(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာအားကစားအဖွဲ့များကို အလှူငွေ ပေးအပ်လှူဒါန်း
ရန်ကုန် ဒီဇင်ဘာ ၅
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့်အတူ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု များရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်နေသည့် အားကစားအဖွဲ့များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အားကစားကွင်းအတွင်းရှိ ဝူရှူးလေ့ကျင့်ရေးရုံ၌ လေ့ကျင့်လျက်ရှိသည့် ကျော်ဇေဝင်း+ ဇော်ထွန်းနိုင် (သွေ့လျန့်) (လက်နက်)၊ ခိုင်စန္ဒာစိုး+သူ့ပန်ထွာ(သွေ့လျန့်)(လက်နက်မဲ့)၊ တင်ထူးဝေ+ ရဲရင့်ထွန်း (သွေ့လျန့်)(လက်နက်မဲ့)၊ မျိုးထွယ်ရန်(ချန်းချွမ်)၊ မြတ်နိုးအိမ်(တိုက်ချွိကျန့်)၊ စွမ်းရည်ထက်နိုင် (တိုက်ချွိကျန့်)တို့၏ ပြိုင်ပွဲဝင်ပုံစံ လေ့ကျင့်ကစားမှုတို့ကိုလည်းကောင်း၊ မျိုးမင်းထက် (၇၀)ကီလိုနှင့် သီဟဇော် (၆၅)ကီလို (ဆန်းဆို) ကစားနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်/နည်းပြများနှင့် ကစားသမားများကို ဂုဏ်ပြုဆုငွေများချီးမြှင့်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် အုပ်ချုပ်/နည်းပြများ၏ ညွှန်ကြားပြသမှုများအတိုင်း လိုက်နာကြစေလိုကြောင်း၊ ရွှေတံဆိပ်များ ဆွတ်ခူးရယူပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ခြင်းလုံးအားကစားရုံ၌ (အမျိုးသား/ အမျိုးသမီး) Event-3 ပြိုင်ပွဲခတ်ကစားနည်းများ၏ လေ့ကျင့်နေမှုများကိုကြည့်ရှုစစ်ဆေးပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမိမြန်မာနိုင်ငံတော်အတွက် ပထမဦးဆုံး ရွှေတံဆိပ်ကိုရယူပြီး အမိမြန်မာနိုင်ငံတော်၏အလံကို တိုင်ထိပ်အရောက် လွှင့်ထူနိုင်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး အားကစားသမားများကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပန်ကြပ်ဆီလပ်အားကစားရုံ၌ အလှပြအားကစားနည်းမှ နေဝင်းဆန်း (TUNGGAL Male)၊ လှိုင်ဖူးဝေ(TUNGGALFemale)၊ နေဝင်းဆန်း၊ ဖြိုးငွေစိုး၊ မျိုးထက်ဇော်(အသင်းလိုက်) အလှပြသကစားခြင်းနှင့် အတိုက်အားကစားနည်းမှ ရဲနိုင်ဦး(၅၅-၆၀)Kg ၊ အောင်ခန့်ဇော် (၆၀-၆၅)Kg ၊ ကျော်နိုင်ထွန်း (၆၅-၇၀)Kg ၊ ရှင်းထက်အောင်(၇၅-၈၀)Kg ၊ ဝေသူလွင်(၈၅-၉၀)Kg ၊ သင်းတေဇ(၅၅-၆၀)Kg တို့၏ ပြိုင်ပွဲဝင်ကစားနည်းများကို လေ့ကျင့်ပြသ ကစားနေမှုကိုကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများကို လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)စားရိပ်သာ၌ ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နေ့လယ်စာအတူတကွ စားသုံးသည်။
ယင်းနောက် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲစေရေး ဦးတည်လျက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝူရှူး၊ လှေလှော်၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးအဖွဲ့ချုပ်များသို့ အလှူငွေပေးအပ် လှူဒါန်းပွဲကို မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်း ပြည်ထောင်စုခန်းမ၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia က အလှူငွေ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် လေးဖွဲ့ကို အလှူငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦးတို့က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး မြန်မာ့လက်ရွေးစင် ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင် ဝူရှူးအားကစားသမားများက သရုပ်ပြသခဲ့ကြောင်း သိရသည်။
MWD
