၂၁ ရာစု မြန်မာလူငယ်နှင့် စစ်မှန်သောမျိုးချစ်စိတ်

Posted_Date

Image

၂၁ ရာစု မြန်မာလူငယ်နှင့် စစ်မှန်သောမျိုးချစ်စိတ်

Body

၂၁ ရာစု၏ဒစ်ဂျစ်တယ်နည်းပညာနှင့် ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေး   အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်းထဲတွင် “လူငယ်နှင့် မျိုးချစ်စိတ်ဟူသော ဝေါဟာရသည် ယခင်ကထက် ပိုမိုလေးနက်ပြီး ဆန်းသစ်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့်   အသက်ဝင်လာခဲ့သည်။ ယနေ့ခေတ်လူငယ်များအတွက် မျိုးချစ်စိတ်ဆိုသည်မှာ သမိုင်းဟောင်းများကဲ့သို့လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းထက် ပိုမိုကျယ်ပြန့်ပြီး အပြုသဘောဆောင်သည့် “နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍသို့ သိသိသာသာ  ဦးတည်ပြောင်းလဲလာနေပြီဖြစ်သည်။ ခေတ်သစ်မျိုးချစ်စိတ်ဓာတ်သည်   တိုက်ခိုက်ဖျက်ဆီးခြင်းထက် “တည်ဆောက်ခြင်းနှင့် ဖန်တီးခြင်းကို ရှေ့တန်းတင်ထားသည်။ လူငယ်တစ်ဦးသည် မိမိ၏အရည်အချင်း(Skill-based Contribution) ကို အသုံးချကာ လူ့အဖွဲ့အစည်း၏အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ စီးပွားရေးအရ အင်အားတောင့်တင်းအောင်ကြိုးစားခြင်းနှင့်   ကမ္ဘာ့အဆင့်မီ ပညာရပ်ကိုဆည်းပူးကာ မိမိနိုင်ငံ၏ပုံရိပ်ကိုမြှင့်တင်ခြင်း

တို့သည် ခေတ်မီသောနိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များပင်ဖြစ်သည်။ ထို့ကြောင့် ၂၁ ရာစု လူငယ်တစ်ဦး၏ မျိုးချစ်စိတ်သည် စိတ်လှုပ်ရှားမှုသက်သက်(Emotion)မဟုတ်ဘဲ   နိုင်ငံတော်ကို အဘက်ဘက်မှ    တိုးတက်ခိုင်မာလာစေရန် ဉာဏ်ပညာနှင့်လုပ်အားကို ပေါင်းစပ်အသုံးချသည့် “လက်တွေ့ကျသော အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။

ခေတ်မီပညာရေးဖြင့် နိုင်ငံကိုမြှင့်တင်ခြင်း

ယနေ့ခေတ်သည်  ဗဟုသုတနှင့် အတတ်ပညာများအရှိန်အဟုန်ဖြင့် ထွန်းကားနေသော “ပညာခေတ်ဖြစ်သည်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ပညာတတ်လူငယ်များပေါများခြင်းသည် နိုင်ငံတော်၏ အားကိုးရဆုံးသော အင်အားပင်ဖြစ်သည်။ မျိုးချစ်

စိတ်ရှိသော လူငယ်တစ်ဦးသည်  မိမိ၏ပညာရည်မြင့်မားရေးကို   ကိုယ်ပိုင်အောင်မြင်မှုသက်သက်အဖြစ် မရှုမြင်ဘဲ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သောရေရှည်ရင်းနှီးမြှုပ်နှံမှု (Human Capital Investment)တစ်ခုအဖြစ်ခံယူရမည်။ မိမိတတ်မြောက်ထားသော နည်းပညာ၊ ဆေးပညာ၊ အင်ဂျင်နီယာ အတတ်ပညာ သို့မဟုတ် အနုပညာစသည့်ပညာရပ်များဖြင့်  မိမိနိုင်ငံသားများ၏လူမှုစီးပွားဘဝကို လက်တွေ့ကျကျမြှင့်တင်ပေးခြင်းသည်   စိတ်ကူးယဉ်မှုထက်သာလွန်သည့်အဆင့်မြင့်သော မျိုးချစ်စိတ်ပင်ဖြစ်သည်။

ထို့ပြင်   ခေတ်သစ်လူငယ်တစ်ဦးသည် မိမိ၏ ဒေသတွင်းအခြေအနေ၌သာ နစ်မွန်းမနေဘဲ ကမ္ဘာ့အခြေအနေနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြည်မပြတ်လေ့လာနားလည်နေရမည်။

မိမိနိုင်ငံ၏အားသာချက်နှင့် အားနည်းချက်များကို ကမ္ဘာ့စံနှုန်းများနှင့်ယှဉ်ထိုးကြည့်ရှုပြီး  မိမိနိုင်ငံကို မည်သည့်လမ်းကြောင်းဖြင့်     တိုးတက်အောင် လုပ်ဆောင်ရမည်နည်းဆိုသော ခိုင်မာသည့် Vision (မျှော်မှန်းချက်)ရှိခြင်းသည် နိုင်ငံတော်ကိုအနာဂတ်တွင် ဦးဆောင်မည့်  ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းပင်ဖြစ်သည်။ အသိပညာကိုအခြေခံသည့်  ထိုမျှော်မှန်းချက်များကသာ နိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေမည်ဖြစ်သည်။

ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှုပေါင်းစပ်ခြင်း

လူငယ်များသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို ရှေးဟောင်းပုံစံခွက်ထဲ၌သာ ပိတ်လှောင်ထားရမည့် အရာတစ်ခုအဖြစ်မရှုမြင်ဘဲ ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်တီထွင်ကာ ဖော်ဆောင်တတ်သည့် “ယဉ်ကျေးမှု သံတမန်များဖြစ်ရန် လိုအပ်သည်။ 

မိမိနိုင်ငံ၏ထူးခြားလှသောအစားအစာများ၊ လက်ရာမြောက်လှသော   ရိုးရာအဝတ်အထည်များနှင့်ချစ်စဖွယ်  ဓလေ့ထုံးတမ်းများကို  လူမှုကွန်ရက်စာမျက်နှာ(Digital   Platform)များမှတစ်ဆင့် တီထွင်ဖန်တီးမှုရှိသော  Content   များအဖြစ် ပြောင်းလဲကာ  ကမ္ဘာကသိအောင်ချပြခြင်းသည် ခေတ်သစ်နည်းပညာကိုအသုံးပြု၍ မျိုးချစ်စိတ်ကို လက်တွေ့ကျကျဖော်ပြခြင်းပင်ဖြစ်သည်။

အထူးသဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း(Globaliza-tion)ခေတ်ကြီးတွင် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန် အခြားသော နိုင်ငံခြားဘာသာ စကားများကို သင်ယူဆည်းပူးရမည် ဖြစ်သော်လည်း မိမိတို့၏ဖြစ်တည်မှု အစဖြစ်သော မိခင်ဘာသာစကားကိုမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် စာပေနှင့်  ဘာသာစကားအပေါ်ထားရှိသော အလေးနက်ဆုံးသောတန်ဖိုးထားမှုဖြစ်သကဲ့သို့   အမျိုးသားရေး လက္ခဏာကိုကာကွယ်ခြင်းလည်း ဖြစ်သည်။ မိမိတို့၏ အနုပညာနှင့်ဘာသာစကားကို ခေတ်မီနည်းပညာဖြင့် ပေါင်းစပ်၍  တန်ဖိုးမြှင့်တင်နိုင်ခြင်းသည်သာ  နိုင်ငံတော်၏ “နူးညံ့သော အင်အား(Soft Power)”ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။

လူမှုရေးတာဝန်သိခြင်း

စစ်မှန်သော နိုင်ငံချစ်စိတ်ရှိသည့်လူငယ်တစ်ဦးသည် မိမိကိုယ်ကျိုးထက်  မိမိပတ်ဝန်းကျင်နှင့်လူ့အဖွဲ့အစည်းအပေါ်    စာနာထောက်ထားမှု (Empathy)အပြည့်ရှိသူဖြစ်ရမည်။   မျိုးချစ်စိတ်ဆိုသည်မှာ   စိတ်ကူးယဉ်အယူအဆသက်သက်မဟုတ်ဘဲ မိမိပတ်ဝန်းကျင်ရှိ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် စေတနာ့ဝန်ထမ်း(Volunteer) လုပ်ငန်းများတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်သည့် စိမ်းလန်းသောလှုပ်ရှားမှုများ၊ နွမ်းပါးသည့်ကလေးငယ်များအတွက် ပညာဒါနပြုခြင်းနှင့် သဘာဝဘေးအန္တရာယ်များ  ကြုံတွေ့ရချိန်တွင် ကိုယ်ကျိုးစွန့်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခြင်းတို့သည်  နိုင်ငံတော်ကိုလက်တွေ့ကျကျ ချစ်မြတ်နိုးခြင်း၏ ပြယုဂ်များပင်ဖြစ်သည်။

ယနေ့ခေတ်  ဒစ်ဂျစ်တယ်ကမ္ဘာတွင်  သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများကို ပြတ်ပြတ်သားသား ဆန့်ကျင်ခြင်းသည်လည်း အရေးကြီးသော မျိုးချစ်စိတ်တစ်ရပ်ပင်ဖြစ်သည်။   မိမိနိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲ သံသယပွားစေမည့် မဟုတ်မမှန်သတင်းများကို ဆင်ခြင်တုံတရားမဲ့စွာ မဖြန့်ဝေဘဲ  အချက်အလက်အမှန်များဖြင့် စနစ်တကျ ခုခံကာကွယ်ခြင်းသည် လူမှုအဖွဲ့အစည်းတည်ငြိမ်အေးချမ်းရေးအတွက်  အလွန်အရေးပါသည်။ အွန်လိုင်းပေါ်တွင် အမုန်းတရားများကို မျိုးစေ့မချဘဲ အမှန်တရားနှင့်အပြုသဘောဆောင်သော ဆွေးနွေးမှုများဘက်မှ   ခိုင်ခိုင်မာမာရပ်တည်ခြင်းဖြင့်သာ စည်းလုံးညီညွတ်သော    နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

စီးပွားရေးအရ အားပေးကူညီခြင်း

ပြည်တွင်းဖြစ်ကို အားပေးပါဟူသော စကားရပ်သည် ကြွေးကြော်သံမျှသာမဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပေးသည့် အလွန်ထိရောက်သော   မျိုးချစ်စိတ်ဓာတ်ပြယုဂ်တစ်ခုဖြစ်သည်။  မိမိနိုင်ငံအတွင်းရှိ  ဒေသတွင်းလုပ်ငန်းငယ်များ(Local Business)ကို အစဉ်တစိုက် ပံ့ပိုးကူညီခြင်းနှင့်    ပြည်တွင်းထုတ်ကုန်များကို ဂုဏ်ယူစွာသုံးစွဲခြင်းသည် နိုင်ငံခြားသုံးငွေစီးဆင်းမှုကိုဟန့်တားပေးရုံသာမက  မိမိနိုင်ငံ၏စီးပွားရေးသံသရာကို  အရှိန်အဟုန်ဖြင့်  လည်ပတ်စေကာ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို ပိုမိုခိုင်မာတောင့်တင်းစေသည်။

ထို့ပြင်  လူငယ်များအနေဖြင့်  စွမ်းဆောင်ရှင်စိတ်ဓာတ်(Entrepreneurship)ကို အရင်းခံကာ မိမိနိုင်ငံ၏သယံဇာတနှင့် အရင်းအမြစ်များကို အခြေခံသည့်လုပ်ငန်းသစ်များ   ဖန်တီးလာခြင်းသည် တိုင်းပြည်အတွက် အလွန်အရေးပါသော အပြောင်းအလဲတစ်ခုဖြစ်သည်။ မိမိတို့ကိုယ်တိုင် လုပ်ငန်းရှင် ရင်းနှီးမြှုပ်နှံသူများဖြစ်လာပြီး အလုပ်အကိုင်အခွင့် အလမ်းသစ်များစွာကို   ဖန်တီးပေးနိုင်ခြင်းဖြင့် အရည်အချင်းရှိသောလူငယ်များ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှုကို   လျှော့ချပေးနိုင်မည်ဖြစ်သည်။   ဤကဲ့သို့  မိမိနိုင်ငံသားများ၏ လုပ်အားနှင့်တီထွင်မှုများကို  အပြန်အလှန်ယုံကြည်အား ပေးခြင်းဖြင့်သာ စီးပွားရေးအရ အမှီအခိုကင်းပြီး   ဝင့်ထည်ခံ့ညားသော  နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။

ခေတ်မီရမည်၊ ကမ္ဘာကိုကြည့်ရမည်၊ သို့သော် မိမိမြေကို    မမေ့ရဟူသော   ခံယူချက်သည် ယနေ့ခေတ်လူငယ်များ ဆုပ်ကိုင်ရမည့်   အခြေခံမူဝါဒပင်ဖြစ်သည်။ လူငယ်တစ်ဦးအနေဖြင့် မိမိ၏အရည်အချင်းကိုမြှင့်တင်ခြင်း၊ ဗဟုသုတရှာမှီးခြင်းနှင့် မိမိကိုယ်ကိုတိုးတက်အောင်  ကြိုးစားနေခြင်းသည် ပုဂ္ဂိုလ်ရေးအောင်မြင်မှုသက်သက်မဟုတ်ဘဲ  နိုင်ငံတော်၏အင်အားကို    တစ်ဖက်တစ်လမ်းမှတစ်တပ်တစ်အား    တည်ဆောက်နေခြင်းဖြစ်ကြောင်း    လေးနက်စွာ နားလည်ထားရန် လိုအပ်သည်။

စစ်မှန်သည့် မျိုးချစ်စိတ်ဆိုသည်မှာ အခြားသူများ သို့မဟုတ် အခြားသောအယူအဆများကို မုန်းတီးတိုက်ခိုက်ခြင်းမဟုတ်ဘဲ မိမိနိုင်ငံသားအချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ စာနာနားလည်မှုနှင့်  မိမိနိုင်ငံကို   ယခင်ထက် ပိုမိုတိုးတက်စေလိုသော စိတ်ဆန္ဒအမှန်သာဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေဖြင့်  မိမိတို့၏ရင်ထဲမှ အားကောင်းသော   မျိုးချစ်စိတ်ဓာတ်ကို   လက်တွေ့ကျသောလုပ်ဆောင်ချက်များဖြင့်ပေါင်းစပ်၍    မြန်မာနိုင်ငံတော်ကြီးကို ကမ္ဘာ့အလယ်တွင် ဝင့်ထည်ပြီး သာယာဝပြောသော   နိုင်ငံအဖြစ်သို့  အတူတကွ တည်ဆောက်ကြပါစို့ဟု ရည်ရွယ်ရေးသားလိုက်ရပါသည်။     ။

 

MWD