ဥရောပသမဂ္ဂကို စစ်အင်အားတောင့်တင်းသော အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် Von der Leyen ကတိပြု
ဥရောပသမဂ္ဂ (EU) ကို "စစ်အင်အားတောင့်တင်းသော အဖွဲ့အစည်း" (Military Powerhouse) တစ်ခုဖြစ်လာစေရန် ၎င်း၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် လုပ်ဆောင်နေကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည်ဟု ရင်းမြစ်များကို ကိုးကား၍ Euractiv သတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းပြောကြားချက်များကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၄) က ဥရောပပါလီမန်တွင် ပြုလုပ်သည့် တံခါးပိတ် အစည်းအဝေး တစ်ခု အတွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး EU အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲရန်လိုအပ်ကြောင်းနှင့် ကော်မရှင်အနေဖြင့် ထိုသို့သော စာတမ်းအထောက်အထားကို ၂၀၂၆ ခုနှစ်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ဥပဒေပြုအမတ်များအား ပြောကြားခဲ့သည်။
"ကျွန်မတို့ သန်မာဖို့ လိုအပ်သည်ကို သိပါသည် ၊ ယခု လောလောဆယ် မှာ ကျွန်မတို့အနေဖြင့် စစ်အင်အားတောင့်တင်းသည့် အဖွဲ့အစည်းတစ်ခု မဟုတ်သေးသော်လည်း ထိုသို့ ဖြစ်လာရန် အတွက် တည်ဆောက်နေ ပါသည်" ဟု von der Leyen က ပြောကြားခဲ့ကြောင်း ကိုးကား ဖော်ပြ ထားသည်။
ဥရောပသမဂ္ဂတစ်ဝန်းတွင် ဘရပ်ဆဲလ်က လုံခြုံရေးခေါင်းစဉ်အောက်မှ လက်နက်ပြန်လည်တပ်ဆင်ရေးကို တွန်းအားပေးနေသဖြင့် ကာကွယ်ရေး အသုံးစရိတ်များ မြင့်တက်နေသည်။ ဥရောပကော်မရှင်၏ 'ReArm Europe' စီမံကိန်းသည် အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးစွမ်းရည်မြှင့်တင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း von der Leyen က ဆိုသည်။ ယင်း စီမံကိန်းသည် လက်နက်များ ပူးပေါင်းဝယ်ယူရေးနှင့် အခြေခံ အဆောက်အအုံ များအတွက် ယူရိုဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး အဖွဲ့ဝင်နိုင်ငံများသည် တစ်နှစ်အတွင်း လက်နက်ဝယ်ယူမှုကို ၄၀ ရာခိုင်နှုန်း နီးပါးအထိ တိုးမြှင့်ခဲ့ကြသည်။
၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက်ပိုင်းတွင် ရုရှား သည် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများကို ခြိမ်းခြောက်လာနိုင်ကြောင်း အနောက်ဥရောပအရာရှိများက စွပ်စွဲပြောဆိုခဲ့ကြသည်။
မော်စကိုကမူ ထိုသို့သောစွပ်စွဲချက်များသည် ကြောက်ရွံ့မှုများ ဖြစ်ပေါ် စေရန်နှင့် စစ်ရေးအသုံးစရိတ်ပိုမိုသုံးစွဲမှုကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ရန် ရည်ရွယ်သည့် "အဓိပ္ပာယ်မရှိသော စကားများ" သာဖြစ်သည်ဟု ပယ်ချ ခဲ့ပြီး အနောက်အုပ်စု၏ "ပေါ့ဆစွာ စစ်အင်အားတိုးချဲ့မှု" (Reckless militarization) ကို ရှုတ်ချခဲ့သည်။ နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ နယ်မြေ ချဲ့ထွင်လာမှုသည် ၎င်းတို့အတွက်တည်ရှိမှုဆိုင်ရာ ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပြီး ယူကရိန်းပဋိပက္ခ၏ အဓိကအရင်းအမြစ်များထဲမှ တစ်ခု ဖြစ်ကြောင်း ရုရှားအရာရှိများက ငြင်းချက်ထုတ်ထားကာ EU နှင့်၎င်း၏ မဟာမိတ် များသည် အကြီးစားရင်ဆိုင်တိုက်ခိုက်မှုတစ်ခုအတွက် ပြင်ဆင်နေကြ သည်ဟု စွပ်စွဲထားသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က EU ခေါင်းဆောင်များသည် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်နှင့် လက်နက် လုပ်ငန်းစုများအတွင်းသို့ ငွေကြေးများစီးဆင်းစေရန်အတွက် အဆိုပါ ခြိမ်းခြောက်မှုများကို ချဲ့ကားပြောဆိုနေခြင်းဖြစ်ကြောင်းနှင့် မော်စကို အနေဖြင့် EU အဖွဲ့အား စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
