အမေရိကန်-ဂျပန် ကုန်သွယ်ရေးသဘောတူညီချက် အကောင်အထည် ဖော်ရန် အမိန့်ကြေညာချက်ကို ထရမ့် လက်မှတ်ရေးထိုး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-ဂျပန် ကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အမိန့်ကြေညာချက် အား စက်တင်ဘာ ၄ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။ “သဘောတူညီချက်အရ အမေရိကန်နိုင်ငံသည် မော်တော်ယာဥ်နှင့် မော်တော်ယာဥ်အစိတ်အပိုင်းများအတွက် သီးခြား ကဏ္ဍအလိုက် အရေးယူဆောင်ရွက်မှု၊ အာကာသထုတ်ကုန်များ၊ အထွေထွေဆေးဝါးများနှင့် အမေရိကန်နိုင်ငံတွင် သဘာဝအတိုင်းမရရှိနိုင် သို့မဟုတ် ထုတ်လုပ်၍ မရနိုင်သော သဘာဝသယံဇာတများအပြင် အမေရိကန် နိုင်ငံသို့ ဝင်ရောက်သည့် ဂျပန်သွင်းကုန်အားလုံးနီးပါးအပေါ် အခြေခံ အားဖြင့် ၁၅ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်” ဟု အဆိုပါ အမိန့် တွင် ဖော်ပြထားသည်။
“တစ်ချိန်တည်းမှာပင် ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု၊ အာကာသ၊ စိုက်ပျိုးရေး၊ အစားအစာ၊ စွမ်းအင်၊ မော်တော်ယာဥ်နှင့် စက်မှုကုန်ပစ္စည်း ထုတ်လုပ်သူများအား အဓိကကဏ္ဍများတစ်လျှောက် စျေးကွက်ဝင်ရောက်ခွင့်တွင် အောင်မြင်မှုများ ဖွင့်လှစ်ပေးလိမ့်မည်” ဟုလည်း ယင်းအမိန့်၌ ဆက်လက်ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံသည် တစ်နှစ်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံ တန်ဖိုးရှိ အမေရိကန်ဆန်ဝယ်ယူမှုများနှင့် အမေရိကန် လယ်ယာ ထွက်ကုန် ဝယ်ယူမှုများ ၇၅ ရာခိုင်နှုန်း တိုးမြင့်လာစေရေး အလျင်အမြန် အကောင် အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း အဆိုပါအမိန့်ကြေညာချက်အရ သိရသည်။
ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံမှထုတ်လုပ်ပြီး ဘေးကင်း စိတ်ချ ရကြောင်း အမေရိကန်နိုင်ငံကအသိအမှတ်ပြုထားသည့် ခရီးသည်တင် ယာဉ်များကို ထပ်မံစမ်းသပ်ခြင်းမပြုဘဲ ဂျပန်နိုင်ငံတွင်ရောင်းချရေးကို လက်ခံရန်လည်း ဆောင်ရွက်လျက်ရှိသည်။ ဂျပန်နိုင်ငံက အမေရိကန် နိုင်ငံတွင် ဒေါ်လာ ဘီလီယံ ၅၅၀ ရင်းနှီးမြုပ်နှံရန် သဘောတူထားကြောင်း လည်း အဆိုပါအမိန့်ကြေညာချက်၌တွင် ဖော်ပြထားသည်။ ထရမ့်သည် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကြား မူဘောင်သဘောတူညီချက် တစ်ရပ်ကို ဇူလိုင် ၂၂ ရက်က ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ အပြန်အလှန်နှင့် နှစ်နိုင်ငံ၏အကျိုးစီးပွားအခြေခံမူများကို အခြေခံသော အမေရိကန်-ဂျပန် ကုန်သွယ်မှုဆက်ဆံရေး ခေတ်သစ်အတွက် အုတ်မြစ် ချခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ကိုးကား- Xinhua
