ကချင်ပြည်နယ်၊ မြစ်ကြီးမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က စာသင်ကျောင်း၌ မိုင်းထောင်၍ လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှု လုပ်ဆောင်

News Image

  • ကချင်ပြည်နယ်၊ မြစ်ကြီးမြို့နယ်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က စာသင်ကျောင်း၌ မိုင်းထောင်၍ လက်ကိုင်ဖုန်းဖြင့် အကြမ်းဖက် ခြိမ်းခြောက်မှု လုပ်ဆောင်

အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်စီးစေရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆက်ကြေးတောင်းခံခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများနှင့် စာသင်ကျောင်း များအား မိုင်းထောင်ဖောက်ခွဲခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးမြို့နယ်၊ ရမ်ပူရပ်ကွက်နေ “ရာပြည့်” ကိုယ်ပိုင်အထက်တန်းကျောင်း၏ ပိုင်ရှင်ဖြစ်သူ ဦးဇေယျာ(၅၁)နှစ်၏ လက်ကိုင်ဖုန်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ဖုန်းအမှတ် ၀၉-၄၀၉၂၃၂၆၈၇ ဖြင့် ကျောင်းအနောက်ဘက် ဝင်ပေါက်ရှိ ဆိုင်းဘုတ်အရှေ့၌ “မိုင်းထောင်ထားပြီး ဖောက်ခွဲပစ်မည်” ဟု ခြိမ်းခြောက်စာပေးပို့ ခြိမ်းခြောက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျောင်းသို့ သွားရောက် စစ်ဆေးခဲ့ရာ ကျောင်းအနောက်ဘက်ဝင်ပေါက်ရှိ ဆိုင်းဘုတ်အနီး၌ ကြွပ်ကြွပ်အိတ်အမဲဖြင့် ထည့်လျက် ချထားသည့် လက်လုပ်ရီမုမိုင်း တစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာသင်ကြားပေးနေသည့် စာသင်ကျောင်း၌ လက်လုပ်မိုင်းထောင်၍ ဖုန်းဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA