အလုံးစုံအာမခံပါ ပါဝင်လာတဲ့ BYD ရဲ့အလိုအလျောက် ပါကင်ထိုးစနစ်
Posted_Date
Image
Body
လျှပ်စစ်စွမ်းအင်သုံးယာဉ် (EV) ဈေးကွက်မှာတော့ တရုတ်နိုင်ငံရဲ့ BYD က မြင့် မားတဲ့စွမ်းဆောင်ရည်နဲ့အတူ အာမခံချက် အရှိဆုံးသော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်လာ နေပါတယ်။ အခုနောက်ဆုံးအနေနဲ့ BYD ကုမ္ပဏီက God's Eye လို့ခေါ်တဲ့ အဆင့်မြင့်ယာဉ်မောင်းထောက် ပံ့ရေးစနစ်ကိုဖန်တီးထားပါတယ်။ ဒီဖန်တီးမှုရဲ့တစ် စိတ်တစ်ပိုင်းအဖြစ် L4-level မောင်းသူမဲ့စနစ်လည်း ပါဝင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ BYD က သူတို့ရဲ့ထုတ်ကုန်ကိုအာမခံတဲ့အနေနဲ့ အလုံးစုံအာ မခံကိုပါ ထည့်သွင်းပေးထားတာပါ။
ဒီစနစ်ထဲမှာ အဆင့်မြင့်မားလှတဲ့ ပါကင်ထိုးစနစ် များပါဝင်ပြီး အရှိန်နှုန်းသုံးမျိုးနဲ့ပါကင်ထိုးတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ထဲမှာ အသုံးပြုသူရဲ့ အတွေ့အကြုံကိုလည်း မြှင့်တင်ထားပါတယ်။ ဒီအတွက်အသုံးပြုထားတဲ့ L4 စနစ်ဆိုတာကတော့ ယာဉ်တစ်စီးအနေနဲ့ ယာဉ်မောင်းသူရဲ့လုပ် ဆောင်ချက်တစ်စုံတစ်ရာ မလိုအပ်ဘဲ ယာဉ်မောင်းနှင်မှုလုပ်ငန်းများအားလုံးကို အလိုအလျောက်လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုတာပါ။ ဒါ့အပြင် ကြိုတင် သတ်မှတ်ချက်ပေးထားပြီးတော့လည်း သူ့ကိုခိုင်းစေနိုင်ပါတယ်။
BYD ကုမ္ပဏီက သူ့ရဲ့ God's EYE စနစ်အပေါ် သိပ်ကိုယုံကြည်ထားတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မကြာသေးမီကထွက်ပေါ်လာတဲ့ အွန်လိုင်းထုတ်ပြန်ချက်တစ်ခုအရ အသုံးပြုသူတွေအနေနဲ့ BYD ရဲ့ God's EYE B နဲ့ C စနစ်တွေကို မကြာခင်မှာ အဆင့်မြှင့်တင်နိုင်တော့မှာ ဖြစ်တယ်လို့ ပြောထားတာတွေ့ရပါတယ်။
BYD က သူတို့ရဲ့ L4 ပါကင်ထိုးစနစ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း ဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ သီးခြားအခြေအနေတွေမှာ ကားအနေနဲ့ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက် လုံးဝမလိုအပ်ပါဘဲ ပါကင်ထိုးခြင်းအလုပ်ကို ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။ တကယ်လို့များ သူတို့စနစ်ကိုအသုံးပြုပြီး ပါကင်ထိုးတဲ့နေရာမှာ မှားယွင်းမှုတစ်ခုခုဖြစ်သွားတယ်ဆိုရင် ယာဉ်မောင်းသူအစား ကားကသာ တာဝန်အပြည့်အဝယူသွားမှာပါလို့ BYD ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြန်ပါတယ်။
အဲဒီလိုမျိုးတာဝန်ယူမှုထဲမှာ God's EYE စနစ်ကို အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြုပြင်မှုကုန်ကျ စရိတ်များအားလုံး၊ တတိယအဖွဲ့ရဲ့ ပျက်စီးမှုအားလုံး၊ လူပုဂ္ဂိုလ်ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လျော်ကြေးငွေအားလုံးကို BYD က ပေးလျော်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စနစ်ရဲ့မှားယွင်း မှုကြောင့် ဒီလိုမျိုးမတော်တဆမှု ဖြစ်လာခဲ့တယ်ဆိုရင်ပေါ့လေ။
အကယ်၍ ဒီလိုမတော်တဆမှုဖြစ်လာခဲ့တယ်ဆိုရင် ယာဉ်မောင်းသူအနေနဲ့ အာမခံကုမ္ပဏီကနေ တစ်ဆင့်လျှောက်ထားစရာမလိုဘဲ BYD ကုမ္ပဏီကို တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီလိုမျိုးဆက်သွယ်လာရင် ဘယ်လိုအာမခံငွေသားကိုမျှ ထိခိုက်မှုမရှိဘဲ သီးခြားအာမခံအနေနဲ့ ပေးလျော်မှု တွေလုပ်သွားမယ်လို့ ပြောပါတယ်။
BYD အနေနဲ့ God's EYE အဆင့်မြင့်ယာဉ်မောင်းသူ အထောက်အပံ့ပေးစနစ်ကို ယခုနှစ်ဖေဖော်ဝါရီလမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ထုတ်လုပ်ထားတဲ့ မော်တော်ကားတွေအားလုံး ဒီစနစ်ကို အသုံးပြုနိုင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
