နေရောင်ခြည်သုံးပြီး ဟိုက်ဒရိုဂျင်ထုတ်ယူနိုင်သည့် အရည်အခြေပြု စွမ်းအင်စနစ်အသစ်
ဆွီဒင်နိုင်ငံနဲ့ တရုတ်နိုင်ငံက သုတေသီတွေပူးပေါင်းပြီး နေရောင်ခြည်စွမ်းအင်ကို အရည်တစ်မျိုးထဲမှာ သိုလှောင်ထားပြီး လိုအပ်တဲ့အချိန်မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ နည်းပညာအသစ်ကို တီထွင်လိုက်ပါတယ်။ ဒီစနစ်ကို Molecular Solar Thermal Energy Storage လို့ ခေါ်ပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့မိတဲ့အခါ ဒီအရည်ထဲက မော်လီကျူးတွေဟာ ပုံစံပြောင်းသွားပြီး စွမ်းအင်ကို နှစ်ပေါင်းများစွာကြာသည်အထိ သိမ်းဆည်းထားနိုင်ပါတယ်။
ဒီနည်းပညာရဲ့ထူးခြားချက်က သိုလှောင်ထားတဲ့ အဲဒီအရည်ကို လိုအပ်တဲ့အချိန်မှာ ဓာတ်ကူပစ္စည်းတစ်ခုနဲ့ ထိတွေ့လိုက်တာနဲ့ အပူစွမ်းအင်ထွက်လာရုံတင်မကဘဲ ဟိုက်ဒရိုဂျင်ကိုပါ ထုတ်ယူနိုင်တာပါ။ ဟိုက်ဒရိုဂျင်ဟာ အနာဂတ်အတွက် အသန့်ရှင်းဆုံးလောင်စာဖြစ်ပြီး ကားတွေ၊ စက်ရုံတွေမှာ သုံးနိုင်ပါတယ်။
ပုံမှန်နည်းလမ်းတွေနဲ့ ဟိုက်ဒရိုဂျင်ထုတ်ရင် ကုန်ကျစရိတ်များပေမယ့် ဒီနည်းပညာကတော့ နေရောင်ခြည်ကို တိုက်ရိုက် အသုံးချတာဖြစ်လို့ ပိုပြီးသဘာဝကျတဲ့အပြင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ့် မျှော်လင့်ချက်ကို ဖြစ်ပေါ်စေပါတယ်။
Ref: IE
ကိုထက်
MWD
