ဆီးဂိမ်းပိုက်ကျော်ခြင်း အမျိုးသားသုံးယောက်တွဲ (အသင်းလိုက်)ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းက စင်ကာပူအသင်းကို အနိုင်ရရှိ

News Image

  • ဆီးဂိမ်းပိုက်ကျော်ခြင်း အမျိုးသားသုံးယောက်တွဲ (အသင်းလိုက်)ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြန်မာအသင်းက စင်ကာပူအသင်းကို အနိုင်ရရှိ

ရန်ကုန်   ဒီဇင်ဘာ    ၁၂

     ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေသည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)   ပိုက်ကျော်ခြင်း အမျိုးသားသုံးယောက်တွဲ(အသင်းလိုက်) ပြိုင်ပွဲတွင် မြန်မာအသင်း နှင့် စင်ကာပူအသင်းတို့ အုပ်စုပွဲစဉ်အဖြစ်  ဒီဇင်ဘာလ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက စင်ကာပူအသင်း ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲ  ပထမ ပွဲစဉ်တွင် မြန်မာအသင်းမှ သန့်ဇင်ထွန်း (ခေါ်) ဓာတ်လုံး၊ ရှိန်းဝဏ္ဏဇော်(ခေါ်) ရှိန်း လေးနှင့် ကျော်မင်းသူတို့ ပါဝင်ကစားခဲ့ ကြပြီး မြန်မာအသင်းက ရမှတ်(၁၅-၇)၊ (၁၅-၁၀)ဖြင့် စင်ကာပူအသင်းကို ပထမ ပွဲစဉ်တွင် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့သည်။

ထို့ပြင်   ဒုတိယပွဲစဉ်တွင်   မြန်မာ အသင်းမှ ထူးအောင်ကျော်(ခေါ်) သားထူး၊ အောင်အောင်(ခေါ်)အောင်ကြီး၊ ရဲထက် နှင့် ဇော်မင်းခန့် (ခေါ်) အာကြီးတို့ပါဝင် ကစားခဲ့ကြပြီး မြန်မာအသင်းက ရမှတ် (၁၅-၆)၊ (၁၅-၁၂) ဖြင့် စင်ကာပူအသင်းကို နှစ်ပွဲပြတ်ထပ်မံ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ တတိယပွဲစဉ်တွင် မြန်မာ အသင်းမှ မင်းသန့်သူ၊ နိုဝင်ဘာကိုကို (ခေါ်)  ဖိုးသဲ၊ အောင်မျိုးကျော်  (ခေါ်)မျိုးလေး၊ ရန်ပိုင်ဦး (ခေါ်) ကျောင်းတိုက်နှင့်   ဇင်မင်းဦး  (ခေါ်) အာဒစ်တို့ပါဝင်ခဲ့ကာ မြန်မာအသင်းက ရမှတ် (၁၆-၁၇)၊ (၁၅-၇)၊ (၁၅-၁၂)ဖြင့် အနိုင်ရရှိသဖြင့် စုစုပေါင်းပွဲစဉ်သုံးပွဲ ယှဉ်ပြိုင်ကစားကြရာတွင် မြန်မာအမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းအသင်းက  စင်ကာပူ အမျိုးသား သုံးယောက်တွဲ ပိုက်ကျော်ခြင်းအသင်းကို   ပွဲစဉ်သုံးပွဲစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။       

MWD