ဗီယက်နမ်နိုင်ငံ၌ အောင်မြင်နေသည့် ကော်ဖီ MSME လုပ်ငန်း

Posted_Date

Image

ဗီယက်နမ်နိုင်ငံ၌ အောင်မြင်နေသည့် ကော်ဖီ MSME လုပ်ငန်း

Body

 

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေသည့် နိုင်ငံတစ်ခု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ဆောင်ရွက်နေ သည့် စီးပွားရေးလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖြင့် ဖွဲ့စည်းထားသည်။

၂၀၂၄-၂၀၂၅ သီးနှံစိုက်ပျိုးရေးနှစ်တွင် နိုင်ငံ၏ ကော်ဖီထုတ်ကုန် MSME လုပ်ငန်းများက ပြည်ပ ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံကို ရှာဖွေပေးခဲ့သည်။ နိုင်ငံအတွင်းရှိ MSME လုပ်ငန်း များသည် နိုင်ငံတော်က အားပေးမြှင့်တင်သည့် မူဝါဒများနှင့် အီးကောမက်စ် ခေါ် အီလက်ထရွန်နစ် ကုန်သွယ်ရေးလုပ်ငန်းကို အားပေးမြှင့်တင်ခြင်းကြောင့် ပြည်တွင်းဈေးကွက်များတွင် နေရာရရှိရုံ သာမက နိုင်ငံတကာဈေးကွက်တွင်ပါ အောင်မြင်မှုရရှိလာသည်။

နိုင်ငံအလယ်ပိုင်း ကုန်းမြင့်ဒေသများတွင် ကော်ဖီကို အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နေသည်။

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းသည် အောက်ပါအချက်များကြောင့် အောင်မြင်နေသည်ကို တွေ့ရှိရသည်။

၎င်းဒေသများတွင် ကော်ဖီစိုက်ပျိုးရန် ရာသီဥတုအခြေအနေများ ကောင်းသည့်အပြင် အာဟာရဓာတ်ပြည့်ဝသည့်မြေဆီလွှာနှင့် ခေတ်မီသည့် ဆည်မြောင်းစနစ်များရှိသည်ကိုလည်း တွေ့ရှိ ရသည်။

အောက်ပါအမှတ်တံဆိပ် ကော်ဖီများသည် ပြည်တွင်း MSME လုပ်ငန်းအဖြစ်သာမက ကမ္ဘာ့ ဈေးကွက်တွင်ပါ နေရာရရှိနေသည်။

လာဗီယတ်ကော်ဖီသည် ဒါလတ်ရှိ ဆိုင်တစ်ဆိုင်မှစတင်ကာ MSME လုပ်ငန်းအဖြစ် ဗီယက်နမ် တစ်ဝန်းတွင် ဆိုင်ခွဲ ၁၈ ဆိုင်အထိ တိုးချဲ့ခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလတွင် အမေရိကန်ပြည်ထောင်စု၌ အရောင်းပြခန်းတစ်ခု ဖွင့်လှစ်ခဲ့သည်။ ၎င်းကော်ဖီသည် ရာနှုန်းပြည့် ဗီယက်နမ်ပြည်တွင်းဖြစ် ထုတ်ကုန်များဖြင့် လုပ်ငန်းဆောင်ရွက် အောင်မြင်ခဲ့ပြီး ပြည်တွင်းဈေးကွက်နှင့် ဂျပန်နှင့် အမေရိကန်ရှိ ဈေးကွက်များကို ဝင်ရောက်နေရာယူနေသည်။

ဗီယက်နမ်နိုင်ငံတွင်ရှိသော လာဗီယတ် ကော်ဖီဆိုင်သည် အရသာရှိသည့် ကော်ဖီကို ရောင်းချပေးရုံသာမက စားသုံးသူများနှင့် ဗီယက်နမ်ကော်ဖီယဉ်ကျေးမှု၏ ကြွယ်ဝသည့် ရိုးရာဓလေ့များကြား နက်ရှိုင်းသည့် ဆက်သွယ်မှုကိုလည်း မြှင့်တင်ပေးသည်။

MR. VIET ကော်ဖီသည် ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) မှ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းအဖြစ်သို့ အောင်မြင်စွာ ကူးပြောင်းခဲ့သည့် ထင်ရှားသော ဗီယက်နမ်ကော်ဖီအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကော်ဖီကုန်ကြမ်းပေးသွင်းသည့်လုပ်ငန်းမှ ကုန်ချော ထုတ်လုပ်လာနိုင်သည်အထိ အောင်မြင်မှုများရရှိခဲ့သည်။ အရည်အသွေးမြင့် ကော်ဖီထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် ဒေသခံကော်ဖီစိုက်ပျိုးသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။ ၎င်းကော်ဖီအမှတ်တံဆိပ်အား ယူအေအီး၊ အိန္ဒိယ နှင့် ကမ္ဘာ့နိုင်ငံများသို့တင်ပို့ရောင်းချခဲ့ရာ အောင်မြင်မှုများရရှိနေသည်။

၎င်းကော်ဖီလုပ်ငန်းမှ ကိုကိုးနှင့်လှော်ထားသော ကောက်နှံအရသာများပါဝင်သည့် Good Morning Vietnam ကော်ဖီနှင့် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီထွက်ရှိရာ ဒေသမှရရှိသော ချောကလက်နှင့် ကာရာမဲလ်အရသာရှိသော Ca Phe Da Lat ကော်ဖီ အပါအဝင် အခြားကော်ဖီအမှတ်တံဆိပ်များကို ထုတ်လုပ်နေသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ပြည်ပသို့ ကော်ဖီထုတ်လုပ်တင်ပို့ခြင်းမှ ဝင်ငွေ ကန်ဒေါ်လာ ၁၀ ဘီလီယံရရှိရန် ရည်မှန်းဆောင်ရွက်နေရာ ၎င်းရည်မှန်းချက်အောင်မြင်ရေးအတွက် အီလက်ထရွန်နစ်ကုန်သွယ်ရေးစနစ်နှင့် ဉာဏ်ရည်တုနည်းပညာများအသုံးပြုဆောင်ရွက်နေသည်။ နိုင်ငံအတွင်း ကော်ဖီထုတ်ကုန်ထုတ်လုပ် မှုကုန်ကျစရိတ်နည်းခြင်းနှင့် ကော်ဖီသီးနှံအထွက် နှုန်းကောင်းသောကြောင့် ကော်ဖီထုတ်လုပ်သူများ လုပ်ငန်းအောင်မြင်ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံရှိ ကော်ဖီ MSME လုပ်ငန်းများသည် ပြည်တွင်းတွင်ထုတ်လုပ်ရာ အရည်အသွေး မြင့်မားပြီး ဒေသခံများအတွက် အလုပ်အကိုင်များပေးခြင်းဖြင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများကိုမြှင့်တင်ပေးနေကြောင်း ရေးသားလိုက်ရပါသည်။ ။

ကိုးကား - VIETNAM COFFEE TAKE OVER THE WORLD MARKET

MDN (ကြေးမုံ)