နိုင်ဂျီးရီးယား ကက်သလစ်ကျောင်းမှ ပြန်ပေးဆွဲခံရသူများတွင် ကလေး ၅၀ ခန့် ထွက်ပြေးလွတ်မြောက်လာ

News Image

  • နိုင်ဂျီးရီးယား ကက်သလစ်ကျောင်းမှ ပြန်ပေးဆွဲခံရသူများတွင် ကလေး ၅၀ ခန့် ထွက်ပြေးလွတ်မြောက်လာ

နိုင်ဂျီးရီးယားတွင် သေနတ်သမားများ ပြန်ပေးဆွဲဖမ်းဆီးသွားသော ကက်သလစ်စာသင်ကျောင်းမှ ကလေးအယောက် ၃၀၀ ကျော်တွင် ၅၀ ခန့်သည် ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ခရစ်ယာန် အဖွဲ့ တစ်ဖွဲ့ က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ဂျီးရီးယား နိုင်ငံ အနောက်ပိုင်း နိုင်ဂျာပြည်နယ်ရှိ စိန့်မယ်ရီပူးတွဲပညာရေး ကျောင်းတစ်ကျောင်း ကို နိုဝင်ဘာ ၂၁ ရက်အစောပိုင်းက သေနတ်သမားများ ဝင်ရောက် စီးနင်းခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၃၀၃ ဦးနှင့် ဆရာ၊ ဆရာမ ၁၂ ဦး ကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့သည်။

အိမ်နီးချင်းကက်ဘ်ဘီပြည်နယ်ရှိ အလယ်တန်းကျောင်းတွင် နိုဝင်ဘာ ၁၇ ရက်က သေနတ်သမားများ ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေး ၂၅ ဦး ကို ပြန်ပေးဆွဲခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ "မိမိတို့ ရရှိထားသည့် သတင်းကောင်းတစ်ခုကတော့ ကျောင်းသား ၅၀ လောက် ထွက်ပြေးလာပြီး မိဘများနှင့် ပြန်ဆုံစည်းသွားပြီဆိုသည့်သတင်းပါ"ဟု နိုင်ဂျီးရီးယားခရစ်ယာန်အသင်းအဖွဲ့က ထုတ်ပြန်ခဲ့ကာ ၎င်းတို့သည် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်ကြား ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စိန့်မယ်ရီကျောင်းမှ ပြန်ပေးဆွဲခံရသော အသက် ၈ နှစ်မှ ၁၈ နှစ်အရွယ် ကြားရှိ ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းရှိ ကျောင်းသား အရေအတွက် စုစုပေါင်း ၆၂၉ ဦးမှ ထက်ဝက်ခန့်ဖြစ်သည်။ ယခုအချိန်တွင် မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၅၁ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးနှင့် ဆရာ၊ ဆရာမ ၁၂ ဦးတို့ ဖမ်းဆီး ခံထားရဆဲဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နိုင်ဂျီးရီးယားအစိုးရကမူ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ ပြန်ပေးဆွဲခံရသည့် အရေအတွက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိပေ။

"ကလေး ၅၀ လောက် ထွက်ပြေးလွတ်မြောက်လာကြောင်း ကြားသိရသည့် အတွက် စိတ်သက်သာရာ ရခဲ့ပါသည်။ ကျန်နေသည့်ကလေးများနှင့် ဆရာ၊ ဆရာမများကို ကယ်တင်ရန်နှင့် ဘေးကင်းစွာ ပြန်လာနိုင်ရန်ဆုတောင်းပေးကြရန် အားလုံးကို တိုက်တွန်းလိုက်ပါသည်"ဟု CAN ဥက္ကဋ္ဌဖြစ်သည့်အပြင် ကျောင်းပိုင်ရှင်လည်း ဖြစ်သည့် ဘူလက်စ်ဒါဝါယိုဟန်နာ က ပြောကြားခဲ့သည်။

အာဖရိက၏ လူဦးရေအထူထပ်ဆုံး နိုင်ဂျီးရီးယားတွင် လုံခြုံရေး စိုးရိမ်မှု များကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအများအပြား ပိတ်ခဲ့ကြသည်။ နိုင်ဂျီးရီးယားတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ချီဘော့မြို့ရှိ ကျောင်းသူ ၃၀၀ နီးပါး ပြန်ပေးဆွဲခံခဲ့ရပြီးနောက်ပိုင်း နိုင်ဂျီးရီးယားတွင် လူအုပ်စုလိုက် ပြန်ပေးဆွဲခံရမှုများ ဆက်တိုက်ဆိုသကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။ သေနတ်သမားများသည် လုံခြုံရေးအားနည်းသည့် ဝေးလံခေါင်သီသော နေရာများမှ ဘော်ဒါကျောင်းများကို ပစ်မှတ်ထားလေ့ရှိသည်။ ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ပြန်ပေးဆွဲထားသူများကို ပြန်လွှတ် ပေးလေ့ရှိသည်။

ကိုးကား- Eleven Media Group