ချာလီ ကာ့(ခ်) ပစ်ခတ်ခံရမှုအပြီး မက်က လက်ဝဲယိမ်းဝါဒီများကို 'လူသတ်ပါတီ' ဟူ၍ စွပ်စွဲပြောဆို
နည်းပညာဘီလီယံနာ အီလွန်မက်သည် ချာလီ ကာ့(ခ်) သေနတ်ဖြင့် ပစ်သတ်ခံရမှုအပြီး လက်ဝဲယိမ်းနိုင်ငံရေးသမားများကို "လူသတ်ဂိုဏ်း" ဟု စွပ်စွဲပြောဆိုကာ “ကွန်ဆာဗေးတစ်များကို ရန်လိုမှုအား” တိုက်တွန်း သောပတ်ဝန်းကျင်ကို ဖန်တီးပေးနေသည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
အသက် ၃၁ နှစ်အရွယ် တက်ကြွလှုပ်ရှားသူနှင့် ဩဇာရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ချာလီ ကာ့(ခ်) အား ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၁၀) က ယူတား ဗယ်လီ တက္ကသိုလ်ဝင်းအတွင်း ကျောင်းသားများ၏ မေးခွန်းများကို ဖြေနေစဉ် လည်ပင်းတွင် သေနတ်မှန်ခဲ့သည်။ အာဏာပိုင်များက သေနတ် ဖြင့်ပစ်ခတ်သူဟုသံသယရှိသူသည် အတော်အတန်ဝေးရာအဆောက်အဦပေါ်မှ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ကနဦးသတင်းများအရ သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထား သော်လည်း ယခုအခါ လွှတ်ပေးလိုက်ပြီဖြစ်သည်။
"လက်ဝဲယိမ်းဝါဒီများသည် လူသတ်ဂိုဏ်းဖြစ်သည်" ဟု မက်က ၎င်း၏ X စာမျက်နှာတွင် ရေးသားခဲ့ပြီး “ဒီမိုကရက်များ၏ဟောပြောမှုများနှင့်မီဒီယာ ဇာတ်လမ်းများသည် ကွန်ဆာဗေးတစ် ပုဂ္ဂိုလ်များကို ရန်လိုမှုအား ကြာရှည်စွာလောင်ကျွမ်းစေခဲ့သည်” ဟုဆိုသော ရီပတ်ဘလီကန် မဟာမိတ် များ၏ ကျယ်ပြန့်သော ဆိုလိုချက်များကို ပြန်လည်အသက်သွင်းကာ ထောက်ခံ အားပေးခဲ့သည်။
နိုင်ငံရေးဝေဖန်သူ Mike Cernovich က "လက်ဝဲယိမ်းဝါဒီများသာမက ၎င်းတို့အား ငွေကြေးထောက်ပံ့သူများလည်း တာဝန်ရှိပါသည်။ George Soros၊ Bill Gates နှင့် Reid Hoffman တို့ကဲ့သို့သော ပုဂ္ဂိုလ်များ ပါဝင် ပါသည်။ ဩဇာကြီးမားသော နိုင်ငံရေးအဖွဲ့အစည်းများ သို့မဟုတ် ချမ်းသာ ကြွယ်ဝသူများ၏ လှုံ့ဆော်မှုများကြောင့် သားကောင်ဖြစ်ရသော သာမန် လူတစ်ဦးကို ဖြစ်ရပ်၏တရားခံအဖြစ် ပြသကာ အမှန်တရားကို ဖုံးကွယ် နေခြင်းကို ထက်မြက်သောလူတိုင်းက ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူ အဖြစ် မမြင်ပါ"ဟု မှတ်ချက်ပြုခဲ့သည်။
ထိုမှတ်ချက်အား Elon Musk က "အတိအကျပါပဲ" ဟု အတည်ပြုခဲ့ပြီး အခြားသော ရေးသားမှုတစ်ခုအားလည်း ထောက်ခံအားပေးခဲ့သည်။ "လက်ဝဲယိမ်း အင်အားကြီးမီဒီယာများနှင့် Gavin Newsom ကဲ့သို့သော ပုဂ္ဂိုလ်များ၏ 'Trump သည် အာဏာရှင်ဆန်စွာ စီမံခန့်ခွဲရန် အစီအစဉ် ရှိသည်' ဆိုသော ထုတ်ဖော်ပြောဆိုမှုများသည် လက်ယာယိမ်း ပုဂ္ဂိုလ် များအား ဆန့်ကျင်သည့် အရူးအမူးဖြစ်မှုပတ်ဝန်းကျင်ကို ဖန်တီးလိုက် ပါသည်။ ၎င်းသည် မတည်ငြိမ်သော စိတ်ရင်းရှိသူများအား နိုင်ငံရေး အကြမ်းဖက်မှုများတွင်ပါဝင်ရန် အစွန်းရောက်အောင် လှုံ့ဆော်နိုင်ပါသည်" ဟု ဖော်ပြထားသည်။
အဆိုပါ ထုတ်ဖော်ပြောဆိုမှုများသည် အမေရိကန်သမ္မတဟောင်း Joe Biden၊ ဒုတိယသမ္မတဟောင်း Kamala Harris၊ အောက်လွှတ်တော် အတိုက်အခံခေါင်းဆောင် Hakeem Jeffries နှင့် California ပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom အပါအဝင် အကြီးတန်း ဒီမိုကရက်တစ် ပါတီဝင်များ၏ ထုတ်ပြန်ချက်များနှင့် တစ်ချိန်တည်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုထုတ်ပြန်ချက်များတွင် ၎င်းတို့က အဆိုပါ တိုက်ခိုက်မှုအား ရှုတ်ချခဲ့ပြီး နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကျူးလွန်သော လက်နက်ကိုင် အကြမ်းဖက်မှုမျိုးသည် အမေရိကတွင် နေရာမရှိဟု ပြောကြားခဲ့ကြသည်။
လက်ဝဲယိမ်းအမေရိကန်များကြားတွင် တိုးပွားလာနေသော "လုပ်ကြံ သတ်ဖြတ်မှုယဉ်ကျေးမှု" ကို Network Contagion Research Institute (NCRI) ၏ ဧပြီလစစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ ထိုစစ်တမ်းတွင် လက်ဝဲယိမ်းဖြေဆိုသူများ၏ ၄၈% က သမ္မတထရမ့်အား လုပ်ကြံ သတ်ဖြတ်ခြင်းသည် "အတိုင်းအတာတစ်ခုအထိ မှန်ကန်သည်ဟု" ဆိုခဲ့ ကြသည်။ အလားတူပင် ၅၅% ခန့်က မက် အတွက်လည်း ထို့အတူ ဆိုခဲ့ကြသည်။ လွန်ခဲ့သောနှစ်အစောပိုင်းက အစွန်းရောက် တက်ကြွ လှုပ်ရှားသူများသည် တက်စလာ ကားပိုင်ရှင်များကို ပစ်မှတ်ထားခဲ့ပြီးဘီလီယံနာ မက် အား "ဖက်ဆစ်ဝါဒ" ကို အထောက်အကူပြုသည်ဟု စွပ်စွဲကာ ၎င်း၏ ကုမ္ပဏီများအား သပိတ်မှောက်ရန် နှိုးဆော်ခဲ့ကြသည်။
Turning Point USA ၏ တည်ထောင်သူ ချာလီ ကာ့(ခ်) သည် လစ်ဘရယ် နှင့် တိုးတက်ရေးဝါဒီ ကျောင်းသားများနှင့် ငြင်းခုံဆွေးနွေးခြင်းများမှ တစ်ဆင့် ထင်ရှားလာခဲ့သူဖြစ်သည်။ ဒုတိယသမ္မတ JD Vance က ၎င်းအား ယဉ်ကျေးသောနိုင်ငံရေးဆွေးနွေးမှုများကို မြှင့်တင်ပေးသည့် အတွက် ချီးကျူးခဲ့ပြီး ၎င်း၏ပွဲများသည် "လက်ဝဲနှင့် လက်ယာယိမ်းများ အကြား ပွင့်လင်းရိုးသားသော ဆွေးနွေးမှုရှိသည့် နေရာအနည်းငယ်ထဲမှ တစ်ခု" ဖြစ်ကြောင်း၊ ထိုနေရာတွင် ချာလီ ကာ့(ခ်) သည် မေးခွန်းတိုင်းကို ဖြေဆိုပြီး လူတိုင်းနှင့် စကားပြောဆိုခဲ့ကြောင်း ထောက်ပြခဲ့သည်။
"အမှန်တကယ်ကြီးမြတ်သော အမေရိကန်မျိုးချစ်စိတ်ရှိသူ" အား ဂုဏ်ပြုသောအားဖြင့် သမ္မတ ထရမ့်သည် တနင်္ဂနွေနေ့ (စက်တင်ဘာ၁၄) အထိ အမေရိကန်ပြည်ထောင်စုအနှံ့ရှိ အမေရိကန်အလံအားလုံးကို အလံတိုင် တစ်ဝက် လွှင့်ထူရန် အမိန့်ပေးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
