မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ရောင်းချရ

News Image

  • မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ရောင်းချရ

နေပြည်တော်   နိုဝင်ဘာ   ၂၃

     ၂၀၂၅ ခုနှစ် အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ  သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက် ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည်   မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့်     ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ယနေ့ပြပွဲတွင် အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း    ၉၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့်    ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။

ထို့ပြင် ပြပွဲအဋ္ဌမနေ့တွင် ရောင်းချမည့် အုပ်စု(စီ) အတွဲအမှတ်(၂၉၀၁)မှ (၃၆၅၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကကြည့်ရှုစစ်ဆေးကြပြီး   ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများ အတွင်းထည့်သွင်းကြသည်။ အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက် စစ်ဆေးပြီး ရောင်းချရသည့်ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။

ယနေ့ညနေပိုင်းတွင် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ    မဏိရတနာကျောက်စိမ်းခန်းမ၌ ကျောက်စိမ်း အတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို   တာဝန်ရှိသူများအား  မှာကြားသည်၊၊

ပြပွဲတွင် အုပ်စု(အေ၊ ဘီနှင့် စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၅၀၈၅ တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကိုလည်းကောင်း၊ ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ အနက်    ကျောက်စိမ်းအတွဲပေါင်း  ၇၁၆ တွဲကိုလည်းကောင်း၊ ပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၉၀၀ အနက်  ကျောက်စိမ်းအတွဲပေါင်း ၆၄၀ ကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် အုပ်စု(စီ)မှ    ကျောက်စိမ်းအတွဲများကို နိုဝင်ဘာလ ၂၆ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်၊၊

ယင်းအုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့်   မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် ပေးချေဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည်များ အနေဖြင့် မြန်မာကျပ်ငွေဖြင့် ပေးချေဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။  

MWD