ဗင်နီဇွဲလားနှင့် အီရန်တို့ကို တိုက်ခိုက်ပြီးနောက် ကျူးဘားက နောက်ထပ်ပစ်မှတ်ဖြစ်ဟု ဒေါ်နယ်ထရမ့် သတိပေး
အမေရိကန်က ဗင်နီဇွဲလားနှင့် အီရန်တို့အပေါ် တိုက်ခိုက်မှုများအပြီးတွင် ကျူးဘားနိုင်ငံသည် နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၇ ရက်တွင်သတိပေးစကားပြောသည်။ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့၌ကျင်းပသည့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာညီလာခံတွင် ကျူးဘားသည် နောက်ထပ်ဖြစ်လာမည်ဟု ထရမ့်ကပြောခြင်းဖြစ်ပြီး ယင်းပြောဆိုမှုကို မီဒီယာများအနေဖြင့် လျစ်လျူရှုပေးရန် ထည့်သွင်းပြောထားသည်ကို တွေ့ရသည်။
အမေရိကန်စစ်ဘက်သည် ဇန်နဝါရီလ၃ ရက်တွင် တောင်အမေရိကတိုက်ရှိ ရေနံပေါကြွယ်ဝသည့် ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုးလပ်မာဒူရိုကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အစ္စရေးနှင့်ပူးပေါင်းကာ အီရန်နိုင်ငံအပေါ်အကြီးအကျယ်တိုက်ခိုက်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်သော အမေရိကန်နိုင်ငံ၏ ပိတ်ဆို့မှုများကြောင့် ကျူးဘားသည် ပြင်းထန်သောစီးပွားရေးနှင့် စွမ်းအင်အကျပ်အတည်းများ ရင်ဆိုင်နေရပြီး လောင်စာဆီပြတ်လပ်မှုကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းသို့ ဦးတည်လျက်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ထို့ပြင်ထရမ့်သည် ကျူးဘားနိုင်ငံက မကြာမီ ပြိုလဲတော့မည်ဖြစ်ကြောင်း ယခုလ အစောပိုင်းတွင် သတိပေးခဲ့သော်လည်း ၎င်း၏အစိုးရအဖွဲ့မှာ လက်ရှိတွင် အီရန်နိုင်ငံအရေးကိုသာ အဓိကအာရုံစိုက်နေမည်ဟု ပြောထားကြောင်း သိရသည်။
MWD
