ဝန်ကြီးချုပ်ဟောင်း သက်ဆင် မေလတွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့်ရရှိနိုင်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာန အတည်ပြု
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ၎င်းကျခံနေရသော ထောင်ဒဏ်တစ်နှစ်၏ သုံးပုံနှစ်ပုံကိုကျခံပြီးနောက် လာမည့် ၂၀၂၆ ခုနှစ်၊ မေလတွင် ခံဝန်ဖြင့် လွတ်မြောက်ခွင့် (Parole) အတွက် စတင် အကျုံးဝင်တော့မည်ဖြစ်ကြောင်း ထိုင်းအကျဉ်းဦးစီးဌာနက ဇန်နဝါရီ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
အကျဉ်းဦးစီးဌာန၏ထုတ်ပြန်ချက်အရ သက်ဆင်သည် တရား လွှတ်တော်ချုပ် က ချမှတ်ထားသော ပြစ်ဒဏ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မှ စတင်ကျခံခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် အကျဉ်းဦးစီးဌာန အက်ဥပဒေအရ အကျဉ်းသားတစ်ဦးသည် ပြစ်ဒဏ်ကာလ၏ သုံးပုံနှစ်ပုံထက် မနည်းကျခံပြီးပါက ခံဝန်ဖြင့်လွတ်မြောက်ခွင့်အတွက် လျှောက်ထားနိုင်သည့် အရည်အချင်းနှင့် ကိုက်ညီမည်ဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ လူထုအတွင်းဝေဖန်မှုများရှိနေသော်လည်း အကျဉ်း ဦးစီးဌာနကမူ သက်ဆင်အား အထူးအခွင့်အရေးပေးမှု သို့မဟုတ်မျက်နှာသာပေးမှုမျိုး လုံးဝရှိမည်မဟုတ်ဘဲ အခြားအကျဉ်းသားများ နည်းတူ တည်ဆဲဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
စိစစ်မှုလုပ်ငန်းစဉ်များ သက်ဆင် ခံဝန်ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများအရ အကျဉ်းထောင်အဆင့် စိစစ်မှုများမှ စတင်ရမည်ဖြစ်ပြီး၊ ‘ကလောင်ပရမ်’ ဗဟိုအကျဉ်းထောင်ရှိ ခံဝန်ကော်မတီက ပဏာမစိစစ် ပြီးပါက ရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်း ကော်မတီသို့ ဆက်လက်တင်ပြကာ အကျဉ်းသား၏အပြုအမူနှင့် မှတ်တမ်းများကို သုံးသပ်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော ဆပ်ကော်မတီက အချက်အလက် များကို ထပ်မံစိစစ်ပြီးမှသာ နောက်ဆုံးအတည်ပြုချက်ကို ပေးအပ်သွားမည် ဖြစ်သည်။
တရားရေးဝန်ကြီး ရဲချုပ် Rutthaphon Naowarat ကလည်း သက်ဆင် ၏ ခံဝန်လျှောက်ထားမှုသည် ဥပဒေကြောင်းအရ ပုံမှန်လုပ်ငန်းစဉ်သာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ပြစ်မှုအမျိုးအစား၊ ထောင်တွင်း ပြုပြင်ပြောင်းလဲမှုနှင့် လူမှုပတ်ဝန်းကျင် ဘေးကင်းလုံခြုံမှုစသည့် အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားပြီးမှသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
