ထိုင်း- မြန်မာ- တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး မြဝတီဒေသမှ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁၁၇၈ ဦးအား ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသံသယရှိသူများကို အစွမ်းကုန် လိုက်လံ ဖမ်းဆီးမည်ဟု တရုတ်နိုင်ငံပြောကြား

News Image

  • ထိုင်း- မြန်မာ- တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး မြဝတီဒေသမှ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁၁၇၈ ဦးအား ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသံသယရှိသူများကို အစွမ်းကုန် လိုက်လံ ဖမ်းဆီးမည်ဟု တရုတ်နိုင်ငံပြောကြား

ထိုင်း- မြန်မာ- တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး မြဝတီဒေသမှ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁၁၇၈ ဦးအား ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသံသယရှိသူများကို အစွမ်းကုန် လိုက်လံ ဖမ်းဆီး မည်ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူ က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုရက်ပိုင်းများတွင် မြန်မာနိုင်ငံ မြဝတီဒေသရှိ တရုတ်နိုင်ငံသား ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၁၁၇၈ ဦးအား တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံ သို့ ပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁ ရက်မှစ၍ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် ကျန်းရှီး ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ ကို ထိုင်းနိုင်ငံ မဲဆောက်သို့ စေလွှတ်ပြီး လေယာဉ်စင်းလုံးဖြင့် ပြန်လည် ထိန်းသိမ်းခေါ်ဆောင်ရေးမစ်ရှင်ထမ်းဆောင်စေခဲ့ရာ ထိုင်းနိုင်ငံ၏ ပူးပေါင်း ကူညီမှုဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခဲ့သည့် ဆက်သွယ်ရေးလိမ်လည်မှု ကျူးလွန်သော သံသယရှိသူ တရုတ် နိုင်ငံသား ၁,၁၇၈ ဦးကို အသုတ်ခွဲ၍ တရုတ်နိုင်ငံသို့ ပြန်လည် ထိန်းသိမ်း ခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ရဲတပ်ဖွဲ့က ထပ်မံ၍ အတူ ပူးတွဲ လှုပ်ရှားမှု များ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘက်က လိမ်လည်မှုဥယျာဉ်ဇုန်များကို အသုတ်လိုက်ရှင်းလင်းခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှုနှင့် သက်ဆိုင်သူ အချို့ကို ဖမ်းဆီးရရှိခဲ့ပြီး ယခုအကြိမ်လှုပ်ရှားမှုမှာ ဆက်သွယ်ရေး အွန်လိုင်း လိမ်လည်မှု တိုက်ဖျက်ရေး ခြောက်နိုင်ငံ ဝန်ကြီး အဆင့် အစည်းအဝေး စိတ်ဓာတ်ကို လက်တွေ့ဖော်ဆောင်ခြင်း၏ နောက်ထပ် အရေးကြီးသော အောင်မြင်မှုရလဒ်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြ ထားသည်။

ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ မြန်မာနိုင်ငံ မြဝတီဒေသရှိ ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည့်သံသယရှိသူများကို ပြန်လည် ထိန်းသိမ်း ပို့ဆောင်သည့် လုပ်ငန်းများအား တရုတ်-မြန်မာ-ထိုင်းက ပူးတွဲ ဆောင်ရွက် ခဲ့ရာတွင် တရုတ်နိုင်ငံသား ဆက်သွယ်ရေး လိမ်လည်မှု ကျူးလွန်သည့် သံသယရှိသူ ၆၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည် ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ပြည်ပဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်ဂိုဏ်း များအပေါ် အားကောင်းသည့် အဟန့်အတားဖြစ်စေခဲ့ကြောင်း သတင်း တွင် ဆက်လက်ရေးသားထားသည်။

နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများကို ပစ်မှတ် ထားသည့် နိုင်ငံစုံ ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှုများအား ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်မည်ဖြစ်သကဲ့သို့ ပြစ်မှု ကျူးလွန်သည့် စခန်းများကို ပြတ်ပြတ်သားသား ရှင်းလင်းသွားမည် ဖြစ်ကြောင်း၊ ပြစ်မှုသံသယရှိသူများကို အစွမ်းကုန် လိုက်လံ ဖမ်းဆီး သွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံတို့သည် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့ပြီး ဆောင်ရွက် လုပ်ကိုင်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကိုးကား- Eleven Media Group