ရုရှား၏ အဓိကမဟာမိတ် ဘယ်လာရုစ်နိုင်ငံက မြောက်ကိုရီးယားတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်

News Image

  • ရုရှား၏ အဓိကမဟာမိတ် ဘယ်လာရုစ်နိုင်ငံက မြောက်ကိုရီးယားတွင် သံရုံးဖွင့်လှစ်ရန် စီစဉ်

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်တို့ ပြုံယမ်းမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် သံရုံးဖွင့်လှစ်သွားမည့် အစီအစဉ်ကို ဘယ်လာရုစ်နိုင်ငံက ကြေညာလိုက်သည်။ ခေါင်းဆောင်နှစ်ဦးသည် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများဖြစ်ပေါ်နေသည့် အချိန်အတွင်း ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ "ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်" တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သောကြာနေ့ (မတ် ၂၇) က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မာဆင် ရီဇန်ကော့ဗ်က နှစ်နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ရရှိရေး လုပ်ငန်းစဉ်များကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့ (မတ် ၂၆) က ပြုံယမ်းမြို့၌ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အတွင်း သမ္မတ လူကာရှန်ကိုက ကင်ဂျုံအန်ကို ဘယ်လာရုစ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ခေါင်းဆောင်နှစ်ဦးတို့သည် လက်ဆောင်ပစ္စည်းများလည်း အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ ဘယ်လာရုစ် သမ္မတက ကင်ဂျုံအန်ကို ဘယ်လာရုစ်နိုင်ငံထုတ် AK ပုံစံ တိုက်ခိုက်ရေး ရိုင်ဖယ်တစ်လက် လက်ဆောင်ပေးအပ်ခဲ့ပြီး "ရန်သူတွေ ပေါ်လာခဲ့ရင် သုံးဖို့ပါ" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများက နိုင်ငံတကာဥပဒေများကို ပေါ်ပေါ် ထင်ထင်လျစ်လျူရှုကာ ချိုးဖောက်နေချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း လူကာရှန်ကိုက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "လွတ်လပ်သော နိုင်ငံများ အနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်သည်" ဟု ဆိုသည်။

ဘယ်လာရုစ်သည် ရုရှား၏ အဓိကမဟာမိတ်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံလုံးသည် လုံခြုံရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သည့် "Union State" ဟုခေါ်သော နိုင်ငံရေးနှင့်စီးပွားရေး ပေါင်းစည်းမှုမူဘောင်တွင် ပါဝင်ထားသည်။ အလားတူ ရုရှားနှင့် မြောက် ကိုရီးယားတို့သည်လည်း ၂၀၂၄ ခုနှစ် "ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်" ဖြင့် ချိတ်ဆက်ထားသည်။ အဆိုပါ စာချုပ် တွင် တစ်ဖက်ဖက်က လက်နက်ကိုင်တိုက်ခိုက်ခံရပါက ကျန်တစ်ဖက်မှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စစ်ရေးနှင့် အခြားလိုအပ်သော အကူအညီ များပေးအပ်ရန် အပြန်အလှန်ကာကွယ်ရေးဆိုင်ရာ အပိုဒ်ခွဲတစ်ခု ပါဝင်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ယူကရိန်း၏ အကြီးစားကျူးကျော်ဝင်ရောက်မှုကို တွန်းလှန်ရန်အတွက် မြောက်ကိုရီးယားသည် ရုရှားနိုင်ငံ၊ Kursk ဒေသ သို့ တပ်ဖွဲ့များ စေလွှတ်ပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂