ထရမ့်၏ ပြောကြားချက်များကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာ
အရှေ့အလယ်ပိုင်းပဋိပက္ခများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာစေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မှတ်ချက်များအပြီး ယနေ့ (မတ် ၃၀) တွင် ရေနံစျေးနှုန်းများမြင့်တက်ခဲ့ရာ Brent ရေနံစိမ်းစျေးမှာ တစ်စည်လျှင် ၁၁၆ ဒေါ်လာ ကျော်အထိ ရောက်ရှိသွားခဲ့သည်။ ကမ္ဘာ့ရေနံစျေးနှုန်း သတ်မှတ်ချက်ဖြစ်သော Brent crude သည် ၃.၅ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၁၆.၅ ဒေါ်လာ ဖြစ်လာပြီး အမေရိကန် ရေနံစျေးနှုန်းသတ်မှတ်ချက်ဖြစ်သော WTI မှာ ၂ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၀၁.၇ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။
တနင်္ဂနွေနေ့ (မတ် ၂၉) က ထုတ်ဝေခဲ့သည့် Financial Times နှင့် အင်တာဗျူးတွင် ထရမ့်က ၎င်းအနေဖြင့် အီရန်ရှိရေနံများကို ရယူလိုကြောင်းနှင့် အီရန်နိုင်ငံ ရေနံတင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်နေသည့် Kharg ကျွန်းကို သိမ်းပိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား ဖမ်းဆီးပြီးနောက် အမေရိကန်က ဗင်နီဇွဲလားရေနံလုပ်ငန်းကို အကန့်အသတ်မရှိထိန်းချုပ်ရန် ရည်ရွယ်ထားသည့် စစ်ဆင်ရေးများနှင့် အဆိုပါအခြေအနေကို နှိုင်းယှဉ်ပြောဆိုခဲ့ကြောင်း FT သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်-အစ္စရေးတို့ အီရန်အပေါ် စစ်ကြေညာခဲ့ပြီးနောက် မတ်လအတွင်း ရေနံစိမ်းစျေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့ (မတ် ၂၇) က Brent ရေနံစျေးမှာ ၁၁၂.၅၇ ဒေါ်လာတွင် ရှိနေခဲ့ပြီး ၎င်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး စျေးနှုန်းဖြစ်သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့ က အီရန်ကို စတင်တိုက်ခိုက်ခဲ့စဉ်က Brent ရေနံစျေးမှာ ၇၃ ဒေါ်လာ ဝန်းကျင်တွင်သာ ရှိခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အီရန်က ကမ္ဘာ့ ရေနံ တင်ပို့မှု ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့သည်။
"ပဋိပက္ခပြီးဆုံးမည့် အရိပ်အယောင်မတွေ့ရသေးသလို သတင်းခေါင်းကြီးပိုင်း အမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အခြေအနေတွေ ပိုမိုဆိုးရွား လာမှာကို စိုးရိမ်နေကြဆဲဖြစ်ပါတယ်" ဟု Deutsche Bank မှ ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေး သုတေသနအကြီးအကဲ ဂျင်မ်ရိဒ်က မှတ်ချက်ပြု ရေးသားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
