နာဆာ၏ ဆိုက်ခီအာကာသယာဉ်က အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းခဲ့
ဝါရှင်တန် မေ ၁၈
အမေရိကန်အစိုးရ အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးအေဂျင်စီ (နာဆာ)၏ ဆိုက်ခီ အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ကြောင်း မေ ၁၇ ရက်သတင်းများအရ သိရသည်။
ဆိုက်ခီအမည်ရှိ သတ္တုဂြိုဟ်သိမ် တစ်စင်းဆီသို့ ခရီးနှင်နေသော အာကာသယာဉ်သည် ပျံသန်းရာလမ်းကြောင်းထိန်းညှိရေးအတွက် အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော် ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နာဆာ၏ သတင်းထုတ်ပြန်ချက်အရ ဆိုက်ခီအာကာသယာဉ်သည် အင်္ဂါဂြိုဟ်ကို ဂြိုဟ်မျက်နှာ ပြင်နှင့် မိုင်၂၈၀၀ အကွာမှတစ်နာရီလျှင် ၁၂၃၃၃ မိုင် အမြန်နှုန်းဖြင့် ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းသိရသည်။
အင်္ဂါဂြိုဟ်ကို အနီးကပ်ဖြတ်ကျော်ပျံသန်းချိန်တွင် ဆိုက်ခီ အာကာသယာဉ်ပေါ်ရှိ စူးစမ်းလေ့လာရေးစနစ်များက အင်္ဂါဂြိုဟ် ဘူမိလက္ခဏာများကို လေ့လာခဲ့ကြောင်း နာဆာ တာဝန်ရှိသူများက ပြောကြားသည်။
နာဆာအဖွဲ့သည် အင်္ဂါဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်ကြား ဂြိုဟ်သိမ်ခါးပတ်ကွင်းနယ်မြေအတွင်းရှိ ဆိုက်ခီသတ္တုဂြိုဟ်သိမ်ကို လေ့လာရေးအတွက် ဆိုက်ခီအာကာသယာဉ်ကို ၂၀၂၃ ခုနှစ်တွင်လွှတ်တင်ခဲ့ကြောင်း သိရသည်။
ဆိုက်ခီ အာကာသယာဉ်သည် ၂၀၂၉ ခုနှစ်တွင် ဆိုက်ခီသတ္တုဂြိုဟ်သိမ်ဆီသို့ ရောက်ရှိမည်ဖြစ်ပြီး နှစ်နှစ်ကြာ စူးစမ်းလေ့လာရေးမစ်ရှင်ကို စတင်မည်ဖြစ်ကြောင်း သိရသည်။
ရတနာပုံ
