အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် စစ်ဘက်သုံး ပေါက်ကွဲ စေသော ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ပေါက်ကွဲမှုကြောင့် လူများစွာသေဆုံးကာ အချို့ပျောက်ဆုံးနေ

News Image

  • အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် စစ်ဘက်သုံး ပေါက်ကွဲ စေသော ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ ပေါက်ကွဲမှုကြောင့် လူများစွာသေဆုံးကာ အချို့ပျောက်ဆုံးနေ

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်ရှိ စစ်ဘက်သုံး ပေါက်ကွဲစေ တတ်သောပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီတွင် အောက်တိုဘာ ၁၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူများစွာသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ဒေသ တွင်းမီဒီယာများကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၇:၄၅ နာရီ (၁၂:၄၅ GMT) ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဟမ်းဖရေးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ Chris Davis က အောက်တိုဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “လူတချို့သေဆုံးကြောင်း မိမိတို့ အတည်ပြုနိုင် ပါသည်” ဟု Davis က ဆိုသည်။

အနည်းဆုံးလူ ၁၃ ဦး ပျောက်ဆုံးနေကြောင်း Hickman ခရိုင် မြို့တော်ဝန် Jim Bates က ABC ကို ပြောကြားခဲ့သည်။

အဆိုပါကုမ္ပဏီ Accurate Energetic Systems LLC သည် တင်နက်ဆီ ပြည်နယ် နက်ရှ်ဗီးမြို့ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး စစ်ဘက်သုံး ပေါက်ကွဲစေတတ်သောပစ္စည်းများကို အဓိကထုတ်လုပ်ကြောင်း ဟမ်းဖရေးခရိုင် ရဲတပ်ဖွဲ့ရုံးက CNN ကို ပြောကြားခဲ့သည်။

Hickman ခရိုင် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့မှ David Stewart က ၎င်းတို့အဖွဲ့အနေဖြင့် ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေကို စစ်ဆေး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အောက်တိုဘာ ၁၀ ရက် အစောပိုင်း က CNN ကို သတင်းပေးပို့ခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ဌာနဆိုင်ရာအဖွဲ့အစည်းအများအပြားရောက်ရှိကာ မီးလောင်မှုကို ထိန်းချုပ်ရန်လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်တွင် ဒုတိယအကြိမ်ပေါက်ကွဲမှုများ ရှိလာမည်ကို စိုးရိမ်ရသောကြောင့် အနီး တစ်ဝိုက်နေရာများသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ရုံး မှပြောကြားခဲ့သည်။

အရက်၊ ဆေးရွက်ကြီး၊ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ဌာန၊ အမိမြေလုံခြုံရေးဌာနနှင့် တင်နက်ဆီ စုံစမ်းစစ်ဆေးရေး ဗျူရို တို့လည်း အခင်းဖြစ်ပွားရာနေရာတွင်ရောက်ရှိကာ တုံ့ပြန်ဆောင်ရွက် လျက်ရှိကြောင်း Davis က ပြောကြားခဲ့သည်။

ကိုးကား- Xinhua

Photo Credit to CNN