မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်း များကို နှိမ်နင်းရေးအတွက် အမေရိကန်က နှိမ်နင်းရေးတပ်ဖွဲ့ ဖွဲ့မည်
အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်း များကို နှိမ်နင်းရန် အထူးတပ်ဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနက နို၀င်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းကျားဖြန့်လုပ်ငန်းများသည် လွန်ခဲ့သော ငါးနှစ်အတွင်းတွင် အမေရိကန် နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံချီ ခိုးယူခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့တွင် တရားရေးဝန်ကြီးဌာန၊ ထောက်လှမ်းရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ FBI တို့က အေးဂျင့်များနှင့် ရှေ့နေများ ပါဝင်မည်ဟုဆိုသည်။
အဆိုပါတပ်ဖွဲ့သည်မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့ကို အထူးအာရုံစိုက် မည်ဖြစ်ပြီး အရှေ့တောင်အာရှရှိ ကျားဖြန့်လုပ်ငန်းများနှင့် ၎င်းတို့၏ ခေါင်းဆောင်များကို စုံစမ်းခြင်း၊ အလျဉ်ပြတ်အောင် လုပ်ဆောင်ခြင်း၊ တရားစွဲခြင်းတို့ လုပ်ဆောင်မည်ဟုဆိုသည်။
အေဂျင်စီများသည် ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရာတွင် ပိတ်ဆို့ မှုများ၊ ဖမ်းဆီးမှုများ၊ ရာဇဝတ်ကြောင်း တရားစွဲဆိုခြင်းများကို ဆောင်ရွက်သွားရန် စီစဉ်ထားသည် ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယင်းသို့ဆောင်ရွက်နေရင်း အခြား တစ်ဖက် တွင်လည်း နစ်နာသူများအတွက် လျော်ကြေးပုံစံအချို့ကို ဆောင်ရွက် ပေးခြင်း၊ လှည့်ဖြားမှုများကို ရှောင်ရှားနည်းများအား ပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဟုဆိုသည်။
၂၀၂၄ခုနှစ်တွင် အမေရိကန်နိုင်ငံသားများသည် အရှေ့တောင်အာရှ အခြေစိုက်ကျားဖြန့်လုပ်ငန်းများထံ အနည်းဆုံးအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဆုံးရှုံးခဲ့သည်ဟု အမေရိကန်အစိုးရက ခန့်မှန်းထားသည်။ လိမ်လည်ခံရသူများထဲက အနည်းငယ်သာ FBIကိုဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ လူအနည်းငယ်သာ မိမိတို့၏ငွေများကို ပြန်လည်ရရှိခဲ့ပြီး အများစုမှာ ၎င်းတို့၏ တစ်ဘဝလုံးစာ စုဆောင်းငွေများကို ဆုံးရှုံးခဲ့ ကြသည် ဟုဆိုပါသည်။
အမေရိကန်နှင့် တရုတ်တရားဥပဒေစိုးမိုးရေး အေဂျင်စီများက ကမ္ဘော ဒီးယား၊ ထိုင်း၊ မြန်မာ၊ အခြားနိုင်ငံများရှိ ကျားဖြန့် ခေါင်းဆောင် အချို့ နှင့် ကျားဖြန့်လုပ်ငန်းများ၌ ၎င်းတို့၏အခန်းကဏ္ဍများကို ပစ်မှတ်ထား နေသည်။ ကျားဖြန့်လုပ်ငန်းများသည် လူကုန်ကူးခံရသူများကို အဓိက အားပြုနေသည်။
"မြန်မာနိုင်ငံထဲကနေ လှုပ်ရှားနေသည့် ရာဇဝတ်လုပ်ငန်းများသည် ကြိုးစားပမ်းစားအလုပ်လုပ်နေသည့် အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာဘီလီယံပေါင်းများစွာကို အွန်လိုင်းလိမ်လည်မှုတွေကတစ်ဆင့် ခိုးယူနေပါသည်"ဟု အမေရိကန်ဘဏ္ဍရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ ဂျွန်ဟာလေက ပြောကြားခဲ့သည်။
ကိုးကား- Eleven Media Group
