌ ရှင်သန်ဖြစ်ထွန်းသည်။
နဂါးမောက်သီးကို အင်္ဂလိပ်လို Pitaya fruit ဟု အမည်ရှိပြီး Dragon Fruit ဟုလည်း အများစုကခေါ်ကြသည်။ ရုက္ခဗေဒ(သိပ္ပံ) အမည်အနေဖြင့် Selenicereus Species (ယခင်က Hylocereus Cactus) ဟုခေါ်ပြီး မျိုးရင်း Selecereus Spp. (ကန္တာရဆူးပင်) အုပ်စုဝင်ဖြစ်သည်။
နဂါးမောက်သီးတွင်ပါဝင်သောအာဟာရဓာတ်များ
နဂါးမောက်သီးတွင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်-C၊ သံဓာတ်၊ အမျှင်ဓာတ်ကဲ့သို့သော ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သည့်အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ နဂါးမောက်သီးသည် ဗီတာမင်-C ကြွယ်ဝသောအသီးဖြစ်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေး သည်။ ဗီတာမင်-C သည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများနှင့် ရောဂါများကို ကာကွယ်ပေးသည်။
နဂါးမောက်သီးစားသုံးမှုပုံစံ
နဂါးမောက်သီးကိုခွဲထားပြီး အချိန်ကြာမှစားလျှင် ပါဝင်သော ဗီတာမင်-C မှအစ အင်တီအောက်စီးဒင့်များသည် လေနှင့်ထိတွေ့ပြီး ပျက်စီးဆုံးရှုံးမှုရှိလာသောကြောင့် နဂါးမောက်သီး၏ ဆေးဖက်ဝင်အာနိသင်များ အပြည့်အဝရရှိစေရန်အတွက် စားခါနီးမှ ခွဲစားလျှင် ပိုကောင်းသည်။ နဂါးမောက်သီးကို အသားအတိုင်းစားနိုင်သကဲ့သို့ ဖျော်ရည်များ၊ အသုပ်များနှင့် တခြားဟင်းချက်နည်းများတွင်လည်း အသုံးပြုလေ့ရှိသည်။
နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလျှော့ချပေးသောနဂါးမောက်သီး
နဂါးမောက်သီးသည် သွေးတွင်းသကြားဓာတ် ပမာဏကိုထိန်းညှိပေးပြီး ကျန်းမာရေးကို အထောက်အကူပြုသည်။ အသီးတွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း များသည် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါနှင့် ကင်ဆာကဲ့သို့ နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါဝင်မှုသည် ကိုလက်စထရောပမာဏကို လျှော့ချရန်နှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။
LDL ကိုလက်စထရောမြင့်တက်မှုကို ကာကွယ်ပေးသောနဂါးမောက်သီး
နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် မဂ္ဂနီဆီယမ် ပါဝင်မှုများပြားပြီး ကယ်လိုရီပါဝင်မှုနည်းပါးသည့်အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း မျိုးစုံပါဝင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဘီတာလိန်း (Betalains) သည် နဂါးမောက်သီး၏ အသားတွင် အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးခြင်းကြောင့် မကောင်းသည့် LDL ကိုလက်စထရောမြင့်မားမည့်အခြေအနေမှ ကာကွယ်ပေးသည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ် နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုသည်။
ကိုယ်အလေးချိန်လျော့ကျစေနိုင်သော နဂါးမောက်သီး
နဂါးမောက်သီးသည် ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်မြင့်မားသောကြောင့် အာဟာရပြည့်ဝမှုကိုမြှင့်တင်ပေးပြီး အဝလွန်ခြင်းကို တားဆီးပေးနိုင်သည်။ နဂါးမောက်သီးသည် ကျန်းမာရေးနှင့်ညီညွတ်သည့် ကိုယ်အလေးချိန်လျော့ကျစေသောအစားအစာတစ်ခုဖြစ်သည့်အပြင် ကောင်းမွန်သောအစားအစာတစ်ခုလည်း ဖြစ်သည်။ အသည်းအဆီဓာတ်များကို လျှော့ချရာတွင်လည်း အထောက်အကူပြုသည်။
အရွယ်တင်နုပျိုစေသော နဂါးမောက်သီး
နဂါးမောက်သီးတွင် ဗီတာမင်-C နှင့် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အပြင် လိုင်ကိုပင်း(Lycopene)ဟုခေါ်သည့် ကယ်ရိုတနွိုက်(Carotenoid) ဓာတ်များစွာ ပါဝင်သောကြောင့် အရွယ်တင်နုပျိုစေသည်။
အသားအရေကိုကာကွယ်ပေးသော နဂါးမောက်သီး
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ ခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး အသားအရေကို တင်းရင်းလှပစေမည့် ကော်လာဂျင်များ ထွက်လာအောင် လှုံ့ဆော်ပေးနိုင်သည်။
သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသော နဂါးမောက်သီး
အင်ဆူလင်အာရုံခံအားကို ပိုမိုကောင်းမွန်စေသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာတွင် အထောက်အကူပြုပြီး ရောင်ရမ်းမှုများကိုကျစေနိုင်သည်။
သွေးတိုးနှင့်နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျစေသော နဂါးမောက်သီး
နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါဝင်မှုသည် ကိုလက်စထရောကို ကျဆင်းစေသောကြောင့် သွေးတိုးရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး တခြားသောနှလုံးနှင့်ပတ်သက်သည့်ရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေသည်။ ဖလေဗိုနွိုက် (Flavonoids) ဓာတ်တိုးဆန့်ကျင်ပစ္စည်းသည် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။ နာတာရှည်ရောဂါများနှင့် အိုမင်းခြင်းကိုပိုမိုတွန်းအားပေးသည့် ဖရီးရယ်ဒီကယ်များ၏ရန်ကို အဆိုပါဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျှော့ချပေးနိုင်သည်။
ဝမ်းချုပ်ခြင်းကိုသက်သာစေသော နဂါးမောက်သီး
နဂါးမောက်သီးတွင်ပါဝင်သည့် အမျှင်ဓာတ်များသည်အူလမ်းကြောင်းရှိ အကျိုးပြုဗက်တီးရီးယားများ ပေါက်ပွားသန်စွမ်းရန်အားပေးပြီး အစာကြေစေနိုင်၍ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးများ အလွယ်တကူဝင်ရောက်ခြင်းမဖြစ်စေရန် ကာကွယ်ပေးသည်။ ကိုယ်ဝန်ဆောင်ကာလတွင် ဝမ်းချုပ်ခြင်း ကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲပြဿနာများကို အကောင်းဆုံးကာကွယ်ပေးသည်။ အစာခြေစနစ်ပြဿနာများကိုကာကွယ်ပေးပြီး အစာခြေစနစ်ကျန်းမာစေရန် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်ပါဝင်မှုမြင့်မားသောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။
မွေးရာပါချို့ယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသောနဂါးမောက်သီး
နဂါးမောက်သီးတွင် ဖောလိတ်ကဲ့သို့ ကိုယ်ဝန်ဆောင်ချိန်တွင် လိုအပ်သည့်ဓာတ်တစ်မျိုး ပြည့်ဝစွာပါဝင်နေသောကြောင့် မွေးဖွားလာသည့်ကလေးတွင် မွေးရာပါချို့ယွင်းချက်ပါမလာစေရန် ကာကွယ်ပေးနိုင်သည်။ ထို့ပြင် နဂါးမောက်သီးတွင် ဗီတာမင်-B1၊ ဗီတာမင်-B2၊ ဗီတာမင်-B3 ၊ ဗီတာမင်-C နှင့် တခြားဗီတာမင်များပါဝင်သောကြောင့် မိခင်ကို ကျန်းမာစေနိုင်သကဲ့သို့ ဗိုက်ထဲမှ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်သည်။
အရိုးများကို ကြံ့ခိုင်သန်စွမ်းစေနိုင်သော နဂါးမောက်သီး
နဂါးမောက်သီးတွင် ကယ်လ်ဆီယမ် ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် အရိုးနှင့်သွားများ ကြံ့ခိုင်သန်စွမ်းစေရန် အထောက်အကူပြုပေးသကဲ့သို့ သန္ဓေသား၏အရိုးများ ဖွံ့ဖြိုးမှုအတွက်လည်း အကောင်းဆုံးအထောက်အပံ့ပေးနိုင်သည်။
သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သောနဂါးမောက်သီး
နဂါးမောက်သီးတွင် သံဓာတ်နှင့် ဗီတာမင်-C ကြွယ်ဝစွာပါဝင်သဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။
ရောဂါပိုးများကူးစက်ခံရမှုမှ ကာကွယ်ပေးသော နဂါးမောက်သီး
အရသာရှိသည့် နဂါးမောက်သီးတွင် ဗက်တီးရီးယားများနှင့် မှိုပိုးများကို တိုက်ဖျက်နိုင်သည့် အာနိသင်ရှိသောကြောင့် ကိုယ်ဝန်ဆောင်ကာလတွင် ဗက်တီးရီးယားများနှင့် မှိုပိုးများကူးစက်ခံရမှုမှ အထိရောက်ဆုံးကာကွယ်ပေးနိုင်သည်။ ဆဲလ်အသစ်များ ဖြစ်ပေါ်စေမှုကြောင့် ထိခိုက်မှုများကို အမြန်ဆုံးသက်သာစေနိုင်သည်။
ကိုယ်ခံအားကောင်းစေသောနဂါးမောက်သီး
နဂါးမောက်သီးတွင် ဗီတာမင်-C ကြွယ်ဝစွာပါဝင်သောကြောင့် ဖျားနာမှုကင်းစေပြီး ကိုယ်ခံအားကောင်းစေရန် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆေးသောက်ရန် အဆင်မပြေသောကြောင့် ဖျားနာသည့်အခါ ခံစားရခက်ခြင်းမဖြစ်စေရန် နဂါး မောက်သီးစားပေးပါက ကိုယ်ခံအားကို ဖြည့်ပေးနိုင်သည်။နဂါးမောက်သီးက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သကဲ့သို့ အကျိုးပြုအဆီဓာတ်ကိုလည်း ရရှိစေနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးပေးပါက မိခင်ရော ကလေးပါ ကျန်းမာစေနိုင်သည်။
စိတ်ဖိစီးမှုနှင့်ဆိုင်သော ရောဂါများကို ပျောက်ကင်းစေနိုင်သော နဂါးမောက်သီး
နဂါးမောက်သီးတွင် အစွမ်းအာနိသင် ထက်မြက်စေသည့် Antioxidant ဓာတ်ပြည့်ဝစွာပါဝင်သည့်အတွက် စိတ်ဖိစီးမှုနှင့် ဆက်နွှယ်နေသောရောဂါများကို ပျောက်ကင်းစေနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအတွက် အကျိုးရှိသော နဂါးမောက်သီး
နဂါးမောက်သီးသည် ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင်-C နှင့် ဖောလိတ် စသည်တို့ကို ဖြည့်တင်းပေးသည်။ အမျှင်ဓာတ်များလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေသည်။ နဂါးမောက်သီးတွင်ပါဝင်သော အာဟာရဓာတ်များကလည်း ကိုယ်ဝန်ဆောင်မိခင်၏ ခုခံအားစနစ်
ကို မြှင့်တင်ပေးပြီး ရောဂါပိုးများ အလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ပေးသည့်အပြင် ဆေးဖက်ဝင်ဓာတ်ပစ္စည်းများမှလည်း ဓာတ်တိုးဆန့်ကျင်အာနိသင်ကို ရရှိသောကြောင့် မိခင်ရော ကလေးပါ ကျန်းမာစေသည်။
နဂါးမောက်သီးမစားသင့်သူများ
ရောဂါအခံရှိသူများ၊ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးသောက်နေရသူများအနေဖြင့် ဆရာဝန်နှင့်သေချာတိုင်ပင်ပြီးမှ စားသင့်သည်။ အထူးသဖြင့် ဆီးချိုနှင့် သွေးတိုးရောဂါရှိသူများ သတိပြုသင့်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် နဂါးမောက်သီးစားသုံးခြင်းဖြင့် မိခင်နှင့်ကလေးအတွက် ကောင်းကျိုးများသော်လည်း အလွန်အကျွံစားသုံးခြင်းမပြုရန်လိုအပ်သည်။
နဂါးမောက်သီးကို အဓိကစားသုံးသင့်သူများ
နဂါးမောက်သီးကို ကျန်းမာပြီး အသားအရေလှပနုပျိုလိုသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ လေးဖက်နာ၊ နှလုံးရောဂါခံစားနေရသူများ၊ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ ခံစားနေရသူများ၊ အစာအိမ်ရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါ ခံစားနေရသူများ၊ ဆီးကျောက်တည်သူများ၊ ဆီးချုပ်၊ ဝမ်းချုပ်တတ်သူများ၊ ဦးနှောက်မဖွံ့ဖြိုးသည့်ရောဂါရှိသူများ၊ လေကောင်းလေသန့်မရရှိသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ကိုင်နေရသူများ၊ စိတ်ဖိစီးမှုများသူများ၊ ကိုယ်အလေးချိန်လျှော့ချလိုသူများ၊ အားအင်ကုန်ခန်းစိတ်ဓာတ်ကျနေသူများ စားသုံးရန် အထူးသင့်လျော်သည်။
အချုပ်အားဖြင့်ဆိုသော် နဂါးမောက်သီးသည် အစာအိမ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်နိုင်စွမ်းရှိခြင်း၊ အဆီဓာတ်များကိုလျော့ကျနိုင်စွမ်းရှိခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊မျက်လုံးအားကောင်းခြင်း၊ သွားနှင့်အရိုးများခိုင်မာစေခြင်းတို့ကြောင့် လူတိုင်းစားသုံးသင့်သောအသီးဖြစ်ပြီး နာလန်ထလူမမာများအတွက် အထူးသင့်လျော်သည်။ နဂါးမောက်သီးတွင် Antioxidant အများဆုံး ပါဝင်သဖြင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆီးလွန်ရောဂါများ၊ လေသင်တုန်းနှင့် လေဖြတ်ခြင်းရောဂါများ ပျောက်ကင်းစေသည်။ ကိုလက်စထရောကို လျော့ကျစေသည့်အပြင် ချောင်းဆိုး၊ ရင်ကျပ်ရောဂါကိုလည်း သက်သာပျောက်ကင်းစေသည်။ နာတာရှည်ရောဂါခံစား နေရသူများ၊ အသားအရေ စိုပြည်လှပလိုသူများ၊ နှလုံး၊ သွေးတိုးရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်သည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
Photo Crd Amazon
