အေအိုင်ရေစာနှင့် အမှန်တရားအတွက် နောက်ဆုံးခံစစ်စည်း

Posted_Date

Image

အေအိုင်ရေစာနှင့် အမှန်တရားအတွက် နောက်ဆုံးခံစစ်စည်း

Body

လတ်တလောကာလမှာ နိုင်ငံအစိုးရတစ်ရပ်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေမှာ မူရင်းမှတ်တမ်းနဲ့ အေအိုင်နည်းပညာနဲ့ အဆင့်မြှင့်တင်ထားတဲ့ မှတ်တမ်းကို ရှင်းလင်းစွာခွဲခြားပြသဖို့ အေအိုင်ရေစာ (AI Watermarking) စနစ်ကို စတင်အသုံးပြုလာကြတာကို တွေ့ရပါတယ်။

မှုန်ဝါးနေတဲ့ မူရင်းမှတ်တမ်းတွေကို အေအိုင်နည်းပညာနဲ့ ပုံရိပ်ကြည်လင်အောင် အဆင့်မြှင့်တင်ထားကြောင်း တိကျစွာ အမှတ်အသားပြုခြင်းဖြင့် ‘အချက်အလက်အမှန်’ နဲ့ ‘ပြုပြင်ထားတဲ့ အချက်အလက်’ ကြားက စည်းကို ရှင်းလင်းစွာသတ်မှတ်ပြနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က အရေးကြီးမေးခွန်းတစ်ခုဖြစ်တဲ့ “အေအိုင်ခေတ်မှာ မြင်တွေ့ရသမျှကို မယုံကြည်ခင် ယင်းရဲ့မူလဇာစ်မြစ်ကို ဘယ်လိုအတည်ပြုအာမခံချက်ပေးမလဲ” ဆိုတာအတွက် အထောက်အကူ ဖြစ်စေပါတယ်။

ဒါပေမဲ့ ဒီနည်းပညာအခြေပြု ပွင့်လင်းမြင်သာမှုကရော ရေရှည်စိတ်ချရမှာလား။ ယနေ့လိုမျိုး အေအိုင်သုံး အတုအယောင်ဖန်တီးမှု တွေ(Deepfake) ပေါများလာတဲ့ခေတ်မှာ နည်းပညာအချင်းချင်း ကျော်လွှားဖို့ ကြိုးပမ်းတဲ့ကိရိယာတွေကြောင့် အေအိုင်ရေစာစနစ်တွေ ဟာလည်း အချို့သောအခြေအနေတွေမှာ ပျက်ပြယ်ခြင်း သို့မဟုတ် ရှောင်ကွင်း ကျော်လွှားခြင်းခံနေရဆဲဖြစ်ပါတယ်။ ရလဒ်ကတော့ နည်းပညာနဲ့ လှည့်စားမှုရဲ့အကြား အားပြိုင်မှုဟာ ‘ကြောင်နဲ့ကြွက်’ ပုံစံအတိုင်း အဆုံးမရှိ ဆက်လက်ဖြစ်ပွားနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာတစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့ခေတ်မှာ တင်းကျပ်တဲ့ဥပဒေတွေမပါဘဲ အသိစိတ်ဓာတ်ကိုအခြေခံတဲ့ ကမ္ဘာလုံးချီအသိပညာပေးမှုနဲ့ အလွှာလိုက်ခံစစ်စနစ်တွေက အမှန်တရားကို ဘယ်လောက်အထိ လက်တွေ့ကျကျ မဟာဗျူဟာမြောက် ကာကွယ် ပေးနိုင်မလဲဆိုတာကို အကျယ်တဝင့် ဆွေးနွေးဖို့လိုအပ်လာပါသည်။

ခေတ်သစ်ဒစ်ဂျစ်တယ် အဆိပ်အတောက်တွေနဲ့ ခံစစ်တံတိုင်း

ယနေ့ခေတ် သတင်းအချက်အလက်ဂေဟစနစ်မှာ မရည်ရွယ်ဘဲ သတင်းမှားခြင်းနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတင်းဖြန့်ခြင်းတို့ဟာ အေအိုင်သုံးအတုအယောင်ဖန်တီးမှု နည်းပညာတွေနဲ့ပေါင်းစပ်ကာ လူ့အဖွဲ့အစည်းရဲ့ယုံကြည်မှုကို အခြေခံမှစပြီး ဖျက်ဆီးနေကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးနယ်ပယ်တွေမှာ အစစ်အမှန်နဲ့ အတုကို ခွဲခြားဖို့မဖြစ်နိုင်လောက်အောင် ခက်ခဲလာခြင်းက လူထုရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ဝေဝါးစေပြီး ဒီမိုကရေစီရဲ့ အခြေခံမူတွေကိုတောင်မှ ခြိမ်းခြောက်လာနေပါတယ်။ ဒီအခြေအနေမှာ နည်းပညာကို ပိတ်ပင်တားဆီးရုံမျှနဲ့ မဖြေရှင်းနိုင်ဘဲ ဒစ်ဂျစ်တယ် စနစ်အတွင်းမှာပဲ ပိုမိုခိုင်မာတဲ့ ကာကွယ်ရေးတံတိုင်းတွေကို စနစ်တကျ တည်ဆောက်ဖို့ လိုအပ်လာကြောင်း ပြသနေပါတယ်။

AI Watermarking - ဒစ်ဂျစ်တယ်သန့်ရှင်းရေး (Digital Hygiene)

အဲဒီအဆိပ်အတောက်တွေကို တိုက်ဖျက်ဖို့ ထွက်ပေါ်လာတဲ့ လက်နက်တစ်ခုကတော့ အေအိုင်ရေစာဆိုတဲ့ ဖိုင်တစ်ခုရဲ့ ဒေတာနောက်ကွယ် (Metadata) ဒါမှမဟုတ် Pixel တွေထဲမှာ အေအိုင်နည်းပညာ အသုံးပြုထားကြောင်းကို မဖျက်နိုင်တဲ့၊ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ လျှို့ဝှက်ကုဒ်သုံး (Cryptographic) အမှတ်အသားအဖြစ် ထည့်သွင်းခြင်းဖြစ်ပါတယ်။

ဒါဟာ သတင်းအချက်အလက် ခိုင်မာမှုနဲ့ ဒစ်ဂျစ်တယ်သန့်ရှင်းရေးအတွက် အောက်ပါအတိုင်း အထောက်အကူပြုပါတယ်-

(က)    ပွင့်လင်းမြင်သာမှု။ ကြည့်ရှုသူ စာဖတ်သူအနေဖြင့် မိမိမြင်တွေ့နေရတဲ့ အကြောင်းအရာဟာ အေအိုင်နဲ့ အစမှအဆုံး ဖန်တီးထားတာလား ဒါမှမဟုတ် မူရင်းကို ပြန်လည်ပြုပြင် ထားတာလားဆိုတာကို ချက်ချင်းခွဲခြားသိရှိနိုင်ပါတယ်။

(ခ)     တာဝန်ယူမှု။ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Google ၊ Microsoft ၊ OpenAI နဲ့ Adobe တို့အနေနဲ့ ယင်း တို့ရဲ့ Tools တွေနဲ့ ဖန်တီးသမျှသော Content တိုင်းကို တာဝန်ယူမှုရှိရှိ အမှတ်အသားပြုဖို့ တွန်းအားပေးနိုင်ပါတယ်။

(ဂ)     ပြုပြင်ပြောင်းလဲမှုဒဏ် ခံနိုင်ရည်။ C2PA လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် အကြောင်းအရာ ဇာစ်မြစ်နဲ့ မှန်ကန်မှုစိစစ်ရေး မဟာမိတ်အဖွဲ့ (Coalition for Content Provenance and Authenticity) ရဲ့ စံနှုန်းတွေအရ ဖိုင်ရဲ့ဇာစ်မြစ်ကို လမ်းခုလတ်မှာ ပျက်ပြယ်အောင် ဒါမှမဟုတ် လိမ်လည် ပြုပြင်လို့မရအောင် ဒစ်ဂျစ်တယ်နည်းအရ ကာကွယ်ပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများရဲ့ လိုအပ်ချက်

အေအိုင်ရေစာစနစ်ဟာ တစ်ကိုယ်တော်ဖြေရှင်းရမယ့် နည်းလမ်းမဟုတ်ဘဲ တစ်ကမ္ဘာလုံးက တညီတညွတ်တည်း လက်ခံကျင့်သုံးရမယ့် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်တစ်ခုဖြစ်လာဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေက စတင်အကောင်အထည်ဖော်နေတဲ့ အေအိုင်ရေစာနဲ့ ဖန်တီးမှုစစ်ဆေးရေး နည်းပညာစနစ်တွေဟာ Facebook YouTube နဲ့ TikTok လိုမျိုး လူမှုမီဒီယာပလက်ဖောင်း အားလုံးမှာ စံနှုန်းတစ်ခုအနေနဲ့ တစ်ပြေးညီ အလုပ်လုပ်နိုင်ဖို့ အရေး ကြီးလှပါတယ်။

ဥပမာအားဖြင့် အမေရိကန်အစိုးရရဲ့ UFO ဖိုင်တွေ ထုတ်ပြန်မှုမှာ ကျင့်သုံးခဲ့တဲ့ သက်သေအဆင့်အတန်းခွဲခြားမှုစနစ် (Evidence Levels) ဟာ စံနမူနာကောင်းတစ်ခုဖြစ်ပါတယ်-

နည်းပညာတစ်ခုတည်းဖြင့် မလုံလောက်သောခေတ်နှင့်

Layer-2 Awareness Model

သတင်းမှားနဲ့ လှည့်စားမှုပြဿနာတွေကို ဖြေရှင်းရာမှာ “နည်းပညာက အားလုံးကို ကုစားပေးလိမ့်မယ်”ဆိုတဲ့ အယူအဆဟာ ယနေ့ခေတ်မှာ မလုံလောက်တော့ပါ။ ရေရှည်တည်တံ့သော သတင်းအချက်အလက်ခိုင်မာမှုဆိုတာ နည်းပညာ၊ အုပ်ချုပ်မှုမူဝါဒနဲ့ လူသား တို့ရဲ့ အပြုအမူဆိုင်ရာ ယဉ်ကျေးမှုတို့ ပေါင်းစပ်မှုရှိမှသာဖြစ်ပေါ်လာ နိုင်ပါတယ်။ ဒီအမြင်အပေါ် အခြေခံပြီး “နည်းပညာတစ်ခုတည်းဖြင့် သတင်းမှားကို မဖြေရှင်းနိုင်ပါ၊ လူ့အပြုအမူကသာ စနစ်ကိုပြည့်စုံစေ ရမယ်” ဆိုတဲ့ သဘောတရားအရ အလွှာနှစ်ခု အသိပညာပေးမိုဒယ် (Layer-2 Awareness Model) ကို နှိုးဆော်ပေးရပါမယ်-

 

(က)    Layer 1 (အသုံးပြုသူအလွှာ)။ သတင်းဖန်တီးသူတွေဘက်က မိမိတို့ရဲ့အကြောင်းအရာမှာ အေအိုင်ပါဝင်မှုကို ရိုးသားစွာချပြခြင်းနဲ့ သုံးစွဲသူတွေဘက်ကလည်း မိမိတို့ မြင်သမျှကို အေအိုင်စစ်ဆေးတဲ့ကိရိယာအသုံးပြုပြီး ကိုယ်တိုင် စိစစ်တတ်တဲ့ ယဉ်ကျေးမှုကိုတည်ဆောက်ခြင်း၊

(ခ)     Layer 2 (နည်းပညာကုမ္ပဏီကြီးများအလွှာ)။ Google ၊ Microsoft ၊ OpenAI ၊ Meta စတဲ့ နည်းပညာကုမ္ပဏီကြီးတွေက အေအိုင်အသုံးပြုထားတဲ့ အထောက်အထားမှန်သမျှ မှာ အလွယ်တကူဖျက်ပစ်လို့မရတဲ့ ကမ္ဘာလုံးဆိုင်ရာ အေအိုင်ရေစာစံနှုန်းတွေကို အလိုအလျောက်ထည့်သွင်းပေးခြင်း။

နည်းပညာဆိုင်ရာ လက်တွေ့ကွာဟချက်

          ကျွန်တော်တို့လက်ခံရမယ့် အရှိတရားတစ်ခုက Google ရဲ့ SynthID လိုမျိုး မျက်စိနဲ့မမြင်နိုင်တဲ့ ရေစာတွေဟာ မည်မျှပင် အားကောင်းစေကာမူ မပြိုလဲနိုင်တဲ့ခံစစ်တော့မဟုတ်ပါ။ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဘောင်ဖြတ်တောက်ခြင်း၊ ပြန်လည်ကုဒ်သွင်းခြင်း ဒါမှမဟုတ် နည်းပညာဆိုင်ရာ တိုက်ခိုက်မှုတွေအောက်မှာ အေအိုင် ရေစာဟာ ပျက်စီးခြင်း သို့မဟုတ် ကျော်လွှားခြင်းခံရနိုင်ပါတယ်။

ဒါကြောင့် အေအိုင်ရေစာဟာ လှည့်စားဖို့ ကြိုးစားမှုကို ကုန်ကျစရိတ် ပိုမိုမြင့်တက်စေတာအမှန်ဖြစ်ပေမယ့်လည်း လိမ်လည်မှုကိုတော့ ရာနှုန်းပြည့်ကင်းစင်သွားအောင် မလုပ်ဆောင်နိုင်ပါ။ ဒီအချက်ကပင် ကျွန်တော်တို့အတွက် ဘက်စုံအလွှာစုံ ခံစစ်စနစ်လိုအပ်ကြောင်း မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။

သားရေကွင်း မိုဒယ် (Rubber Band Model) ဖြင့် အပြုအမူဆိုင်ရာ ဆန်းစစ်ခြင်း

တင်းကျပ်တဲ့ ဥပဒေတွေနဲ့ အတင်းအကျပ်မလုပ်ဘဲ လူထုအသိ စိတ်ဓာတ်နဲ့သွားမယ့် ကမ္ဘာလုံးချီလှုပ်ရှားမှုတွေမှာ လူသားတို့ရဲ့ အပြုအမူဆိုင်ရာ ကျုံ့ဆန့်နိုင်စွမ်းတင်းအား (Behavioral Elasticity) ကို နားလည်ဖို့လိုအပ်ပါတယ်။ စနစ်တကျ ဆွဲထိန်းထားနိုင်မယ့် ဗျူဟာမြောက်စွမ်းအားတွေမရှိခဲ့ရင် လူထုရဲ့တွေးခေါ်မှုနဲ့ အလေ့အထဟာ သားရေကွင်းလိုပဲ မူလအခြေအနေဟောင်း (အချက်အလက်တွေကို အပေါ်ယံကြည့်ပြီး လွယ်လွယ်ကူကူ ယုံကြည်ဆုံးဖြတ်တတ်တဲ့ အလေ့ အထဟောင်း) သို့ ရုတ်ခြည်းပြန်လည်လည်ပတ်သွားတတ်ပါတယ်။

ဒီကမ္ဘာလုံးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းဟာ နည်းပညာတစ်ရပ်တည်း ကြောင့်မဟုတ်ဘဲ နိုင်ငံရေးနဲ့ စစ်ရေးဝါဒဖြန့်မှု၊ အေအိုင်သုံး အတုအယောင်ဖန်တီးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ယုံကြည်မှုပျက်ပြား ခြင်းဆိုင်ရာ အကျပ်အတည်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် “အပြုအမူ ဆိုင်ရာ အလေ့အထဟာ မူလအတိုင်း ပြန်လည်ရုန်းကန်သွားခဲ့ရင် မည်မျှပင် အားကောင်းတဲ့စနစ်ဖြစ်ပါစေ ရှုံးနိမ့်သွားလိမ့်မယ်” ဆိုတဲ့ သဘောတရားကို အခြေခံပြီး လူထုဟာ အပြုအမူဟောင်းတွေဆီသို့ သားရေကွင်းလို ပြန်လည်ရုန်းကန်မသွားစေဖို့အတွက် အောက်ပါဆွဲထိန်းအားတွေကို စနစ်တကျ တည်ဆောက်ရမှာဖြစ်ပါတယ်-

(က)    အသုံးပြုသူတွေဆီက ဆွဲထိန်းအား

          (၁)     ရိုးရှင်းအဆင်ပြေမှု။ ဖိုင်တစ်ခုကို Share လုပ်လိုက်ရုံ နဲ့ အေအိုင်ရေစာအဆင့်ကို တစ်ပါတည်းထောက်လှမ်း ဖော်ပြပေးတဲ့စနစ်မျိုးနဲ့ လူထုရဲ့ ဦးနှောက်အလေ့အထ (Neuro-habit) ကို ဖန်တီးပေးခြင်း၊

          (၂)      ဂုဏ်သိက္ခာရမှတ်စနစ်။ အချက်အလက်အမှန်တွေ ကိုသာ စိစစ်ဝေမျှတဲ့ သုံးစွဲသူတွေကို ပလက်ဖောင်း တွေက ယုံကြည်မှုရမှတ် (Reputation Score) တိုးမြှင့်ပေးတဲ့စနစ်တွေနဲ့ ဆွဲထိန်းခြင်း။

(ခ)     နည်းပညာကုမ္ပဏီကြီးတွေရဲ့ ဆွဲထိန်းအား

          (က)    အန္တရာယ်ကို ကြိုတင်ကာကွယ်ခြင်း။ အစိုးရတွေရဲ့ ပြင်းထန်တဲ့ ဥပဒေကြောင်းအရ ဖိအားတွေမလာမီ မိမိတို့ပလက်ဖောင်းပေါ်ရှိ အမျိုးသားလုံခြုံရေး၊ လူမှု စီးပွားလိမ်လည်မှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ကြံဖန်တီးမှုတွေအပါအဝင် ဘေးထွက်ဆိုးကျိုးကြီးမားတဲ့ အေအိုင်သုံး အတုအယောင်ဖန်တီးမှုအားလုံးကို သဘောဆန္ဒအလျောက် ကြိုတင်ကာကွယ် ထိန်းချုပ်လိုခြင်း၊

          (ခ)     ကော်ပိုရိတ် ဂုဏ်သိက္ခာစီမံခန့်ခွဲမှု။ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွေအရ ကုမ္ပဏီကြီးတွေရဲ့ ၈၂ ရာခိုင် နှုန်းကျော်ဟာ အေအိုင်သုံး အတုအယောင်ဖန်တီး မှုတွေကြောင့် အမှတ်တံဆိပ်နဲ့ လုပ်ငန်းဂုဏ်သိက္ခာ ထိခိုက်မှာစိုးရိမ်ကြပြီး ဒီစနစ်ကို ရေရှည်ခံစစ်အဖြစ် ဆက်လက်ဆွဲကိုင်ထားလိုခြင်း။

ကမ္ဘာလုံးဆိုင်ရာ မူဝါဒရှုခင်းနှင့် စနစ်များ မညီညွတ်သေးခြင်း

အေအိုင်ရေစာဟာ သာမန်နည်းပညာဆိုင်ရာ လုပ်ဆောင်ချက် တစ်ခုမျှမဟုတ်တော့ဘဲ မူဝါဒရေးရာအရ မျှော်လင့်တောင်းဆိုလာတဲ့ အရာဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ဒါနဲ့စပ်လျဉ်းပြီး ကမ္ဘာတစ်ဝန်းမှာ ချဉ်းကပ်ပုံမတူညီကြဘဲ ထင်ရှားတဲ့ မိုဒယ်သုံးခုအောက်မှာ ပုံဖော်လျက်ရှိပါတယ်-

(က)    ဥရောပသမဂ္ဂ (EU AI Act - 2026)။ စည်းမျဉ်းအခြေပြု မိုဒယ် (Regulation-driven model) ဖြစ်ပြီး AI-generated content တွေအတွက် မဖြစ်မနေ ထုတ်ဖော် ပြသဖို့ (Mandatory Disclosure) နဲ့ စက်ကဖတ်နိုင်တဲ့ ဒေတာနောက်ကွယ် (Machine-readable metadata) ပါဝင်ဖို့ တင်းကျပ်စွာ ဥပဒေပြဋ္ဌာန်းထားပါတယ်။

(ခ)     တရုတ်နိုင်ငံ။ ထိန်းချုပ်မှုအခြေပြုမိုဒယ် (Control-driven model) ဖြစ်ပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ရေစာ (Visible Watermarking) ကို မဖြစ်မနေ သုံးစွဲရမှာဖြစ်ကာ အမှတ်အသားမပါတဲ့ AI Content တွေကို တရားမဝင်ဟု သတ်မှတ်ပါတယ်။

(ဂ)     အမေရိကန်နိုင်ငံ။ ဈေးကွက်အခြေပြုမိုဒယ် (Market-driven model) ဖြစ်ပြီး တိကျတဲ့ စံဥပဒေမရှိသေးပေ မယ့်လည်း ကုမ္ပဏီကြီးတွေရဲ့ သဘောဆန္ဒအလျောက် ကတိကဝတ်နဲ့ ဈေးကွက်ဦးဆောင်မှုအပေါ် အဓိကအားကိုးပါတယ်။

အဲဒီလိုမျိုး ကမ္ဘာလုံးဆိုင်ရာ မူဝါဒကွဲပြားခြားနားနေခြင်းဟာ စနစ်တွေ အပြန်အလှန် ချိတ်ဆက်အလုပ်လုပ်နိုင်မှုကို အားနည်းစေတဲ့ အဓိက အတားအဆီးဖြစ်နေပါတယ်။ အနာဂတ် ဒစ်ဂျစ်တယ်သန့်ရှင်းရေးဟာ ဒီမိုဒယ်သုံးခုပေါင်းစပ်ထားတဲ့ Hybrid စနစ်တစ်ခုဆီသို့ ဦးတည်သွားဖွယ်ရှိနေပါတယ်။

မြန်မာနိုင်ငံအတွက် သင်ခန်းစာနှင့် ပကတိအခြေအနေ

ကမ္ဘာတစ်ဝန်းမှာ အေအိုင်ရေစာစနစ်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေကြပေမယ့်လည်း သတင်းအချက်အလက် ပြန်လည်စိစစ်တဲ့ အလေ့အထအားနည်းပြီး ဒစ်ဂျစ်တယ်သိနားလည်မှု မျှတမှု မရှိတဲ့ လူ့အဖွဲ့အစည်းမှာ ရှေ့မှာဖော်ပြခဲ့တဲ့ Rubber Band Model ရဲ့စိန်ခေါ်မှုက ပိုမိုကြီးမားပြီး သတိပြုစရာဖြစ်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိပကတိအခြေအနေမှာ အောက်ပါအတိုင်း ထူးခြားတဲ့ စိန်ခေါ်မှုကြီး သုံးရပ် ရှိနေပါတယ်-

(က)    နည်းပညာနဲ့ အခြေခံအဆောက်အအုံ ကန့်သတ်ချက်။ အင်တာနက်လှိုင်းနှုန်း အားနည်းခြင်းနဲ့ ဒစ်ဂျစ်တယ် အသိပညာနည်းပါးခြင်း၊

(ခ)     ပလက်ဖောင်းများ ကွဲပြားခြားနားမှုနဲ့ စနစ်ရဲ့တွက်ချက်မှု စွမ်းအား စိန်ခေါ်ချက်။ လူမှုကွန်ရက်တွေနဲ့ TikTok ကို အဆမတန် အသုံးများလာတာကြောင့် အေအိုင်သုံး အတုအယောင်ဗီဒီယိုတွေဟာ ပလက်ဖောင်းတစ်ခုမှ တစ်ခုသို့ အပြန်အလှန် လျင်မြန်စွာ ကူးစက်ပျံ့နှံ့လွယ်ကာ လူထုရဲ့ အပေါ်ယံအမြင်နဲ့ ဆုံးဖြတ်တတ်တဲ့ အလေ့အထကို ပိုမိုဆိုးရွားစေခြင်း၊

(ဂ)     သိမြင်မှုဆိုင်ရာ လွဲမှားနိုင်ခြေအန္တရာယ်။ အေအိုင်သုံးအတု အယောင်ဖန်တီးမှုဆိုင်ရာ အသိပညာပေးမှုအားနည်းခြင်းကြောင့် လူထုဟာ ဗီဒီယို သို့မဟုတ် ဓာတ်ပုံတွေမှာ အေအိုင် ရေစာပါဝင်မှုကို မြင်တွေ့ရရင် “ဒါက အတုကြီးပဲ” ဆိုပြီး လွဲမှားစွာ ယတိပြတ်ကောက်ချက်ချတတ်တဲ့ အန္တရာယ်ရှိခြင်း။

ဒါကြောင့် လူထုအတွက် အရေးကြီးဆုံးသော အသိပညာပေးမှု အချိုးအကွေ့က အေအိုင်ရေစာဆိုတာ “လိမ်လည်အတုအယောင်ဖြစ်ခြင်းရဲ့ သက်သေမဟုတ်ဘဲ နည်းပညာကို ရိုးသားစွာအသုံးပြုထားကြောင်း ပြသတဲ့လုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှု သက်သေသာဖြစ်တယ်” ဆိုတဲ့ အချက်ကို အခြေခံမှစပြီး နားလည်သဘောပေါက်စေဖို့ဖြစ်ပါတယ်။

လက်တွေ့ကျတဲ့ချဉ်းကပ်မှုအနေနဲ့ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အတင်းအကျပ်ထိန်းချုပ်ဖို့ ကြိုးပမ်းတာမျိုးထက် လူ့အဖွဲ့အစည်းရဲ့ အသိစိတ်ဓာတ်အခြေပြု ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ဆိုရင် အောက်ပါအတိုင်း အကြံပြုလိုပါတယ်-

(က)    တရားဝင်ထုတ်ပြန်ချက်နဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖိုင်ရဲ့စစ်မှန်မှုနဲ့ မူလအစ ဆင်းသက်ရာလမ်းကြောင်းကို အာမခံနိုင်မယ့် ဒစ်ဂျစ်တယ်ဇာစ်မြစ်စံနှုန်းတွေကို စတင် အသုံးပြုခြင်း၊

(ခ)     လူငယ်တွေအကြားမှာ အေအိုင်စစ်ဆေးတဲ့ကိရိယာတွေကို လွယ်ကူစွာသုံးစွဲတတ်စေဖို့ လေ့ကျင့်ပေးခြင်း၊ မိမိတို့ကိုယ်တိုင် Content ဖန်တီးရာမှာလည်း ‘မူရင်းအတိုင်း’၊ ‘အေအိုင်ဖြင့် အဆင့်မြှင့်ထားသည်’၊ ‘အေအိုင်ဖြင့် ဖန်တီးထားသည်’ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ရိုးသားစွာချပြတတ်တဲ့ အလေ့အထ ယဉ်ကျေးမှုရှိစေဖို့အတွက် ပညာပေးခြင်း။

အနှစ်ချုပ်ရရင် ဥပဒေကြောင်းအရ အတင်းအကျပ်မဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် လုပ်ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုတွေက ဖြစ်နိုင်ခြေရှိပေမယ့်လည်း တစ်စိတ် တစ်ပိုင်းသာ အလုပ်ဖြစ်နိုင်ပါတယ်။ နည်းပညာကိုဖျက်ဆီးမယ့် ကျော်လွှားရေးကိရိယာတွေနဲ့ စနစ်တကျ လုပ်ကြံသတင်းဖြန့်လိုတဲ့ အုပ်စုတွေက အမြဲရှိနေမှာကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့လည်း Rubber Band Model အရ လူထုစိတ်ပညာကို ဆွဲထိန်းထားနိုင်မယ့် ခိုင်မာတဲ့အလေ့အထဖြစ်စေမယ့် စနစ်တွေနဲ့ စိစစ်မှုမက်လုံးတွေကို တည်ဆောက်နိုင်ရင် နည်းပညာကုမ္ပဏီကြီးတွေနဲ့ လူထုရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အေအိုင်ခေတ်ရဲ့ သတင်း အမှောင်ထုကြားမှာ အမှန်တရားကို ကာကွယ်ပေးမယ့် အင်အားအကောင်းဆုံး ကာကွယ်ရေးတံတိုင်း ဖြစ်လာပါလိမ့်မယ်။

နိဂုံးချုပ်အားဖြင့် အမေရိကန်အစိုးရရဲ့ လျှို့ဝှက်မှတ်တမ်းများ သတင်းထုတ်ပြန်မှုဖြစ်စဉ်မှတစ်ဆင့် “အေအိုင်သုံး အတုအယောင် ဖန်တီးမှုတွေ လွှမ်းမိုးလာတဲ့ခေတ်မှာ အမှန်တရားဟာ ယုံကြည်မှု သက်သက် သို့မဟုတ် အစိုးရက ထုတ်ပြန်ရုံမျှဖြင့် မရှင်သန်နိုင်တော့ ပါ”ဆိုတဲ့ တန်ဖိုးရှိလှတဲ့သင်ခန်းစာကို ရယူနိုင်ခဲ့ပါတယ်။ ယင်းအတွက် စနစ် ဗိသုကာ တည်ဆောက်စဉ်ကတည်းက နည်းပညာအရ အတည်ပြုစိစစ်နိုင်စွမ်းရှိရမယ့်အပြင် လူထုရဲ့ နေ့စဉ်အလေ့အထနဲ့ လည်း အစဉ်တစိုက် ထိန်းကျောင်းစောင့်ရှောက်ထားရမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက် ခိုင်မာမှုအတွက် ယုံကြည်မှုသက်သက်ဖြင့် မလုံလောက်ခြင်း၊ နည်းပညာသက်သက်ဖြင့် မပြည့်စုံခြင်း၊ အသိပညာပေးမှုသက်သက်ဖြင့် မခိုင်မာခြင်းဆိုတဲ့ အသိတရားတွေ ကိုနားလည်ပြီး အဲဒီအရာအားလုံး ပေါင်းစပ်ထားတဲ့ ဂေဟစနစ်သစ် တစ်ခုကို တည်ဆောက်နိုင်ခြင်းကသာ ကျွန်တော်တို့ရဲ့အနာဂတ် လူ့အဖွဲ့အစည်းနဲ့ အမှန်တရားကို ကာကွယ်ပေးနိုင်မယ့် နောက်ဆုံး ခံစစ်စည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

MDN (ကြေးမုံ)