AI နှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား တူညီသော ဘုံသဘောထားဖြစ်ပေါ်

News Image

  • AI နှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား တူညီသော ဘုံသဘောထားဖြစ်ပေါ်

သမ္မတထရမ့်၏ ပေကျင်းခရီးစဉ်အတွင်း ထွက်ပေါ်လာသည့် ထူးခြားသောဆွေးနွေးမှုများအနက်တစ်ခုမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည်တစ်နိုင်ငံနှင့်တစ်နိုင်ငံ အသာစီးရရန် အပြိုင်အဆိုင်ကြိုးပမ်းနေကြသော်လည်း ဉာဏ်ရည်တု (AI) နည်းပညာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာပင် ဖြစ်သည်။

နှစ်နိုင်ငံစလုံးသည် နည်းပညာဆန်းသစ်တီထွင်မှုကို အဟန့်အတားမဖြစ်စေဘဲ AI တိုးတက်လာမှုအပေါ် မည်ကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များ (Guardrails) ချမှတ်နိုင်မည့်အကြောင်း ဆွေးနွေးခဲ့ကြသည်ဟု ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ကြာသပတေးနေ့ (မေ ၁၄) တွင် ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှုကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပြီး မြေရှားသတ္တုများနှင့် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများကဲ့သို့သော အရေးပါသည့် ကုန်ကြမ်းနှင့်အစိတ်အပိုင်းများ တစ်ဖက်နိုင်ငံသို့မရောက်ရှိစေရန် ပိတ်ပင်တားဆီးမှုများ ဖြစ်ပေါ်လာခဲ့သည်။

AI နည်းပညာ ပိုမိုဆန်းပြားလာသည်နှင့်အမျှ ယင်း၏ သက်ရောက်မှုအပေါ် စိုးရိမ်ပူပန်မှုများက အစိုးရများနှင့် စားသုံးသူများကို မည်သို့ကာကွယ်ရမည်ဆိုသည့်အချက်အပေါ် ကမ္ဘာလုံးဆိုင်ရာဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးအချို့က AI ကြောင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်တက်လာမှု၏ အကျိုးဆက်အဖြစ် ဝန်ထမ်းအင်အားလျှော့ချမှုများရှိနေသကဲ့သို့ တရုတ်နိုင်ငံရှိ အချို့သောတရားရုံး များကလည်း ကုမ္ပဏီများအနေဖြင့် လူသားဝန်ထမ်းများနေရာတွင် AI နှင့် လုံးဝအစားထိုးခြင်းမှာ တရားမဝင်ကြောင်း ဆုံးဖြတ်ချက်များ ချမှတ် ထားကြသည်။

သို့သော်လည်း နည်းပညာလက်နက်ပြိုင်ပွဲတွင် အသာစီးရလိုသည့် နှစ်နိုင်ငံလုံး၏ ဆန္ဒကြောင့် ပူးပေါင်းဆောင်ရွက်ရေးကြိုးပမ်းမှုများမှာ အဟန့်အတားဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ဆိုကြသည်။

သမ္မတ ထရမ့်နှင့်ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီ သီတင်းပတ်အနည်းငယ်က အိမ်ဖြူတော် သိပ္ပံနှင့် နည်းပညာမူဝါဒဆိုင်ရာရုံး ညွှန်ကြားရေးမှူး Michael Kratsios က တရုတ်အဖွဲ့အစည်းများသည် အမေရိကန်၏ AI နည်းပညာများကို ခိုးယူနေကြောင်း အတွင်းရေးတင်ပြချက်တစ်ခုတွင် ရေးသားခဲ့သည်။

"အကယ်၍ AI ကို နည်းပညာပြိုင်ဆိုင်မှုရှုထောင့်တစ်ခုတည်းကနေ ကြည့်မယ်ဆိုရင် အဓိပ္ပာယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်လို့ရသေးတဲ့ တကယ်လည်း အရေးတကြီးလိုအပ်နေတဲ့ ရှားရှားပါးပါး နယ်ပယ်တစ်ခုကို နှစ်နိုင်ငံလုံးလက်လွှတ်ရပါလိမ့်မယ်" ဟု တီရှန်ဟွာ တက္ကသိုလ်၊ နိုင်ငံတကာလုံခြုံရေးနှင့် မဟာဗျူဟာစင်တာမှ ဒုတိယညွှန်ကြားရေးမှူး Xiao Qian က ရေးသားဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: The Star

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး