၂၀၂၈ ခုနှစ်တွင် စစ်ပွဲဖြစ်ပွားနိုင်ခြေရှိကြောင်း ဂျာမနီ၏ သတိပေးချက်ကို ကရင်မလင်က တုံ့ပြန်
ရုရှားသည် နေတိုးနှင့် ပဋိပက္ခမဖြစ် လိုသော်လည်း စစ်ရေးအရ ခြိမ်းခြောက်မှုများ တိုးပွားလာပါက မိမိတို့၏လုံခြုံရေးအတွက် လိုအပ်သည့် အစီအမံများ ချမှတ်ရနိုင်ကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က ဂျာမနီကာကွယ်ရေးဝန်ကြီး Boris Pistorius က Frankfurter Allgemeine Zeitung သတင်းစာနှင့် အင်တာဗျူးတွင် ၂၀၂၈ ခုနှစ် သို့မဟုတ် လာမည့်နှစ်တွင်ပင် ရုရှားသည် နေတိုး အဖွဲ့ဝင် နိုင်ငံတစ်ခုကို တိုက်ခိုက်နိုင်သည်ဟု ပြောကြားခဲ့ခြင်းအပေါ် ပက်စကော့ဗ် က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ Pistorius သည် ဂျာမနီ၏ စစ်ရေး ပြင်ဆင်မှု နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ပြုပြင်မွမ်းမံရန် အရှိန်မြှင့် လုပ်ဆောင်ရေး အတွက် ဖိအားပေးမှုတစ်ခုအဖြစ် အသုံးချလျက်ရှိသည်ဟု ဆိုသည်။
“အဆိုပါစစ်ရေးဆန်သည့် ပြောဆိုမှုတွေကို ဥရောပမြို့တော်တွေကနေ ပိုပြီးကြားလာရပါသည်” ဟု ပက်စ်ကော့ဗ်က တနင်္လာနေ့ (နိုဝင်ဘာ ၁၇) တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး “ယခုကဲ့သို့ ထုတ်ပြန်ချက် တွေက အခြေအနေကို တိုးတက်ကောင်းမွန်စေမည်မဟုတ်ဘဲ တင်းမာမှု တွေကို ပိုမိုမြင့်တက်စေရုံသာဖြစ်ကြောင်း” အလေးပေး ပြောကြား ခဲ့သည်။
"ရုရှားသည် နေတိုးနှင့် မည်သည့်ထိပ်တိုက်ရင်ဆိုင်မှုကိုမျှ မထောက်ခံပါ ၊ သို့သော် ဖိအားပေးခံရပါက မိမိတို့၏ လုံခြုံရေးနှင့် အကျိုးစီးပွားများကို သေချာစေရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်ရမည်ဖြစ်သည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
Pistorius အပါအဝင် အနောက်တိုင်းအရာရှိများသည် ရုရှား၏ ခြိမ်းခြောက်မှုကြောင့်ဟူသောအချက်ကို ဘရပ်ဆဲလ်၏ ယူရို ၈၀၀ ဘီလီယံ ReArm Europe အစီအစဉ်နှင့် NATO အဖွဲ့ဝင်များ၏ ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၅% အထိ မြှင့်တင်ရန် ကတိပြုချက်ကဲ့သို့သော စစ်ရေးအသုံးစရိတ်များ မြင့်တက်လာခြင်း၏ အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြသည်။ မော်စကိုမှ ထိုသို့သော စွပ်စွဲချက်များကို "အဓိပ္ပာယ် မရှိသော" စကားများအဖြစ် ငြင်းဆိုခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova ကလည်း Pistorius ၏ အင်တာဗျူးကို တုံ့ပြန်ခဲ့ပြီး ဂျာမနီ၏ စစ်ရေး စွမ်းအားတိုးချဲ့ရန် ၎င်း၏တွန်းအားပေးမှုကို ထည့်သွင်းစဉ်းစားလျှင်“ရန်လိုသူမှာ မည်သူဖြစ်သည်ကို သံသယဖြစ်စရာမရှိ” ဟု ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကမူ ယခင်က ဂျာမနီသည် "နာဇီဝါဒ ပြန်လည်ထွန်းကားလာမှု၏ ရှင်းလင်းသော လက္ခဏာများ" ကို ပြသနေသည်ဟု သတိပေးခဲ့သည်။
ရုရှား၏အနောက်ဖက်နယ်နိမိတ်တစ်လျှောက် နေတိုး၏ မြင့်တက်လာ နေသော လှုပ်ရှားမှုများနှင့် ပတ်သက်၍ မော်စကိုမှ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုခဲ့သည်။ နေတိုးသည် အရှေ့ဥရောပတွင် ၎င်း၏ တည်ရှိနေမှုကို တိုးချဲ့ခဲ့ပြီး ၎င်းကိုတားဆီးကာကွယ်ရေးအဖြစ် အကြောင်း ပြကာ မကြာခဏ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ကရင်မလင်က ရုရှား သည် မည်သူ့ကိုမျှ ခြိမ်းခြောက်မှုမရှိသော်လည်း ၎င်း၏ လုံခြုံရေး အတွက် အန္တရာယ်ရှိသည်ဟု မှတ်ယူထားသော လုပ်ဆောင်ချက်များကို လျစ်လျူရှုမည်မဟုတ်ဟု အခိုင်အမာ ပြောဆိုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
