အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ရပ်တန့်စေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ရုံးဌာနအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင် လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီ ၂၀ မိနစ်တွင် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွား ကားလမ်းပေါ်၌ ဆောက်လုပ်ထားသော တံတားအမှတ်(၁/၁၁)၊ အလျား ၅၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ သံကူကွန်ကရစ် အမျိုးအစား ရင်းအုံတံတားအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် တံတားသစ်သားအခင်းနှင့် ကွန်ကရစ်ရက်မများ အားလုံးပြိုကျပျက်စီးခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်ကလည်း ၎င်းတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ အများပြည်သူသွားလာရေး အခက်အခဲများဖြစ်ပေါ်ခဲ့၍ ဒေသခံ ပြည်သူများမှ ဆက်သွယ်မှုသွားလာလွယ်ကူစေရေးအတွက် ပြန်လည်ပြင်ဆင်ထားရှိသည့် တံတားအား ယခုအခါထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်မြေဒေသတည်ငြိမ်းအေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
