Grok AI ကို အသုံးပြု၍ တရားမဝင်အကြောင်းအရာများ ဖန်တီးပါက ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမည်ဟု Elon Musk သတိပေး

News Image

  • Grok AI ကို အသုံးပြု၍ တရားမဝင်အကြောင်းအရာများ ဖန်တီးပါက ဥပဒေကြောင်းအရ ပြင်းထန်စွာ အရေးယူမည်ဟု Elon Musk သတိပေး

X အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ Grok AI ကို အသုံးပြု၍ တရား မဝင်သောအကြောင်းအရာများဖန်တီးပါက ထိုအကြောင်းအရာကို မိမိ ကိုယ်တိုင်တင်ခြင်း (Upload) ပြုလုပ်သကဲ့သို့ပင် ပြင်းထန်သော ဥပဒေ ကြောင်းအရ အကျိုးဆက်များကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း Elon Musk က ပြတ်သားစွာသတိပေးလိုက်သည်။

အဆိုပါသတိပေးချက်သည် Grok AI စနစ်ဖြင့် အလုပ်လုပ်သော "Edit Image" (ဓာတ်ပုံတည်းဖြတ်ခြင်း) လုပ်ဆောင်ချက်အသစ်ကို X ပေါ်တွင် စတင်မိတ်ဆက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းလုပ်ဆောင်ချက် သည် အသုံးပြုသူများအား ရှိပြီးသားပုံများကို ပြန်လည်ပြုပြင်ပြောင်းလဲ ခွင့် ပေးထားခြင်းကြောင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အငြင်းပွား မှုများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

အထူးသဖြင့် အနုပညာရှင်များနှင့် ဖန်တီးရှင်များက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပြီး အသုံးပြုသူများစွာက X ပလက်ဖောင်းကို စွန့်ခွာ တော့မည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ ၎င်းတို့၏ အဓိကစိုးရိမ်မှုမှာ မိမိတို့၏ မူပိုင်ခွင့်ရှိသော လက်ရာများနှင့် မူရင်း အနုပညာလက်ရာများကို ပိုင်ရှင်၏သဘောတူညီချက် (သို့မဟုတ်) ထိုက်တန်သော အခကြေးငွေ ပေးချေမှု မရှိဘဲ AI က အခြားပုံစံတစ်ခုအဖြစ် ပြန်လည် အသုံးပြုနေခြင်း ကြောင့် ဖြစ်သည်။

သို့သော်လည်း အငြင်းပွားမှုများသည် မူပိုင်ခွင့်ပြဿနာများသာမကဘဲ ပိုမိုကျယ်ပြန့်လာခဲ့သည်။ အဆိုပါ AI ကိရိယာကို အသုံးပြု၍ နာမည် ကျော်ကြားသူများနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုဖြစ်စေသော ပုံရိပ်များကိုဖန်တီးခဲ့ကြသည်။ Musk ကိုယ်တိုင် ပင်လျှင် ပစ်မှတ်ထားခြင်းခံခဲ့ရပြီး ၎င်း၏ပုံကို ဘီကီနီဝတ်ထားသည့် ပုံစံမျိုး AI ဖြင့် ပြုပြင်ထားသော ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

အသုံးပြုသူအချို့သည် အဆိုပါ AI ကို အသုံးပြု၍ ကလေးသူငယ်များ၏ လှုံ့ဆော်မှုဖြစ်စေသော၊ မလျော်ကန်သော ပုံရိပ်များကို ဖန်တီးနေကြ ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အခြေအနေမှာ ပိုမိုဆိုးရွား လာခဲ့သည်။ ထိုဖြစ်ရပ်များသည် လူထု၏ ပြင်းထန်သော ပြစ်တင်ရှုတ်ချမှု များကိုဖြစ်ပေါ်စေခဲ့ပြီး လုံခြုံရေးဆိုင်ရာအားနည်းချက်များကို ဖြေရှင်း ပေးရန် Musk အပေါ် ဖိအားများအပြင်းအထန် ကျရောက်နေသည်။

X ပေါ်တွင် တင်ခဲ့သော ပိုစ့်တစ်ခု၌ Musk က တရားမဝင်သော အကြောင်း အရာများနှင့် ပတ်သက်သည့် ပလက်ဖောင်း၏စည်းမျဉ်းများသည် AI ဖြင့် ဖန်တီးထားသော အရာများအတွက်လည်း ပုံမှန်တင်နေကျ အကြောင်းအရာများကဲ့သို့ပင် တင်းကြပ်စွာ သက်ရောက်မှုရှိကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။ ၎င်းက အဆိုပါသတိပေးချက်သည် နောက်ပြောင်နေခြင်း မဟုတ်ကြောင်းကိုလည်း အလေးအနက် ပြောကြားခဲ့သည်။

"Grok ကို အသုံးပြုပြီး တရားမဝင်သည့် အကြောင်းအရာများ ဖန်တီးသူ သည် ထိုအကြောင်းအရာတွေကို ကိုယ်တိုင်တင်သည့်သူ ခံစားရမည့် ဥပဒေကြောင်းအရ အကျိုးဆက်များ အတိုင်းရင်ဆိုင်ရမှာပါ" ဟု Musk က ပြောကြားခဲ့ပြီး နည်းပညာသည် တရားမဝင် လုပ်ဆောင်မှုများအတွက် အကာအကွယ် (ဒိုင်း) တစ်ခု မဟုတ်ကြောင်း ဆိုခဲ့သည်။

X ၏ လုံခြုံရေးအဖွဲ့ (X Safety account) ကလည်း သီးခြား ထုတ်ပြန်ချက် တစ်ခုဖြင့် ထိုရပ်တည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။ ၎င်းတို့အဖွဲ့သည် တားမြစ်ထားသော အကြောင်းအရာများကို ဖော်ထုတ်ဖယ်ရှားရန် "ကြိုတင် ကာကွယ်သည့် အစီအမံများ" ကို လုပ်ဆောင်နေကြောင်းနှင့် အထူးသဖြင့် ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ် အလွဲသုံးစားလုပ်သည့် အကြောင်း အရာများကို အဓိက ပစ်မှတ်ထား ဆောင်ရွက်နေကြောင်း အတည်ပြု ခဲ့သည်။

လုံခြုံရေးအဖွဲ့၏ပြောကြားချက်အရ ပလက်ဖောင်း၏ အရေးယူ ဆောင်ရွက်မှု မဟာဗျူဟာတွင် စည်းကမ်းဖောက်ဖျက်ထားသော အကြောင်းအရာ များကို ချက်ချင်းဖယ်ရှားခြင်းနှင့် ထိုမူဝါဒများကို ချိုးဖောက်ကြောင်း တွေ့ရှိရသည့် အကောင့်များကို အပြီးအပိုင်ပိတ်သိမ်းခြင်း (Permanent Suspension) တို့ ပါဝင်သည်။

ထို့အပြင် X အနေဖြင့် ပြင်ပအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ပြည်တွင်း နှင့် နိုင်ငံတကာဥပဒေများကို တင်းကြပ်စွာ လိုက်နာကျင့်သုံးနိုင်ရေး အတွက် အစိုးရများ၊ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ပလက်ဖောင်းက ထုတ်ပြန်ထားသည်။

အဆိုပါလုပ်ဆောင်ချက်သည် X အတွက် အရေးကြီးသော အလှည့်အပြောင်း တစ်ခု ဖြစ်လာသည်။ အကြောင်းမှာ ၎င်းတို့အနေဖြင့် "လွတ်လပ်စွာ ပြောဆိုခွင့်" (Free speech) အပေါ် ထားရှိသော ကတိကဝတ်နှင့် Generative AI ကြောင့် ပေါ်ပေါက်လာသည့် ကျင့်ဝတ်ဆိုင်ရာနှင့် ဥပဒေ ဆိုင်ရာ စိန်ခေါ်မှုများကို ဟန်ချက်ညီအောင် ကြိုးပမ်းနေရခြင်းကြောင့် ဖြစ်သည်။

ကိုးကား- Bangkok Post

Photo: BBC

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂