ထိုင်းနိုင်ငံရှိ ရေကြီးသည့်ပြည်နယ် ၁၆ ခုသို့ အရေးပေါ် အကူအညီပေးရန် ဝန်ကြီးချုပ်ပြော
ထိုင်းနိုင်ငံအတွင်းရှိ ရေကြီးမှုဖြစ်ပွားသည့်ပြည်နယ် ၁၆ ခုသို့ အရေးပေါ် အကူအညီများပေးရန် ထိုင်းဝန်ကြီးချုပ် အာနူတင်ချန်ဝီရာကူက အောက်တိုဘာလ ၆ ရက်တွင် ညွှန်ကြားလိုက်သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ် ၁၆ ခုတွင် ရေကြီးမှုများဖြစ်ပွားရာ အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး အိမ်ခြေ၁ သိန်းကျော် ရေဘေးသင့်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတို့တွင် ရေကြီးမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ နိုင်ငံမြောက်ဖျားပိုင်းရှိ ဥတ္တရာဒစ်ပြည်နယ်သည် ရေကြီးမှုအဆိုးဆုံးဖြစ်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်းနှင့် ယင်းပြည်နယ်တွင် သေဆုံးသူ ငါးဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရေများက အလွန်လျင်မြန်စွာ တက်လာခြင်းဖြစ်ကြောင်း၊ အိမ်ခေါင်မိုးပေါ်သို့တက်ပြေးသော်လည်း ခေါင်မိုးပြိုကျကြောင်းနှင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း ဆက်ချိုင်းအမည်ရှိ အသက်ရှင် လွတ်မြောက်လာသူ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုဖြစ်ပွားရာ သေဆုံးသူ ၂၂ ဦး အထိရှိကြောင်း သိရသည်။
MWD
