သတိပြုဖွယ်ဖြစ်လာသည့် နာနိုပလတ်စတစ်အန္တရာယ်များ
Posted_Date
Image
Body
လက်ရှိ ကမ္ဘာတွင် တဖြည်းဖြည်းစိုးရိမ် စရာဖြစ်လာသော မျက်စိဖြင့်မမြင်နိုင် သည့်အန္တရာယ်တစ်ခုရှိနေသည်။ ယင်းမှာ နာနိုပလတ်စတစ်အန္တရာယ်ဖြစ်သည်။ နာနိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ်အမှုန်အမွှားများ ပျက်စီးယိုယွင်း ရာမှထွက်ပေါ်လာသော အလွန်သေးငယ်သည့် အမှုန်များဖြစ်သည်။ ပလတ်စတစ် အမှိုက်များသည် သဘာဝပတ်ဝန်းကျင် တွင် ဆွေးမြည့်သွားခြင်းမဟုတ်ဘဲ အလွန်သေးငယ်သည့် အမှုန်အမွှားများ အဖြစ် ကွဲထွက်သွားခြင်းကြောင့် နာနို ပလတ်စတစ်အမှုန်များ ဖြစ်ပေါ်လာသည်။ ယင်းတို့၏အရွယ်အစားမှာ လူတို့၏ ဆံခြည်မျှင်ထက် အဆပေါင်းများစွာ သေးငယ်သောကြောင့် အနုကြည့်မှန် ပြောင်းဖြင့်ပင် မြင်နိုင်ရန်ခဲယဉ်းသည်။
လူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာပုံ
ဥပမာ - ပလတ်စတစ်ဘူးထဲမှ ရေနှင့် ပင်လယ်စာ ငါး၊ ပုစွန်တို့မှလည်းကောင်း၊ လေထဲတွင်လွင့်မျောနေသော အမှုန် အမွှားများကို ရှူရှိုက်မိခြင်းကြောင့် လည်းကောင်း၊ အလှကုန်ပစ္စည်းတချို့မှ လည်းကောင်း နာနိုပလတ်စတစ်အမှုန် များ လူ့ခန္ဓာကိုယ်ထဲသို့ ရောက်ရှိနိုင်သည်။ သုတေသနပြုချက်များအရ နာနိုပလတ်စတစ်များသည် အဓိကအား ဖြင့် ရေသန့်ဘူးခွံများ ထုတ်လုပ် ရာတွင် လည်းကောင်း၊ ဘူးအဖုံးဖွင့်သည့်အခါ ပွတ်တိုက်မှုကြောင့်လည်းကောင်း နာနိုပလတ်စတစ်အမှုန် မြောက်မြားစွာ ရေထဲသို့ လွင့်စဉ်၀င်ရောက်သွားတတ်သည်။ ထို့ပြင် မြို့ပြရေဖြန့်ဝေရေးစနစ်တွင် အသုံးပြုထားသော ပလတ်စတစ်ပိုက် များ ဆွေးမြည့်မှုမှတစ်ဆင့် ရေထဲသို့ ရောက်ရှိနိုင်သည်။ မြစ်ချောင်း၊ အင်းအိုင် များအတွင်းသို့ရောက်ရှိနေသော ပလတ် စတစ်အမှိုက်များသည် နေရောင်ခြည်နှင့် အပူဒဏ်ကြောင့် တဖြည်းဖြည်း ကြေမွပျက်စီးရာမှလည်း နာနိုပလတ်စတစ် အမှုန်များဖြစ်ပေါ်လေ့ရှိသည်။
သန့်ရှင်းသော သောက်သုံးရေဟူသည် အနည်အမှုန်ကင်းရှင်းခြင်း၊ အရောင်အဆင်း၊ အနံ့၊ အရသာကင်းရှင်းခြင်း၊ ကျန်းမာရေးကိုထိခိုက်စေသော ပိုးမွှား များနှင့် ဓာတ်သတ္တုများကင်းရှင်းခြင်း စသော အင်္ဂါရပ်များနှင့် ပြည့်စုံရမည် ဖြစ်သည်။ သန့်ရှင်းသောသောက်သုံးရေ သည် ဗက်တီးရီးယားပမာဏကို နည်းပါး စေခြင်း၊ ပိုမိုကောင်းမွန်သည့်အရသာကို ပေးအပ်ခြင်း၊ ရောဂါဖြစ်နိုင်ခြေကိုလျော့ ကျစေခြင်း စသည့် အကျိုးကျေးဇူးများ ကိုရရှိစေသည်။ သို့သော် ယခုအခါ နာနိုပလတ်စတစ် အန္တရာယ်သည် လူသားများ အသက်ရှင်သန်ရန် မရှိမဖြစ်လိုအပ်သော သောက်သုံးရေကိုပင် ခြိမ်းခြောက်နေပြီ ဖြစ်သည်။
နာနိုပလတ်စတစ်အန္တရာယ်များ
နာနိုပလတ်စတစ်အန္တရာယ်က ချက်ချင်းဖြစ်လာသည်ထက် ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းစုပုံလာပြီးမှ ဒုက္ခပေးခြင်း မျိုးကပိုများသည်။
- ရေတိုကျန်းမာရေး အန္တရာယ်အဖြစ် ခန္ဓာကိုယ်က ပြင်ပပစ္စည်းတစ်ခုဝင်လာ သည်ကို တုံ့ပြန်သည့်လက္ခဏာများပြ တတ်သည်။ အစားအစာမှတစ်ဆင့် နာနိုပလတ်စတစ်အမှုန်များ အမြောက်အမြားဝင်သွားလျှင် အစာအိမ်နှင့် အူလမ်း ကြောင်းကို ရောင်ရမ်းမှုဖြစ်စေပြီး ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်းတို့ ဖြစ်စေ နိုင်သည်။ ပလတ်စတစ်တွင် ကပ်ပါလာ သည့် ဓာတုပစ္စည်းများကြောင့် အရေပြား ယားယံခြင်း၊ Allergic Reactions ခေါ် ဓာတ်မတည့်ခြင်းတို့ ဖြစ်စေနိုင်ပြီး တချို့သူများတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ အနည်းငယ် မအီမသာဖြစ်ခြင်းမျိုး ကြုံရနိုင်သည်။ ခန္ဓာကိုယ်၏ ခုခံအားစနစ် က ထိုအမှုန်များကို တိုက်ထုတ်နိုင်ရန် ကြိုးစားသည့်အတွက် ဆဲလ်များတွင် ရောင်ရမ်းမှုဖြစ်ပေါ်စေသည်။
- ရေရှည် ကျန်းမာရေးအန္တရာယ်အဖြစ် လူ့သက်တမ်းကို တိုစေသည်။ နှစ်နှင့်ချီပြီး ခန္ဓာကိုယ်ထဲစုမိလာသည့်အခါ ကိုယ်တွင်းအင်္ဂါများ ပျက်စီးစေသည်။ နာနိုပလတ်စတစ် အမှုန်များက သွေးကြော ထဲမှတစ်ဆင့် အသည်း၊ ကျောက်ကပ်နှင့် အဆုတ်ထဲတွင် အနည်ထိုင်စုပုံလာပြီး ထိုအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင် ချက်ကို တဖြည်းဖြည်းကျဆင်းစေသည်။ ဟော်မုန်း စနစ်ကို ကမောက်ကမဖြစ်စေ သည်။ ပလတ်စတစ်တွင်ပါသည့် BPA ခေါ် ဓာတုပစ္စည်းများက လူ့ခန္ဓာကိုယ်၏ သဘာဝဟော်မုန်းများကို တုပနိုင်သဖြင့် မျိုးပွားစနစ်ကိုထိခိုက်စေကာ ကိုယ် အလေးချိန် ရုတ်တရက်တက်ခြင်းမျိုး ဖြစ်စေနိုင်သည်။ ဦးနှောက်နှင့်အာရုံ ကြောဆိုင်ရာ ပြဿနာများဖြစ်စေသည်။ ပလတ်စတစ် အမှုန်အမွှားလေးများက ဦးနှောက်ထဲအထိ ရောက်သွားနိုင်သည့် အတွက် ရေရှည်တွင် အယ်လ်ဇိုင်းမား သို့မဟုတ် ပါကင်ဆန်ကဲ့သို့ အာရုံကြော ဆိုင်ရာရောဂါများဖြစ်ပွားရန် အခွင့်အလမ်း ပိုများစေသည်။ မျိုးရိုးဗီဇပြောင်းလဲခြင်း (DNA Damage) ဖြစ်စေသည်။ ဆဲလ်များ ထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး DNA ကို ပျက်စီးစေနိုင်သဖြင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကိုအားပေးသည်။ နှလုံးသွေး ကြောဆိုင်ရာရောဂါများ ခံစားရနိုင်သည်။ သွေးကြောနံရံများတွင် ပလတ်စတစ်အမှုန်များစုပုံလာလျှင် သွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာခြင်းတို့ကို ဖြစ်ပေါ်စေသည်။
မကြာသေးခင်က ထွက်ရှိလာသော Columbia University ၏ လေ့လာမှုများအရ -
- သောက်ရေသန့် ၁ လီတာဘူး တစ်ဘူးထဲတွင် ပလတ်စတစ်အမှုန်အမွှား ပေါင်း ၂၄၀၀၀၀ ခန့် ပါဝင်နေသည်ကို တွေ့ရှိခဲ့သည်။ ထိုအမှုန်များ၏ ၉၀ ရာခိုင်နှုန်းသည် နာနိုပလတ်စတစ်အမှုန် များဖြစ်နေပြီး ယခင်က ထင်ထားသည် ထက် အဆ ၁၀၀ မက ပိုများနေကြောင်း သိရသည်။
- နာနိုပလတ်စတစ် အမှုန်များကို ယခင်က အစာအိမ်ထဲတွင်သာ ရှိမည်ဟု ထင်ခဲ့ကြသော်လည်း ယခုနောက်ဆုံး စစ်ဆေးမှုများအရ လူသားများ၏သွေး ထဲတွင် နာနိုပလတ်စတစ်အမှုန်များစီးဆင်း နေသည်ကို အတည်ပြုနိုင်ခဲ့သည်။
- ကိုယ်ဝန်ဆောင်များ၏ အချင်းထဲတွင် နာနိုပလတ်စတစ်အမှုန်အမွှားများကို တွေ့ရှိရသဖြင့် မွေးဖွားလာမည့် ကလေး ငယ်၏ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေသည်။
- နာနိုပလတ်စတစ် အမှုန်များက Blood-Brain Barrier (ဦးနှောက်ဆီ သွေးစီးဆင်းမှုအတားအဆီး)ကို ကျော်ဖြတ်ပြီး ဦးနှောက်ဆဲလ်များအထိ ရောက် ရှိနိုင်ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ် တွေ့ရှိထားသည်။
ကာကွယ်ရမည့်နည်းလမ်းများ
နိုင်လွန်ဖြင့်လုပ်ထားသည့် လက်ဖက် ရည်ခတ်အိတ်လေးများကို ရေနွေးပူထဲ ထည့်လိုက်သည့်အခါ နာနိုပလတ်စတစ် အမှုန်ပေါင်း သန်းနှင့်ချီထွက်လာသည်။ ပလတ်စတစ်စဉ်းတီတုံးပေါ် ဓားဖြင့် လှီးသည့်အခါ နာနိုပလတ်စတစ်အမှုန်များ အစားအစာထဲသို့ သိသိသာသာပါသွား တတ်သည်။ တစ်ခါသုံးစက္ကူခွက်များ၏ အတွင်းပိုင်းတွင် ရေမယိုအောင် ပလတ်စတစ်ဖြင့် အလွှာပါးလေးကပ်ထားရာ ရေနွေးပူလောင်းလိုက်လျှင် နာနိုပလတ် စတစ်အမှုန်များထွက်လာသည်။
ထို့ကြောင့် ကာကွယ်ရမည့်နည်းလမ်း တချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။
- တစ်ခါသုံးပလတ်စတစ်ဘူးဖြင့် ထည့် ထားသည့် ရေ (အရည်) နှင့် အစားအစာ တို့ကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
- ပလတ်စတစ်အစား စတီးဘူး၊ ဖန် ဘူး၊ ရွှံ့ထည် စသည့် သဘာဝပတ်ဝန်းကျင် နှင့် ကိုက်ညီသောပစ္စည်းများကို ပြောင်းလဲ သုံးစွဲပါ။
- ပလတ်စတစ်ဘူးများဖြင့် အစားအစာ နွှေးခြင်းကို လုံးဝရှောင်ကြဉ်ပါ။
- အစားအစာများကို ပလတ်စတစ် ဘူးဖြင့်ထည့်ပြီး အပူမပေးပါနှင့်။
- ပလတ်စတစ် စဉ်းတီတုံးအစား ကျောက်၊ ဝါးနှင့် သစ်သားစဉ်းတီတုံးများကို ပြောင်းလဲသုံးစွဲပါ။
- ပီကေကို မကြာခဏ စားသုံးပါက လူ့ကိုယ်တွင်းသို့ အလွန်သေးငယ်သည့် နာနိုပလတ်တစ်အမှုန်အမွှားများ ရောက်ရှိ သွားနိုင်ကြောင်းနှင့် ပီကေ တစ်ဂရမ်လျှင် ပျမ်းမျှ နာနိုပလတ်စတစ်အမှုန်အမွှား ၁၀၀ အထိ ထုတ်ပေးနိုင်ကြောင်းကို အမေ ရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက တွေ့ရှိထားသည်။ ထို့ကြောင့် နာနိုပလတ်စတစ်အန္တရာယ် ကင်းစေရန် ပီကေဝါးခြင်းကို ရှောင်ကြဉ်
ရမည်ဖြစ်သည်။
- Reverse Osmosis (RO) စနစ်ပါသော ရေစစ်က နာနိုပလတ်စတစ်အမှုန်များကို အတော်အသင့် ဖယ်ရှားပေးနိုင်သည်။
တောင်ကိုရီးယားနိုင်ငံ ဘူဆန်အမျိုး သားတက္ကသိုလ်မှ သုတေသနပညာရှင် များသည် ရေထုအတွင်းပါ၀င်နေသော နာနိုပလတ်စတစ်အမှုန်များကို ၁၀ မိနစ် အတွင်း ၉၅ ရာခိုင်နှုန်းကျော်အထိ ဖယ်ရှား နိုင်သည့် နည်းပညာသစ်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းတချို့တွင် ဖော်ပြထားသည်။ အဆိုပါနည်းပညာသည် ယခင်အသုံးပြုခဲ့ သောနည်းလမ်းများထက် အချိန်ကုန် သက်သာပြီး ကုန်ကျစရိတ်လည်းနည်းပါးသည်။ သောက်သုံးရေသန့်စင်ရေး၊ စွန့်ပစ် ရေဆိုးသန့်စင်ရေးနှင့် မြို့ပြရေပေးဝေရေး စနစ်များတွင် အသုံးပြုနိုင်မည်ဟုဆိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် သန့်ရှင်းသော သောက်သုံးရေကို လူတိုင်းသုံးစွဲနိုင်ရေးသည် ကျန်းမာသောဘ၀တစ်ခု တည် ဆောက်ရာတွင် မရှိမဖြစ်လိုအပ်ချက်ဖြစ် သည်။ နာနိုပလတ်စတစ်အမှုန်ကို ရေထဲ မှ ရာနှုန်းပြည့်ဖယ်ရှားရန် ခက်ခဲသော် လည်း တစ်ခါသုံးပလတ်စတစ်ဘူးများဖြင့် ရေသောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ခြင်း၊ အရည်အသွေးမြင့်ရေစစ်များကို အသုံးပြုခြင်း၊ ရေကိုကျိုချက်သောက်ခြင်း နည်းလမ်းများဖြင့် နာနိုပလတ်စတစ် အန္တရာယ်ကို လျှော့ချနိုင်ကြောင်း သိပ္ပံ ပညာရှင်များက အကြံပြုထားသည်။
သောက်သုံးရေအတွင်း သာမန်မျက်စိ ဖြင့်မမြင်နိုင်သော နာနိုပလတ်စတစ်အမှုန် များပါ၀င်နေမှုသည် ယခုအခါ ကမ္ဘာ တစ်၀န်း၌ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးနှင့် ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ် လာသည်။ ထို့ကြောင့် အများပြည်သူ အနေဖြင့်လည်း နာနိုပလတ်စတစ် အန္တရာယ်ကို အထူးသတိပြုဆင်ခြင်ကြရန် အကြံပြုရေးသားလိုက်ရပါသည်။
MWD
Photo - Izon Science
